ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, November 20, 2015

ဖေ့စ်ဘွတ်သြဇာလွှမ်းမိုးမှုအကြောင်း မရေးမကောင်း


     ကမ္ဘာနဲ့ အ၀န်း အသုံးပြုကြတဲ့ ဆိုရှယ်လူမှုကွန်ယက်တွေထဲမှ တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ဟာ ၂၀၁၅ခုနစ်၊သြဂုတ်လ ၂၄ရက် တစ်ရက်တည်းမှာ တစ်ကမ္ဘာလုံးအနေနဲ့  သုံးစွဲသူစုစုပေါင်း သန်းတစ်ထောင်ခန့်  ပြည့်သွားခဲ့ပါပြီ။အခုတင်ပြတဲ့ ကိန်းဂဏန်းကို ကြည့်ချင်အားဖြင့် ဖေ့စ်ဘွတ်ရဲ့ သြဇာလွှမ်းမိုးမှုကို မြင်တွေ့ နိုင်ပါတယ်။မြန်မာနိုင်ငံမှာတော့ ဖေ့စ်ဘွတ်သုံးစွဲသူ စုစုပေါင်း
သိန်းနှစ်ဆယ်ကျော် ရှိနိုင်ပြီး ဒီ့ထက်
တိုးတက်လာနိုင်မယ့် အလားအလာတွေ ရှိမယ်လို့  ယူဆနိုင်ပါတယ်။
     ဖေ့စ်ဘွတ်ရဲ့ မြစ်ဖျားခံရာကို လေ့လာကြည့်တဲ့အခါ ၂၀၀၄ခုနစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့ မှာ ဟားဗတ်တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြတဲ့ မက်ဇူကာဗတ်နဲ့  သူငယ်ချင်းလေးဦး တို့ က  ဖေ့စ်ဘွတ်ကို ကျောင်းဝင်းအတွင်းမှာ စတင်စမ်းသပ်ထုတ်လွှင့်ဖြစ်ခဲ့ပါတယ်။ ဒီ့နောက်၂၀၀၆ခုနစ်၊စက်တင်ဘာလ ၂၆ရက်နေ့ မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့  အသုံးပြုခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်ဖြစ်ခဲ့ပါတယ်။အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေဟာ ဖေ့စ်ဘွတ် အသုံးတွင်ကျယ်ခြင်းတဲ့ အကြောင်းခြင်းရာလေးတွေပါ။

              ၁။ဖေ့စ်ဘွတ်နဲ့ အနုပညာ
    သရုပ်ဆောင်၊အဆိုတော် စတဲ့ အနုပညာရှင်တွေရဲ့  အနုပညာလှုပ်ရှားမှုတွေ ကို  ဖေ့စ်ဘွတ်ပေါ်မှာ ဝေမျှနိုင်ပါတယ်။ ဒါ့အပြင် တချို့ အနုပညာရှင်တွေဟာ သူတို့ ကိုယ်တိုင် ထုတ်လုပ်တဲ့ ရေမွှေး၊ခေါင်းအုံး၊အင်္ကျီအ၀တ်အစားတွေကို ဖေ့စ်ဘွတ်ပေါ်မှာ ကြော်ငြာခြင်းအားဖြင့် တစ်ဖက်တစ်လမ်းမှာ စီးပွားရေးအနေနဲ့  လုပ်ဆောင်တတ်ကြပါတယ်။စာရေးဆရာ၊ကဗျာဆရာ စတဲ့
စာပေအနုပညာသမားတွေအနေနဲ့လည်း ကိုယ်တိုင်ဖန်တီးရေးသားထားတဲ့ စာလေးတွေကို
ဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် ဝေမျှပေးနိုင်တဲ့အတွက်လည်း စာဖတ်ပရိသတ်တွေ တိုးပွားလာစေနိုင်ပါတယ်။ကိုယ့်စာဖတ်တဲ့ စာရေးဖော်ရေးဖက်တွေနဲ့ လည်း ရင်းနှီးမှု တိုးပွားလာစေနိုင်ပါတယ်။ဒါ့ကြောင့် ဖေ့စ်ဘွတ်ဟာ အနုပညာသည်အချင်းချင်းနဲ့  သူ့ ပရိသတ်တွေကို ပေါင်းကူးပေးတဲ့ တံတားတစ်စင်းအဖြစ် သတ်မှတ်လာနိုင်ပါတယ်။

             ၂။ဖေ့စ်ဘွတ်နဲ့  စီးပွားရေး
  စီးပွားရေးဆိုင်ရာ ကုမ္ပဏီအများစုအနေနဲ့  သူတို့ ရဲ့ ကုန်ပစ္စည်းတွေကို  ဖေ့စ်ဘွတ်ပေါ်မှာ ကြော်ငြာတတ်ကြပါတယ်။ ကုမ္ပဏီအသီးသီးတို့ ရဲ့ ဖေ့စ်ဘွတ် Fan
Page တွေကို သုံးစွဲသူများအကြား ဖေ့စ်ဘွတ်ကို တိုက်ရိုက်ချိတ်ဆက်ပြီး အခကြေးငွေဖြင့် ကြော်ငြာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ ရဲ့ Fan Page တွေနဲ့  ပတ်သက်ပြီး သုံးစွဲသူဘက်မှ သိလိုတဲ့ မေးမြန်းချက်လေးတွေကို ပြန်လည် ဖြေကြားပေးနိုင်ဖို့ နဲ့  Like တွေ တိုးပွားလာအောင် စီမံခန့် ခွဲနိုင်မယ့် Facebook Administrator(ဖေ့စ်ဘွတ်ကြီးကြပ်သူ)တွေကို သူတို့  ရဲ့ ကုမ္ပဏီတွေမှာ အလုပ်ခန့် တတ်ကြတာကို မြန်မာနိုင်ငံရှိ သတင်းစာတွေထဲမှာ တွေ့ မြင်လာနိုင်ပါတယ်။
             
                 ၃။ဖေ့စ်ဘွတ်နဲ့  လူမှုရေး
     ဖေ့စ်ဘွတ်အသုံးပြုခြင်းကြောင့် ကာလအတန်ကြာ ဝေးကွာခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေ၊ မိဘဆွေမျိုး၊ငယ်ပေါင်းကြီးဖော်တွေနဲ့ ဆက်သွယ်ချိတ်ဆက်လာနိုင်ပါတယ်။ဖေ့စ်ဘွတ်ကနေတစ်ဆင့် ဓာတ်ပုံနဲ့ စတွေးတပ်တွေထဲမှာ အပြန်အလှန် ပြောဆိုကြခြင်းအားဖြင့်လည်း ငယ်ဘ၀က
အဖြစ်သနစ်လေးတွေကို ပြန်မြန်ယောင်လာစေနိုင်ပါတယ်။ဒါတင်မက ဖေ့ဘွတ်ဟာ နည်းပညာကို တစ်ဆင့် မြှင့်တင်တဲ့အနေနဲ့  ဗီဒီယို call တွေ ခေါ်ဆိုနိုင်တဲ့အတွက်ကြောင့်လည်း ဝေးကွာနေကြသူအချင်းချင်း မျက်နှာချင်းဆိုင်နေသလို မြင်တွေ့ ပြောဆိုလာနိုင်ပါတယ်။

                    ၄။ဖေ့စ်ဘွတ်နဲ့ နိုင်ငံရေး
၂၀၁၅ခုနစ်၊နိုဝင်ဘာလ ၈ရက်နေ့ က ကျင်းပပြီးစီးသွားခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲကြီး ရဲ့ ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က မကြေညာသေးခင် မဲရုံအသီးသီးမှာ ရရှိလာကြတဲ့ မဲရလဒ်တွေကို ပြည်သူများက ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတတ်ကြတာကို ကြည့်ခြင်းအားဖြင့် ဖေ့စ်ဘွတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထင်သာမြင်သာ တွေ့ မြင်နိုင်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက
ဖေ့စ်ဘွတ်ကို နိုင်ငံရေးပါတီဝင်တို့ ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးပြုလာတတ်ကြတာကိုလည်း တွေ့ မြင်နိုင်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင် ကြားကာလအတွင်းမှာ ရုပ်ရည်ချောမောလှပတဲ့ ကိုယ်စားလှယ်လောင်းတွေ၊တခြားပါတီတွေကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်တတ်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ဖေ့စ်ဘွတ်ပေါ်မှာ လူသိများ ထင်ရှားလာကြပါတယ်။ အဲဒီအထဲကမှ
ကိုယ်စားလှယ်လောင်း တစ်ဦးဆိုရင် ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားခဲ့ဖူးတဲ့ စတေးတပ်တွေ၊စာတွေကို စုစည်းပြီး စာအုပ်အဖြစ်နဲ့  ထုတ်ဝေလာတဲ့အထိ ဖေ့စ်ဘွတ်နဲ့  နိုင်ငံရေး  ဆက်နွယ်လာတာကို တွေ့ မြင်နိုင်ပါတယ်။

                                     ၅။ဖေ့စ်ဘွတ်နဲ့  နာမည်ကြီးမှု
      ခုနက ပြောသွားတဲ့ ရုပ်ရည်ချောမောလှပတဲ့ ကိုယ်စားလှယ်လောင်းတွေ၊တခြားပါတီတွေကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်တတ်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ ဖေ့စ်ဘွတ်ပေါ်မှာ နာမည်ကြီးတတ်ကြသလို ဖေ့စ်ဘွတ်ပေါ်က အဖော်အချွတ် ဓာတ်ပုံတွေ တင်တတ်ကြတဲ့ မော်ဒယ်နှစ်ဦးကလည်း  နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ မဲဆွယ်စင်မြင့်ထက်မှာ မပေါ့်တပေါ် ၀တ်စားဆင်ယင်မှုကို ၀တ်ဆင်ပြီး သီဆိုဖျော်ဖြေမှုကြောင့် ဖေ့စ်ဘွတ်ပေါ်မှာ တစ်ကျော့ပြန်
နာမည်ကြီးလာခဲ့ပါတယ်။ဒါ့အပြင် အ၀တ်အစားကို ကိုယ်လုံးကျပ်ကျပ် ၀တ်ဆင်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်တတ်တဲ့ လူငယ်စာရေးဆရာမတစ်ဦးလည်း ဖေ့စ်ဘွတ်ပေါ်မှာ နာမည်ကြီးလာပါတယ်။ပြီးခဲ့တဲ့ ၂၀၁၅ခုနစ် စင်ကာပူဆီးဂိမ်း ဘောလုံးပွဲမှာ မြန်မာနိုင်ငံ ယူ - ၂၃ ထဲက ဂိုးသမားလေးလည်း ဖေ့စ်ဘွတ်ပေါ်ကနေ နာမည်ကြီးလာကာ ကုန်ပစ္စည်းကြော်ငြာ ရိုက်ကူးဖို့ အတွက်
စာချုပ်ချုပ်ဆိုခံရအထိ နာမည်ကြီးခဲ့ဖူးပါတယ်။

                           ၆းဖေ့စ်ဘွတ်နဲ့  နိုင်ငံ့ခေါင်းဆောင်
     ဖေ့စ်ဘွတ်ဟာ နိုင်ငံ့ခေါင်းဆောင်ကြီးများရဲ့ မရှိမဖြစ် အသုံးပြုရမယ့် နည်းပညာပစ္စည်း
တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်အပေါ် ထားရှိတဲ့ မှတ်ချက်အရ ဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် အစိုးရကို ဝေဖန်ထောက်ပြခြင်းဟာ အစိုးရရဲ့ လုပ်ဆောင်မှု လိုအပ်ချက်တွေကို ထင်သာမြင်သာ သိမြင်လာစေသလို  အစိုးရအနေနဲ့ လည်း ပိုမိုကောင်းမွန်တဲ့ ပြုပြောင်းလဲမှုတွေအတွက် အားထုတ်ပေးစေခြင်းကို တွန်းအားပေးရာ ရောက်စေနိုင်ပါတယ်လို့ 
မှတ်ချက်ပြုထားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၅ခုနစ် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ကောလင်းမြို့ ခံပြည်သူတစ်ဦးက ကောလင်းရေဘေးသင့်ခြင်းနဲ့  ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ "သမ္မတကြီးကို ပြောပေးပါဗျာ" ဆိုတဲ့ ခေါင်းစဉ်နဲ့  စတေးတပ်စာလေး
ရေးတင်ခဲ့ဖူးပါတယ်။ ဒီစတေးတပ်စာလေးကြောင့်ပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
သမ္မတခရီးစဉ်ထဲ မပါဝင်ခဲ့တဲ့ ကောလင်းမြို့ သို့  သွားရောက်ပြီး ဖေ့စ်ဘွတ်ပေါ် ရေးတင်သူနဲ့  လက်ခံတွေ့ ဆုံ ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နဲ့  ပြည်ထောင်စုလွှတ်တော် နယက သူရဦးရွှေမန်းတို့ လည်း ဖေ့စ်ဘွတ်သုံးစွဲလာကြတာကို ကြည့်ခြင်းအားဖြင့် ဖေ့စ်ဘွတ်ရဲ့ သြဇာလွှမ်းမိုးကို သိမြင်နိုင်ပါတယ်။ဒါ့အပြင်
၂၀၁၅ခုနစ်၊နိုဝင်ဘာလ ၉ရက်နေ့ မှာ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားလည်း သူ့ ရဲ့ ကိုယ်ပိုင်အသုံးပြုတဲ့ ဖေ့စ်ဘွတ်အကောင့် "President Obama" ကို အသုံးပြုလာပါတယ်( အရင်က
ဖွင့်လှစ်ခဲ့ဖူးတဲ့ "Barack Obama" ဖေ့စ်ဘွတ်အကောင့်ကို ဘားရတ်အိုဘားမား သမ္မတဖြစ်ရေးအတွက် ကူညီပေးခဲ့ကြတဲ့ Organzing for Action အဖွဲ့ အစည်းက အမေရိကန်သမ္မတကိုယ်စား အသုံးပြုခဲ့တာပါ။)။ဖေ့စ်ဘွတ်နဲ့  ပတ်သက်ပြီး သမ္မတအိုးဘားမားရဲ့ ပြောကြားချက်ကတော့ "ကျွန်တော်တို့ နိုင်ငံ ရင်ဆိုင်နေရတဲ့ အရေးကြီးဆုံးကိစ္စတွေအကြောင်းကို အချိန်နဲ့  တစ်ပြေးညီ
ပြောဆိုနိုင်တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ကြမယ်လို့  မျှော်လင့်မိပါတယ်" လို့  သူ့ ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်ထဲမှာ ဗီဒီယိုဖိုင်အနေနဲ့ တင်ထားပေးပါတယ်။

                           ၇။ဖေ့စ်ဘွတ်နဲ့  ပြဿနာပေါင်း သောင်းခြောက်ထောင်
   ဖေ့စ်ဘွတ်ဟာ ကောင်းကျိုးတွေ ပေးနိုင်သလို ဆိုးကျိုးတွေ ဖြစ်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုလည်း ပေးနိုင်ပါတယ်။အ၀တ်
အစားခပ်ကျပ်ကျပ် ၀တ်ဆင်ပြီး ဓာတ်ပုံတင်ခြင်းကြောင့် ဖေ့စ်ဘွတ်ပေါ်မှာ နာမည်ကြီးခဲ့ဖူးတဲ့ လူငယ်စာရေးဆရာမကို ဥပမာပြချင်ပါတယ်။သူ့ ဓာတ်ပုံကို အသုံးပြုပြီး ညစ်ညမ်းတဲ့ ၀က်ဆိုက်တွေ၊ပေ့ခ်ျတွေမှာ အတင်ခံခဲ့ရဖူးသလို သူ့ ဓာတ်ပုံတွေရဲ့ အောက်မှာ ညစ်ညမ်းတဲ့ ကွန်မန်
့မှတ်ချက်တွေ၊ဝေဖန်အပုပ်ချတဲ့ ကွန်မန့် တွေ ရေးသားခံရတာကို တွေ့ မြင်ကြရမှာပါ။သူ့ ရဲ့ ဓာတ်ပုံအောက်မှာ အကြိမ်ကြိမ် ဝေဖန်အပုပ်ချတတ်တဲ့ လူတစ်ဦးကိုတော့ အဲဒီလူငယ်စာရေးဆရာမက တရားလို ပြုပြီး ရဲစခန်းမှာ အီလက်ထရွန်းနစ်ဥပဒေနဲ့  အမှုဖွင့်ဖြစ်တဲ့အထိ ပြဿနာပေါင်း
သောင်းခြောက်ထောင်နဲ့  ငြိသွားခဲ့ပါတယ်။၂၀၁၄ခုနစ်တုန်းကလည်း
မြန်မာရုပ်ရှင်ဇာတ်ကား "အဖြူရောင်ရဲတိုက်" ဇာတ်ကားမှာ "ဘယ်သူ အဓိကဇာတ်ဆောင်လဲ" ဆိုတဲ့ ပြဿနာနဲ့ ဖေစ်ဘွတ်လောကမှာ ဂယက်ရိုက်ခဲ့ဖူးပါတယ်။ဒါတင်မကသေးဘဲ အဓိက
ဇာတ်ဆောင်နှစ်ဦးစလုံးဟာ ရုပ်ရှင်အစည်းအရုံးတာဝန်ရှိပုဂ္ဂိုလ်များရဲ့ ရှေ့ မှောက်မှာ ဆွေးနွေးညှိနှိုင်းရတဲ့အထိ  ဖြစ်ပွားသွားခဲ့ပါတယ်။ဒါ့အပြင်
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ခုနစ်၊အောက်တိုဘာလအတွင်း ဖေ့စ်ဘွတ်သုံးစွဲသူတွေကို အီလက်ထရွန်းနစ်ဥပဒေများ ဖြစ်ကြတဲ့ ပုဒ်မ ၃၄(ဃ)နဲ့ ပုဒ်မ  ၆၆(ဃ) တို့ ဖြင့် တရားစွဲဆိုခံကြရတာကို တွေ့မြင်နိုင်ပါတယ်။ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ
အတိုက်အခံပါတီခေါင်းဆောင် အမျိုးသမီးရဲ့ ထဘီအရောင်ကို စစ်ခေါင်းဆောင် အမျိုးသားရဲ့ စိမ်းနုရောင် စစ်ဝတ်စုံသစ်အရောင်နဲ့  နှိုင်းယှဉ်ပြီး ဝေဖန်ထားတဲ့ စတေးတပ်ကြောင့် အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ဒါ့အပြင် စစ်ခေါင်းဆောင်တစ်ဦးရဲ့ ဓာတ်ပုံကို
ခြေထောက်နဲ့  နင်းပြီး တင်ထားတဲ့ ဓာတ်ပုံကို မျှဝေခြင်းကြောင့်လည်း ဖေ့စ်ဘွတ်အသုံးပြုသူအမျိုးသားတစ်ဦးကို အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့  တရားစွဲဆိုထားခဲ့ပါသေးတယ်။နောက်ထပ် ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးကျတော့ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ထဲမှာ သူ့ ကိုယ်ပိုင်  မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြီး တင်ထားတဲ့ ဓာတ်ပုံကို မသမာသူတစ်ဦးက ယူသုံးပြီး ဖေ့စ်ဘွတ်အကောင့်အတုမှာ အဲဒီဓာတ်ပုံနဲ့ နိုင်ငံရေးပုတ်ခတ်မှုတွေ ရေးသားခဲ့ပါတယ်။ အဲဒီအကောင့်တုကြောင့်ပဲ
အီလက်ထရွန်းနစ် ဥပဒေနဲ့  ငြိပြီး မှတ်ပုံတင်ဓာတ်ပုံတင်တဲ့သူကို ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။လူငယ်ကဗျာဆရာ တစ်ဦးကလည်း ဖေ့စ်ဘွတ်မှာ တင်ခဲ့ဖူးတဲ့ သူ့ရဲ့ ကဗျာစာသားကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရပါသေးတယ်။ဒါကြောင့် ဖေ့စ်ဘွတ်အသုံးပြုသူတိုင်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ 
ငြိစွန်းခြင်း မရှိရလေအောင် ကိုယ်တင်မယ့် စတေးတပ်တွေ၊ဓာတ်ပုံတွေ၊မျှဝေမှုတွေကို အထုးသတိထားပြီး တင်သင့်ကြောင်း အကြံပြုလိုပါတယ်။
        အထက်က တင်ပြသွားတဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ရဲ့ သြဇာလွှမ်းမိုးတက်ရောက်မှုတွေကို ထင်သာမြင်သာ တွေ့မြင်နိုင်ကြမှာပါ။ စာဖတ်ပရိသတ်များအားလုံးလည်း ဖေ့စ်ဘွတ်ကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးရင်းနဲ့ ဒီဆောင်းပါးလေးကို ဒီမှာတင်ပဲ နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျာ။         ။
                                                                                               ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                                         ၁၇.၁၁.၂၀၁၅(အင်္ဂါနေ့ထုတ်)
                                                                                          စံတော်ချိန်သတင်းစာ
 

No comments:

Post a Comment