ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, December 19, 2015

ဒေ၀တာမြို့တော်ရောက် စာရေးဆရာမင်းလူသို့ အမှတ်တရ






27.8.2010.
“ဒီမယ်. ဆရာ ငါ့လူ”
“ဘိုလ်မျောက်ဒင်”ကို ဖတ်ပြီး ရယ်လိုက်ရတာ၊ပါးကို အောင့်လို့ …
မကျေနပ်ဘူး. ငါ့လူ!
သတ္တိရှိရင် မန္တလေးကိုတက်ခဲ့။
အုပ်စုလိုက် စောင့်နေတယ်။
ဒါဘဲ-(ဟိုဟာ ကြက်)
ငြိမ်း(ရွှေလိမ်)- နဲ့ 
အဖွဲ့ 

       အထက်ပါ စာစုလေးဟာ စာရေးဆရာမ ငြိမ်း(ရွှေလီ)က စာရေးဆရာ မင်းလူသို့  ပေးပို့ ထားတဲ့ စာလေးပါ။ကလျာမဂ္ဂဇင်းပါ ဆရာမင်းလူရဲ့ "ဗိုလ်မျောက်ဒင်" ကို ဖတ်ပြီး သဘောကျနှစ်သက်လို့  တကူးတက ရေးထားခြင်း ဖြစ်တယ်လို့  ယူဆရပါတယ်။မူရင်းလက်ရေးကို ဖတ်ရှုချင်ရင်
"သို့ ...မင်းလူ ဒေ၀တာမြို့ တော်" ဆိုတဲ့ ဆရာ့ရဲ့ စာရေးဖော်များ၊ငယ်သူငယ်ချင်းများ၊ စာဖတ်ပရိသတ်များ ရေးသားထားတဲ့ ဆရာမင်းလူ အမှတ်တရ စာအုပ်လေးကို ၀ယ်ယူဖတ်ရှုနိုင်ပါတယ်။
@@@@@
    ၂၀၁၃ခုနစ် သြဂုတ်လ ၁၄ရက်နေ့  ညဆယ့်တစ်နာရီခွဲအချိန်မှာ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ရှာတဲ့ စာရေးဆရာမင်းလူအတွက် အမှတ်တရတစ်ခုအနေနဲ့  ၂၀၁၄ခုနစ်၊အောက်တိုဘာလဆန်းမှာ စာအုပ်လေးတစ်အုပ် ထုတ်ဝေပေးလိုက်ပါပြီ။စာရေးဆရာမင်းလူအတွက် ကလောင်စုံ ရေးသားထားကြီးတဲ့ "သို့ ...မင်းလူ ဒေ၀တာမြို့ တော်" လို့  အမည်ရှိတဲ့ စာအုပ်လေးပါ။ဒီစာအုပ်လေးကို ဆရာတို့ မိသားစုပိုင် "သူရဲကောင်းလေးယောက်" စာအုပ်တိုက်ကနေ ထုတ်ဝေပေးထားပါတယ်။စာအုပ်တန်ဖိုး ၃၅၀၀ကျပ်ဖြစ်ပြီး မျက်နှာဖုံးပန်းချီကိုတော့ ဆရာ့ရဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်၊ဆရာ့ရဲ့ ပထမဦးဆုံး လုံးချင်းဝတ္ထု "ပန်းကျောင်း"ကို မျက်နှာဖုံးပန်းချီ ရေးဆွဲပေးတဲ့ ပန်းချီဆရာလည်း ဖြစ်တဲ့ ပန်းချီဆရာ မျိုးမြင့်က ဒီစာအုပ်လေးကို ပန်းချီသရုပ်ဖော် ရေးဆွဲပေးထားပါတယ်။ငယ်သူငယ်ချင်း ပန်းချီဆရာမျိုးမြင့်ရဲ့ အပြောအရ ဆရာမင်းလူဟာ သဘာဝကျကျ ဟာသလေးတွေ ရေးနေပေမယ့် ရယ်လိုက်ပြုံးလိုက်ပြန်ရင်လည်း ခနဲ့သလိုလို ရွဲ့သလိုလို မဲ့ပြုံးနဲ့  ပြုံးတတ်တဲ့ သူတစ်ဦးပါ။ ဆရာမင်းလူရဲ့ ရှိပြီးသား ဓာတ်ပုံတွေထဲက အကြည်လင်ဆုံး အသန့် စင်ဆုံး ဓာတ်ပုံကိုရွေးပြီး ပန်းချီသရုပ်ဖော်အဖြစ် ဆွဲထားပေးတယ်လို့  သိရှိထားရပါတယ်။နောက်ကျောဖုံးမှာ ပါတဲ့ စာသားတွေကတော့ ဆရာမင်းလူမဆုံးခင်က စာအုပ်တစ်အုပ်ထဲမှာ "သူ့ ဘ၀ကို သူကျေနပ်ကြောင်း" ရေးသားထားတဲ့ စာသားလေးကို အမှတ်တရအနေနဲ့  ထည့်သွင်းပေးထားပါတယ်။ဒါ့အပြင် စာပေဟောပြောပွဲ သိပ်မလိုက်ဖြစ်တဲ့ ဆရာမင်းလူရဲ့ ၂၀၁၀ခုနစ် မန္တလေးဆေးတက္ကသိုလ်မှာ ကိုယ်တိုင်ဟောပြောခဲ့တဲ့ အသံဖိုင်ကို စီဒီအနေနဲ့ လည်း မေတ္တာလက်ဆောင်အနေနဲ့  စာအုပ်ထဲမှာ ထည့်သွင်းထားပေးပါသေးတယ်။

    ဆရာမင်းလူ အမှတ်တရ ဒီစာအုပ်လေးထဲမှာ ရေးဖော်ရေးဖက်များ၊သူငယ်ချင်းများ၊ ဆွေမျိုးမိသားစုများ၊ပရိသတ်များ ဆိုပြီး အပိုင်းလေးပိုင်း ခွဲခြားထားပါတယ်။ကလောင်ပေါင်း ၅၂ဦး ရေးသားထားပြီး စာမျက်နှာပေါင်း ၃၇၂မျက်နှာ ပါရှိပါတယ်။စာအုပ်ခေါင်းစဉ်ထဲမှာ ပါတဲ့ "ဒေ၀တာမြို့ တော်" ဆိုတာ ဆရာမင်းလူကိုယ်တိုင် ကွယ်လွန်ပြီးသား စာရေးဆရာတွေကို ဒေ၀တာမြို့ တော်လို့  အမည်ရှိတဲ့ နတ်ပြည်ထဲမှာ ဇာတ်အိမ်တည်ပြီး ရေးသားထားခြင်းပါ။ဒါ့အပြင် ဆရာ့ရဲ့ ငယ်ဘ၀ကနေ စပြီး မဆုံးခင် အချိန်အထိ ရိုက်ကူးထားခဲ့တဲ့ ဆရာ့ဓာတ်ပုံလေးတွေအပြင် ဆရာ့ဆွေမျိုး မိသားစုဝင်များ၊ဆရာ့ငယ်သူငယ်ချင်းများနဲ့  ဆရာ့စာရေးဖော်ရေးဖက်များရဲ့ အမှတ်တရဓာတ်ပုံလေးတွေကိုလည်း အလွမ်းပြေ ကြည့်ရှုခွင့် ရကြမှာပါ။
                                   @@@@@
    “သို့ …မင်းလူ ဒေ၀တာမြို့ တော်” စာအုပ်ထဲမှာ ဆရာမင်းလူနဲ့ ပတ်သက်ပြီး မသိထားရသေးတဲ့ အကြောင်းအရာကိုလည်း သိလာရပါတယ်။အားလုံးသိထားကြတဲ့အတိုင်း အမည်ရင်း ဥာဏ်ပေါ် လို့  ခေါ်ဆိုကြတဲ့ စာရေးဆရာ မင်းလူကို အမိဒေါ်ခင်ညိုနဲ့ အဖ စာရေးဆရာ ဒါရိုက်တာ ဦးသာဓုတို့ မှ ၁၉၅၄ မေလ ၁၈ရက်နေ့ မှာ မွေးဖွားခဲ့ပါတယ်။ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏ၊စာရေးဆရာ သရုပ်ဆောင် ဦးသုမောင်၊မောင်ရူပတို့ ဟာ ဆရာမင်းလူရဲ့ အစ်ကိုရင်းတွေပါ။သားလေးဦးထဲက အငြိမ်ဆုံး၊အအေးဆုံး၊အထွေးဆုံးဖြစ်တဲ့ စာရေးဆရာမင်းလူဟာ အဖဖြစ်သူ ဦးသာဓုနဲ့  ရုပ်ချင်း အဆင်တူဆုံး သားတစ်ဦးဖြစ်ပါတယ်။ရှစ်တန်းကျောင်းသားဘ၀က ဆရာဟာ ကျောင်းရဲ့  လက်ရွေးစင် ဂိုးသမားအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ဆရာမင်းလူဟာ ဆယ်တန်းအောင်လို့  အမှတ်မီခဲ့ရင် ဗိသုကာ(စက်မှုတက္ကသိုလ်)တက်ဖို့  ရည်ရွယ်ခဲ့သူပါ။ဒါပေမဲ့ အမှတ်မမီခဲ့ပါဘူး။ဒါ့ကြောင့် ဒဿနဗေဒဘာသာ အထူးပြုနဲ့ ပဲ တက္ကသိုလ်တက်ခဲ့ရပါတယ်။ ၁၉၇၄ ဒီဇင်ဘာလ တက္ကသိုလ်ကျောင်းသားဘ၀က ဦးသန့် အရေးအခင်းမှာ ပါဝင်ခဲ့ခြင်းကြောင့် ထောင်ကျခံခဲ့ရပါတယ်။နောက်ထပ်တစ်ကြိမ် ထောင်ကျတာကတော့ ၁၉၉၀ စက်တင်ဘာလဆန်းမှာပါ။”ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ကဗျာစီးရီးကြောင့် ကဗျာရေးသူ ဆရာမင်းလူအပါအ၀င် စီစဉ်သူ ဆရာ ဦးမျိုးမြင့်ညိမ်း နဲ့  ဖြန့် ချိသူ ဦးစိန်လှိုင်(သုံးရောင်ခြည်)တို့  သုံးဦးစလုံး အဖမ်းခံရပါတယ်။
       တက္ကသိုလ်ကျောင်းသားဘ၀ကတည်းက ဆရာဟာ သူငယ်ချင်းတွေနဲ့ စုပြီး
လက်ကမ်းကဗျာစာအုပ်လေးတွေ စုထုတ်ဖူးပါတယ်။ဒီ “သို့ …မင်းလူ ဒေ၀တာမြို့တော် ” စာအုပ်ထဲမှာ ပါဝင်တဲ့ စာရေးဆရာတချို့ ဆိုစတိတ်ကျောင်းသားဘ၀ကတည်းက ဆရာမင်းလူရဲ စာဖတ်ပရိသတ် ဖြစ်ခဲ့ကြဖူးပါတယ်။ဆရာ စာစရေးစဉ်တုန်းကတော့ စတိတ်ကျောင်းသားဘ၀နောက်ခံ လုံးချင်းဝတ္ထုနဲ့ 
တက္ကသိုလ်နောက်ခံ လုံးချင်းဝတ္ထုတွေ အရေးများပါတယ်။နောက်ပိုင်းမှာ satire(စတိုင်ယာ)လို့  ခေါ်တဲ့ လူရေးနည်းတဲ့ သရော်စာလေးတွေ ပိုရေးဖြစ်ခဲ့ပါတယ်။စာရေးဆရာတွေကို ဇာတ်ကောင်လုပ်ပြီး ရေးသားထားတဲ့ ၀တ္ထုတိုလေးတွေကတော့ စာရေးဆရာကြီးငယ်တွေကြားမှာ ပိုမိုပျံ့နှံ့ ခဲ့ပါတယ်။
       ဆရာမင်းလူရဲ့  စာတွေထဲမှာ ရယ်စရာမောစရာလေးတွေ ပါဝင်ပေမယ့် ဆရာ့ရဲ့ အပြင်စရိုက်ကတော့ စာတွေထဲကနဲ့  တခြားစီပါ။ဆရာဟာ ရူတည်တည်နေတတ်ပြီး ပြုံးပြန်ရင်လည်း မဲ့ပြုံးထေ့ပြုံးနဲ့ သာ ပြုံးတတ်သူရယ်လို့  ရင်းနှီးသူများက ဆိုထားကြပါတယ်။လွယ်အိတ်ကို ပခုံးထက်မှာ မချတမ်း လွယ်ထားတတ်သလို ဆေးလိပ်(ဂျက်ကမ္ဘာ ဆေးပေါ့လိပ်)ကိုလည်း လက်ကြားညှပ်ပြီး လက်ကမချတမ်း ဖွာရှိုက်တတ်သူပါ။ဒါ့အပြင် ဆရာဟာ ညဘက်တွေမှာ စာဖတ်စာရေးတတ်ပြီး မွန်းလွဲတစ်နာရီ နှစ်နာရီကျမှပဲ အိပ်ရာထတတ်သူပါ။ညနေခင်း လေးနာရီ၊ငါးနာရီလောက်မှာ ဆရာ့အစ်ကို (ဦး)ရူပ ဖွင့်လှစ်ထားတဲ့ “ရွှေကြေးစည်” လက်ဖက်ရည်ဆိုင်မှာ အပေါင်းအသင်းနဲ့ ပဲ ဖြစ်ဖြစ် ၊တစ်ယောက်တည်းပဲ ဖြစ်ဖြစ် ထိုင်နေတတ်ပါတယ်။
     ဆရာမင်းလူဟာ စာပေဟောပြောပွဲနဲ့ စာနယ်ဇင်းပွဲတွေကို ရှောင်ရှားလေ့ရှိပြီး စာနယ်ဇင်းပွဲ (သို့ မဟုတ်)လလည်နှစ်လည် ဆွမ်းကျွေးပွဲ တက်ဖြစ်ရင်လည်း သူ့ ရဲ့ စာပေမိတ်ဆွေတွေထဲက တစ်စုံတစ်ဦးကို အသာလက်တို့ ပြီး သူ့ ထုံးစံအတိုင်း (စုံထောက် မောင်စံရှားလို) အထူးလျှို့ ဝှက်လုပ်ငန်းပုံစံနဲ့  လွယ်နေကျ လွယ်အိတ်ထဲမှာ ၀ှက်ထားတဲ့ သူ့ စာအုပ်(ဒါမှမဟုတ်) သူ့ အစ်ကိုစာအုပ် တစ်အုပ်အုပ်ကို ပေးတတ်ပါတယ်။စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ အရေးအသားတွေကို အလွတ်နီးပါးရဟန် တူတဲ့ ဆရာ မင်းလူဟာ ဆရာကြီး ရွှေဥဒေါင်းရဲ့  ဇာတ်ကောင် စုံထောက်မောင်စံရှားလို  ပြုမူခြင်းပဲ ဖြစ်ပါတယ်။ဆရာမင်းလူရဲ့ ကဗျာစာအုပ်ခေါင်းစဉ် “အချစ်လားဟေ့ ၀င်ခဲ့လေကွယ်” ဟာ ဆရာကြီး ရွှေဥဒေါင်း ရေးသားထားတဲ့ “မောင်စံရှားလာဟေ့၊ ၀င်ခဲ့လေကွယ် ” စာသားလေးကို အခြေခံထားတယ်လို့  သိရှိထားရပါသေးတယ်။

      ဆရာကွယ်လွန်ပြီးမှ ထုတ်ဝေဖြစ်ခဲ့တဲ့ ဆရာ့ရဲ့ “တစ်ကိုယ်တော်မဂ္ဂဇင်း” စာအုပ်လေးဟာ ဆရာ မကွယ်လွန်သေးခင်ကတည်းက စီစဉ်ခဲ့တဲ့ စာအုပ်လေးတစ်အုပ်ပါ။စာဖတ်ပရိသတ်များရဲ့ အားပေးမှုကြောင့် အုပ်ရေ ခုနစ်ထောင်ကျော် ရောင်းချခံရတဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။
      စာရေးဆရာ မင်းလူအကြောင်းကို ဒီ့ထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ စာရေးသူ ငါးဆယ့်နှစ်ဦး အမှတ်တရ ရေးသားထားကြတဲ့  “သို့ …မင်းလူ ဒေ၀တာမြို့ တော်” စာအုပ်လေးကို ၀ယ်ယူဖတ်ရှုကြည့်နိုင်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာ တချို့ ကို ဇာတ်ကောင်လုပ်ပြီး ကယ်ရီကေးချားဆန်ဆန် ရေးသားတတ်တဲ့ ဆရာမင်းလူကို စာအုပ်ထဲမှာပါတဲ့ စာရေးဆရာ တချို့ က ဆရာမင်းလူကို တဖန် ကယ်ရီကေးချားဇာတ်ကောင်လုပ်ပြီး ရေးသားထားတဲ့ ၀တ္ထုတိုလေးတွေကိုလည်း ထူးထူးခြားခြား ဖတ်ရှုကြရမှာပါ။ဒီစာအုပ်ထဲမှာ မပါဝင်ပေမယ့် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာထဲမှာ အမှတ်တမဲ့ ဖတ်ရှုခဲ့မိတဲ့ ဆရာ့သမီးကြီး “သူမ” ရေးသားထားတဲ့ ကွန်မန့် လေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ဆရာမင်းလူ စာပေလောကထဲ စ၀င်စဉ်အချိန်မှာ စာရေးဆရာမ မစန္ဒာရဲ့ စာဖတ်ပရိသတ်တွေက “မင်းလူ” ဆိုတာ စာရေးဆရာမ မစန္ဒာရဲ့ ကလောင်ခွဲများလားလို့  ထင်မှတ်မှားကြတဲ့ အကြောင်းပါ။အခုအချိန်မှာတော့ ဆရာမင်းလူဟာ ကိုယ်ပိုင်ဟန် အရေးအသားနဲ့  ရပ်တည်နိုင်တဲ့၊စာဖတ်ပရိသတ်များ အားပေးမှု များပြားလှတဲ့ စာရေးဆရာတစ်ဦး ဖြစ်လာပါပြီ။စာရေးဆရာ မင်းလူ ကွယ်လွန်သွားခဲ့ပေမယ့် ဆရာ့ရဲ့ စာပေအမွေကိုတော့ ဆရာ့သမီး နှစ်ဦးအနက် သမီးငယ်ဖြစ်တဲ့ စာရေးဆရာမ “ယုယ” က စာပေအမွေကို ဆက်လက်ဆက်ခံသွားမှာပါ။ ဆရာမင်းလူကို ချစ်ခင်အားပေးကြတဲ့ ဆရာ့ရဲ့ စာဖတ်ပရိသတ်များအနေနဲ့  ဆရာ့မိသားစုပိုင် “သူရဲကောင်းလေးယောက် စာအုပ်တိုက်” က ထုတ်ဝေလိုက်တဲ့ “သို့ …မင်းလူ ဒေ၀တာမြို့ တော်” စာအုပ်လေးကို ၀ယ်ယူအားပေးကြစေချင်ပါတယ်။ဆရာမင်းလူရဲ့ ထုတ်ဝေဖို့  ကျန်ခဲ့တဲ့ စာအုပ်တစ်အုပ်ကတော့ “မင်းကိုဥာဏ်” ကလောင်ခွဲနဲ့  ဆရာမင်းလူကိုယ်တိုင် teen (ဖူးငုံဆယ်ကျော်သက်)မဂ္ဂဇင်းမှာ “ဖတ်ကြည့်ပါ”
ကဏ္ဍအတွက် စာအုပ်အညွှန်း ရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်ပါ။မကြာမီ ဆရာ့စာဖတ်ပရိသတ် လက်ထဲသို့  အချိန်မီ ရောက်ရှိလာပါလိမ့်မယ်လို့  သတင်းပေး လက်တို့ ပေးလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့  ပြောကြားလိုတာကတော့ ဒေ၀တာမြို့ တော်မှာ ဆရာမင်းလူတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျား…။  

                                                                                        ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                                       ၂၀၁၄ခုနစ်၊ဒီဇင်ဘာလထုတ်
                                                                                      ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း



No comments:

Post a Comment