ဖေဖေ့ဆီမှာ
ကင်ဆာရောဂါ စွဲကပ်နေပြီတဲ့လား။ ကြားစတုန်းကတော့ ဖေဖေ
နေပြန်ကောင်းသွားမှာပါလို့ သာ ကိုယ် ခပ်ဖော့ဖော့လေး တွေးနေမိခဲ့တယ်။ခုတော့
ကိုယ်ထင်ထားတာထက်တောင် အခြေအနေတွေ ပိုဆိုးလာပြီလေ။
....................
နှာခေါင်းထဲမှာ
အောက်ဆီဂျင်ပိုက်တပ်ထားတဲ့ ဖေဖေ့ကို ကိုယ် ငေးကြည့်ရင်း အသက်ရှူရတာ
မွန်းကျပ်လွန်းလှပါပြီ။ဖေဖေ ပြောခဲ့ဖူးတဲ့ စကားကို ပြန်ကြားယောင်မိတော့
"ဖွဟဲ့...လွဲပါစေ" လို့ သာ ကိုယ်ဆုတောင်းနေမိတော့တယ်။
ဒီတုန်းက
ဇာတ်သိမ်းပိုင်းကို အသံသွင်းထားဖို့  ကိုယ် ဖေဖေ့ကို
ပြောခဲ့ဖူးတယ်။ဖေဖေ့ခြေဖျားထဲက သဲမှုန်လေး တစ်စလောက်တောင် လိုက်မမီသေးတဲ့
ကိုယ့်ကို ဒီဇာတ်သိမ်းပိုင်းရေးဖို့  ဘာလို့ များ
ဖေဖေတိုက်တွန်းနေခဲ့ပါလိမ့်။ဘုရား ဘုရား။ဖေဖေခများ သူ့ ကိုယ်သူ သေလူအဖြစ်
သတ်မှတ်ထားလို့  များလား။ဖေဖေ့ကို ဘယ်လိုနည်းနဲ့  နှစ်သိမ့်အားပေးရပါ့။
.........................
ဖေဖေ
တစ်နေ့ တခြား ပိန်လိန်လာခဲ့ပါပြီ။ဖေဖေ့ကို ငေးကြည့်ရင်း ထောင်ထွက်ခါစက
အဖြစ်အပျက်လေးကို သတိရလာမိတယ်။အဲဒီတုန်းက ကလေးသဘာဝအလျောက် ထောင်ထွက်ခါစ
ဖေဖေ့ကို ကြည့်ပြီး "အဖေ နိုင်ငံခြားမှာ အစားကောင်းတွေ မစားဖြစ်ဘူးလားဟင်း"
လို့  ကိုယ်ပြောခဲ့ဖူးတာလေးကိုလည်း အမှတ်ရလာမိတယ်။
ဒီတုန်းက
ဖေဖေ ကိုယ့်ခေါင်းကို ဖွရင်း အားရပါးရ ပြုံးပြခဲ့တယ်လေ။ဖေဖေဟာ သူ့ အဖေရဲ့
စာပေအမွေကို ရရှိထားတဲ့ သားငယ်တစ်ဦး။မိသားစုစီးပွားရေးကို
စာပေရေးသားခြင်းနဲ့ 
ပခုံးထမ်းပေးတဲ့သူ။စာပေရေးသားခြင်း၊ဇာတ်ညွှန်းရေးသားခြင်းဖြင့်
ဘ၀ရပ်တည်ခဲ့တဲ့ ဖေဖေဟာ အစိုးရကို ပြက်ရယ်ပြုထားတဲ့ ကဗျာတစ်ပုဒ်ကြောင့်
ထောင်ကျခံခဲ့ရပါတယ်။အဲဒီတုန်းက စာရေးဆရာမှန်ရင် ထောင်နန်းစံဖူးရမယ်လို
့လည်း ပြောစမှတ် ရှိခဲ့ဖူးပါတယ်။
ဖေဖေ
ထောင်ကျစဉ်တုန်းက မေမေ ဖေဖေ့ကို သတိရမိချိန်တိုင်း ကိုယ် ဖေဖေနဲ့ 
တူတာပဲလို့  ဆိုတတ်လေ့ ရှိခဲ့တယ်။ကိုယ့်ကိုယ်ကိုလည်း ဖေဖေ့လို
မပိန်တာကလွဲရင် ဖေဖေနဲ့  ရုပ်ချင်း ဆင်တူနေတယ်လို့ လည်း
ထင်မိပါတယ်။ဒါ့အပြင် ဖေဖေ့သမီးပီသစွာ မဂ္ဂဇင်းတွေထဲမှာ ကိုယ့်စာမူတွေ
ခပ်ကျဲကျဲလေး ရေးဖြစ်နေပြီလေ။ဖေဖေကတော့ သူ့ သမီး စာရေးဆရာမကြီး
ဖြစ်နေပါပြီလို့ လည်း ကြံဖန်ဂုဏ်ယူတတ်သေးတာပဲလေ။ကိုယ်ဟာ ဖေဖေ့လို
စာရေးကောင်းသူ တစ်ယောက် မဟုတ်မှန်း သိထားပေမယ့် ဖေဖေ့ဆီက စာပေသွေးတွေ
ကိုယ့်ဆီမှာ စီးဆင်းနေမိတဲ့အတွက်ကြောင့် ကံကြမ္မာကိုတော့ ကျေးဇူးတင်မိပါတယ်။
.................................
အိပ်ပျော်နေတဲ့
ဖေဖေ့ဘေးမှာ တရားခွေလေး ဖွင့်ထားပေးရင်း ကိုယ် ဖေဖေ့ကို
လူနာစောင့်ပေးဖြစ်တယ်။အခုအချိန်မှာတော့ ကျခဲ့ရတဲ့ မျက်ရည်မိုးတွေလည်း
ခန်းခြောက်လုပါပြီ။ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကိုယ် သေမင်းနဲ့ 
စစ်ခင်းပြီး ဖေဖေ့ရဲ့ အသက်ကို လုယူချင်ပါသေးတယ်။သမီးရဲ့လက်ကို
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပေးပါ ဖေဖေရယ်။ပင်ပန်းနွမ်းနယ်ထားတဲ့ လက်မို့ 
ဖေဖေ့လက်ကို သမီး မြဲမြံအောင် မဆုပ်ကိုင်နိုင်မှာကိုပဲ သမီး
စိုးရိမ်နေရတာပါ ဖေဖေ။
.....................
ခုတလော ဖေဖေ လန်းဆန်းလာသလိုပါပဲ။ကိုယ်နဲ့ အတူ စကားပြောဆို နိုင်ပြီလို့ လေ။
"ဖေဖေ ဘာစာတွေ ဖတ်ချင်လဲ၊သမီး ဖတ်ပြပေးမယ်လေ"
ဖေဖေက ပြုံးယောင်သမ်းပြီး ကိုယ့်ကို ခေါင်းခါပြတယ်။
"စာအုပ်နဲ့  ဖတ်ရမှ ဖေဖေ ကျေနပ်တာပါ သမီးရယ်"
လို
့လည်း ဖေဖေ ပြောလာပါတယ်။ငယ်ငယ်တုန်းက ရသစာပေနဲ့  ပတ်သက်လာရင်
ကိုယ်မေးလာသမျှ မွေးခွန်းတိုင်း ဖေဖေ မညည်းမညူ ဖြေပေးခဲ့တာကို သတိရလာမိတော့
ကိုယ့်ရင်ထဲ ကြည်နူးလာမိပြန်ပါတယ်။ဖေဖေက ဘယ်စာရေးဆရာက ဘယ်လို
အရေးအသားကောင်းတာ၊ ဘယ်စာရေးဆရာမရဲ့ ရေးဟန်က ဘယ်လို ဆိုပြီးတော့လည်း
ကိုယ့်ကို စိတ်ရှည်လက်ရှည်နဲ့  ရှင်းပြတတ်တယ်လေ။ဖေဖေ တဖွဖွ ဖတ်ခိုင်းတတ်တဲ့
စာအုပ်ကတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ "စုံထောက်မောင်စံရှား"
ဝတ္ထုတွေကိုပါ။စကားပြေအရေးအသားနဲ့  စဉ်းစားတွေးခေါ်မှုတွေ ကောင်းလာမယ် ဆိုပြီး
ဖေဖေ အမြဲလိုလို ညွှန်းနေကျ။ဖေဖေ ညွှန်းတတ်တဲ့ စာအုပ်လေးတွေကို
ဖတ်ဖြစ်တိုင်းလည်း တစ်ခုခုတော့ ရတာချေပါပဲလေ။ဒါပေမဲ့ ကိုယ့်ကို စာ
ဘယ်လိုရေး ဘယ်လိုရေး ဆိုပြီး ကြပ်မတ်တာမျိုးတော့ ဖေဖေတစ်ခါမှ
မလုပ်ဖူးပါဘူး။ မဂ္ဂဇင်းတွေထဲက ဖေဖေ့စာအုပ်သုံးသပ်ချက်လေးတွေကို
ဖတ်ဖြစ်တိုင်း ကိုယ်နည်းနာ ယူတတ်လာခဲ့ပြီလေ။
............................
မျှော်လင့်ချက်တွေ ရောင်နီသမ်းခါမှ မထင်မှတ်ထားတဲ့ ကြမ္မာဆိုးတွေက ကိုယ့်ဆီ ၀င်လာပါပြီလေ။
လွန်ခဲ့တဲ့
နှစ်ရက်လောက်က ဖေဖေအိပ်ပျော်နေတုန်း ကိုယ်တို့ ဆီ လူနာလာမေးတဲ့ စာရေးဖော်
အစ်မတစ်ယောက်နဲ့ အတူ စကားတွေ ဖောင်ဖွဲ့ မတတ် ပြောဆိုဖြစ်ပါတယ်။ဖေဖေ
နိုးလာတော့ စာရေးဖော်အစ်မက ဖေဖေ့ကို ကြည့်ရတာ လန်းဆန်းလာသလိုပါပဲလို့ လည်း
မှတ်ချက်ပြုခဲ့ပါသေးတယ်။ဖေဖေကတော့ ကိုယ်တို့ နှစ်ယောက်ကို ကြည့်ပြီး
"ဆက်ရက်မလေးတွေ....စကားတယ်များ ကြတယ်ကော"
ဆိုပြီး ထောပနာ ပြုခဲ့ပါသေးတယ်။ကိုယ်တို့ နှစ်ယောက်ကတော့ သဘောတကျနဲ့  တဟားဟား ရယ်မောမိကြလို့  ။
"ဖေဖေ ကျန်းမာလာရင် သမီးတို့  ခရီးသွားကြရအောင်နော်"
လို့  ကိုယ်ပြောတော့ ဖေဖေက အားရပါးရ ခေါင်းညိတ်ရှာတယ်လေ။
..........................
အခုတော့
နှာခေါင်းထဲမှာ အောက်ဆီဂျင်ပိုက်တပ်ထားတဲ့ ဖေဖေ့ကို ငေးကြည့်ရင်း
ကိုယ်အသက်ရှုရတာ မွန်းကျပ်လွန်းလှပါပြီ။ဖေဖေ့ကို နေ့ မအား ညမအား
လူနာစောင့်နေရတဲ့အတွက်လည်း ကိုယ် ပင်ပန်းနွမ်းနယ်လှပါပြီလေ။ဒါ့ကြောင့်
အမေ့ကို ခဏစောင့်ခိုင်းထားပြီး အိမ်ပြန်ရေမိုးချိုးကာ တရေးတမော
အိပ်စက်ပစ်လိုက်ပါတယ်။ကိုယ် အိပ်ရာနိုးလာတော့ ပြတင်းပေါက်ဘောင်မှာ
ချိတ်ဆွဲထားတဲ့ စံပယ်ပန်းကုံးလေးလည်း အခုတော့ ညှိုးနွမ်းလို့ ။လေတိုက်ရင်
အခန်းထဲထိ ရနံ့ သင်းပံျ့လာအောင်လို့  ဖေဖေ စံပယ်ပန်းကုံးလေးတွေ
ဝယ်လာပေးတတ်သလို ကိုယ်တို့ လည်း ဖေဖေ့အခန်း ပြတင်းပေါက်မှာ ချိတ်ဆွဲဖို့ 
စံပယ်ပန်းကုံးလေးတွေ တန်ပြန် ၀ယ်ပေးတတ်ပါတယ်။ခုတော့ ကိုယ့်အခန်းဘေးက
ဖေဖေ့အခန်းလည်း ခြောက်ကပ်ဆိတ်သုန်နေလေပြီး။တွေးရင်းတောရင်းနဲ့  မျက်ဝန်းထဲက
မျက်ရည်မိုးတွေ စီးကျလို့  လာပြီလေ။ဒီမျက်ရည်လည်း ဖေဖေ့ရောဂါအကြောင်း
သိခဲ့ရတဲ့ အချိန်မှစပြီး အဆက်မပြတ်တမ်း စီးကျတတ်လာခဲ့ပြီပဲလေ။
................................
စာပွဲပေါ်က
နှင်းဆီပန်းလေးတွေ လန်းဆန်းနေသလောက် ခုတင်ပေါ်က ဖေဖေကျတော့ ဆရာဝန်တွေရဲ့
အသက်လုပွဲအောက်မှာ မျှော့မျှော့လေးသာ ကျန်ပါတော့တယ်။ကိုယ်မရှိတုန်း ဖေဖေ
ရုတ်တရက် သွေးပေါင်ကျတော့ မေမေခများ ဆရာဝန်တွေကို ပြေးခေါ်ခဲ့ရတယ်လေ။ဆရာဝန်က
အသက်ရှင်ဖို့  ရာခိုင်နှုန်း နည်းတဲ့အကြောင်း ပြောတော့ လူကို
ကိုင်ပေါက်ပစ်လိုက်သလို ကိုယ်နူးတွေ နွမ်းခွေလာမိတယ်။
ဖေဖေ
ကွယ်လွန်သွားခဲ့ပြီလို့  သိရတဲ့အခိုက် ရက်ဆက် ငိုခဲ့ရဖူးတဲ့
မျက်ရည်မိုးတွေလည်း ကျချင်နေမိပြီ။ကိုယ့် ရင်ဘတ်ထဲကိုအုံလိုက်ကျင်းလိုက်
တင်းကျပ်ပိတ်ဆို့ ထားသလို ခံစားနေရပြီလေ။အမေ့ရဲ့ ငိုရှိုက်သံတွေကြားမှာ
ကိုယ့် မျက်ရည်တွေ ပြိုကျချင်လုပြီ။ဖေဖေ့ရှေ့ မှာ မငိုမိဖို့  အားတင်းရင်း
အခန်းအပြင်ဘက်ကို ထွက်ပြီး ကိုယ် အားရပါးရ ငိုးကြွေးပစ်လိုက်တော့တယ်။
.............................
ဖေဖေ
ဆုံးခဲ့တာ တစ်လကျော်ခဲ့ပြီး ဖြစ်ပေမယ့် ဖေဖေ့ကို သတိရနေတဲ့ စိတ်က ရင်နဲ
့အမျှ။ဖေဖေ့အကြောင်းကို ကိုယ် စာတစ်ပုဒ်အဖြစ် ချရေးလိုက်တော့
ကိုယ်မျက်ရည်တွေ စာရွက်ပေါ် သွန်ကျလို့ ။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဟာ
ဖေဖေ့သမီးမို့ လို့  ဖေဖေ့လိုပဲ အသက်ထက်ဆုံး ဒီကလောင်တံကို ကိုင်ဆွဲပြီး
ဖေဖေ့ရဲ့ စာပေအမွေကို ကိုယ် ထမ်းရွက်သွားမှာပါ။တစ်နေ့ နေ့ 
တစ်ချိန်ချိန်ကျရင် လူတွေ ဖေဖေ့ကို မေ့သွားချင် မေ့သွားကြပေမယ့် သမီးတို
့ရဲ့ အရေးကိစ္စတိုင်းမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ဖူးတဲ့ ဖေဖေ့ကိုတော့
သမီးတို့  အမြဲ သတိရနေမှာပါ ဖေဖေရယ်။
ဖေဖေ ကောင်းရာသုဂတိ လားပါစေ။
ထော်ဦး(ဘားအံကွန်ပျူတာ)
၂၀၁၅၊ဖေဖော်ဝါရီ
မဟေသီမဂ္ဂဇင်း
၂၀၁၅၊ဖေဖော်ဝါရီ
မဟေသီမဂ္ဂဇင်း
No comments:
Post a Comment