ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, May 5, 2015

အတောင်စုံရင်ဖြင့်...


"ငှက်ကလေးတွေ အတောင်စုံလာကြရင် အသိုက်အမြုံထဲကနေ ပျံသန်းသွားတတ်ကြတာ သဘာဝပါပဲလေ"
                                                     @@@@@@

ခုတလော သမီးကြီးကို သတိရနေမိတယ်။အဖေလုပ်သူက ကျွန်မကို ဘယ်နည်းနဲ့ ပဲ ဖျောင်းဖျဖျောင်းဖျ သမီးနဲ့ ပတ်သက်ပြီး ကျွန်မ ခံစားနေရတုန်းပါပဲ။ကိုယ်တိုင် ၀မ်းနဲ့ လွယ်မွေးထားတဲ့
မိခင်စိတ်ကြောင့်ပဲလား မသိ။ဒီလို အဖြစ်အပျက်မျိုး မဖြစ်ပွားလာရလေအောင် ကျွန်မ တတ်စွမ်းသမျှ တားဆီးထားပေမယ့် နောက်ဆုံးတော့
အချည်းအနှီးပါပဲလေ။

"အဒေါ့် သမီးကြီးကို ကောင်လေးတစ်ယောက်နဲ့ အတူ တွဲနေတာ တွေ့ ထားတယ်၊ ကောင်လေးက ကလေကချေပုံပါပဲ၊ကိုယ့်သမီးကြီးကို ကြပ်ကြပ် သတိပေးထားပါဦး အဒေါ်ရေ"

ဒီစကားကို တူမဆီက စကြားကြားချင်း ကျွန်မ မူးခနဲ ဖြစ်သွားတယ်။တစ်ချိန်ချိန်ကျရင် ဒီလိုမျိုး ကြုံလာမယ်လို့  တွေးထားပေမယ့် အခုလောက်ထိ မြန်မြန်ဆန်ဆန်ကြီး ကြုံလာတတ်မှန်း မထင်ထားမိပါဘူး။သမီးကြီးက အခုမှ ဆယ့်ငါးနှစ် အရွယ် ကိုးတန်းကျောင်းသူလေးရယ်ပါ။သစ်ရွက်လှုပ်တာလေးတောင် ရင်ခုန်တတ်တဲ့ သမီးကြီးကို ဘယ်လိုနည်းလမ်းသုံးပြီး ပြောဆိုဆုံးမရပါ့။သူ့ အဖေကို သူ့ အကြောင့် ရင်ဖွင့်မိတော့

"မင်း သဘောအတိုင်းပဲလေ၊မင်း သမီးအတွက် သုံးချင်တဲ့ နည်းကိုသာ
သုံးလိုက်ပါ၊ကိုယ်ကတော့ ဖြစ်သမျှ အကြောင်းအကျိုး၊အကောင်းအဆိုးတွေကို သူပြုထားတဲ့ ကံကြောင့်လို့ သာ သတ်မှတ်ထားတယ်"

ဘုရားရေ...။အဖေလုပ်သူကိုယ်တိုင် ဒီစကားမျိုး ပြောထွက်တာ ကျွန်မအံ့သြမိတယ်။အဖေတွေများ
ကျတော့လည်း ဒီလိုစကားလုံးမျိုးသုံးပြီး ကိုယ့်သားသမီးများအပေါ် ပြတ်သားတတ်ကြရန်ကော။ကျွန်မကတော့ လက်ပိုက်ထိုင်ကြည့်နေဖို့  ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်ဘူး။

သမီးကြီးကို စည်းကမ်းတင်းကြပ်လိုက်ရင် ဟိုကောင်လေးနောက် တကောက်ကောက် လိုက်သွားမှာကိုလည်း စိုးရိမ်မိသေးတယ်။ဒါ့ကြောင့် သမီးဖြစ်သူကို နားချရတာပါပဲလေ။ဒါပေမယ့် သမီးဖြစ်သူ ပြောလာတဲ့စကားကြောင့် ကျွန်မ ရင်ထိတ်လာရပါပြီ။

"သူက မူးယစ်ဆေးဝါးတွေ၊အရက်သေစာတွေ သောက်သုံးနေတယ်ဆိုတာ
သူငယ်ချင်းအပေါင်းအသင်းတွေက အတင်းအကြပ်တိုက်တွန်းနေကြလို့ ပါ အမေရယ်..."

"သမီးရယ်...သူငယ်ချင်း အပေါင်းအသင်းဆိုတာ စိတ်သဘောသဘာဝချင်း တူမှပဲ ပေါင်းသင်းလို့  ရတာလေ၊မူးယစ်ဆေးဝါးသုံးချင်တဲ့ လူက မူးယစ်ဆေးဝါး သုံးနေကြတဲ့ လူတွေနဲ့ ပဲ ပေါင်းသင်းချင်ကြမှာပဲလေ၊နောက်ပြီး မူးယစ်ဆေးဝါးဆိုတဲ့ ဆေးဟာ ခုချက်ချင်း ဖြတ်လို့ 
အမြစ်ပြတ်သွားနိုင်တဲ့အရာမှ မဟုတ်တာပဲလေ သမီးရယ်..."

ဆိုပြီး သမီးကို စေ့စေ့ကြည့်ရင်း နားသွင်းကြည့်မိတယ်။သမီးက ကျွန်မစကားကို
စိတ်ဝင်စားမယ့်ပုံ မပေါ်ပါဘူးလေ။ဒီအရွယ်လေးတွေကို တရားချရတာ တယ်မလွယ်ပါလားနော်။                                           @@@@@@

ဒီလိုနဲ့ ပဲ အခြေအနေ မဟန်တော့မှန်း သိတော့ သမီးကြီးကို ကျောင်းထုတ်ပစ်လိုက်မိတယ်။
မသက်သာလို့ သာ သမီးကြီးကို ကျောင်းထုတ်ပစ်လိုက်ပေမယ့် နောက်နှစ်တွေမှာ ကျောင်းဆက်ထားဖို့ တော့ တွေးထားပါတယ်။
အခုအချိန်မှာ မဟုတ်မဟတ်တာတွေ ဖြစ်သွားခဲ့ရင် မေမေ ရင်ကျိုးသွားမှာပါ သမီးရယ်။

သမီးကြီး ဒီစိတ်တွေ ပျောက်ပျက်သွားစေချင်လို့  အလုပ်နဲ့ လက်မပြတ်အောင် ကုန်စုံဆိုင်မှာ ၀ိုင်းကူခိုင်းလိုက်တယ်။ကောင်လေးနဲ့ ကျတော့ ကိုယ့်မျက်စိရှေ့ မှာ တွေ့ ခွင့်ပေးဖြစ်တယ်။တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ  ဆိုင်သိမ်းခါနီးမှာ တွေ့ ခွင့် ပေးဖြစ်ပါတယ်။ဒီကြားထဲ သမီးကြီးကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့  နားသွင်းထားဖြစ်ပါသေးတယ်။

ကျွန်မ နားသွင်းနေတာကို သမီးကြီးက စိတ်ဝင်တစားနဲ့  နားထောင်နေတဲ့အတွက် ကျွန်မဘက်ကို မဲသာသွားပါပြီလို့  ထင်မှတ်နေမိတာကိုက ကျွန်မရဲ့ မဟာအမှားပါပဲလေ။ 
                                          @@@@@@@

သမီးကြီး ဒီလို မိုက်မိုက်မဲမဲ ပြုမူသွားမယ်လို့  ကျွန်မ မထင်မှတ်ထားပါဘူး။ကျွန်မတို့ ကို မလိမ့်တပတ်လုပ်ပြီး အိမ်ကနေ ထွက်ခွာသွားတဲ့ သမီးကို နာနာကြည်းကြည်းနဲ့  ထုထောင်းပစ်ချင်စိတ် ဖြစ်မိတယ်။ဒါပေမယ့် တစ်ဖက်ကလည်း သမီးဖြစ်သူကို စိုးရိမ်နေတဲ့စိတ်က ကြီးစိုးနေမိတုန်းပဲ။

သမီးကြီး အိမ်ကို ပြန်ရောက်လာမယ် ဆိုတဲ့အသိနဲ့ စောင့်မျှော်နေခဲ့မိတယ်။သမီးကြီးကတော့ ပြန်မလာသေး။အခုတော့ တစ်နှစ်တာ ဆိုတဲ့ အချိန်ကာလမှာ သမီးတို့ ရဲ့ သတင်းသဲ့သဲ့လေးကို ကြားနေရလေပြီ။ကျွန်မတို့  ဆင်ထားပေးတဲ့ လက်ဝတ်လက်စားတွေကို ထုခွဲပြီး တီဗွီဂိမ်းဆိုင် ဖွင့်ထားကြတယ် ဆိုလားပဲ။ဒါ့အပြင် အိမ်ပြန်နောက်ကျတတ်တဲ့ လင်ဖြစ်သူနဲ့ စကားများရာက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုမိတဲ့အထိ ရန်ဖြစ်နေကြတာကိုလည်း ကြားသိရပြန်ပါတယ်။

သူ့ ထိုက်နဲ့  သူ့ ကံလို့ သာ မျက်ကွယ်ပြုပြီး နေကြည့်ပေမယ့် အချည်းအနှီးပါပဲ။သမီးကြီး ကိုယ်ဝန်ဆောင်နေပြီ ဆိုတဲ့ သတင်းကြားတော့ အတ္တကို ခ၀ါချပြီး ကိုယ့်သမီးကြီးဆီ ကျွန်မ သွားတွေ့ ဖြစ်တယ်။သမီးကြီးကတော့ နဂိုကထက် မျက်နှာကျသွားပေမယ့် ဒီလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဘ၀လေးကို ပျော်ရွှင်ကျေနပ်နေတဲ့ ပုံပါပဲ။ကျွန်မလည်း သက်ပြင်းကို မသက်မသာ ချပစ်ရင်း ကိုယ့်အိမ် ကိုယ်ပြန်လိုက်ရတော့တယ်။

                                   @@@@@@

သမီးကြီး သားလေးမွေးပြီး နှစ်ဝက်လောက် ကြာလာတော့ လင်ဖြစ်သူနဲ့  အကြီးအကျယ် ရန်ဖြစ်ပြီး သမီးကြီးနဲ့  သူ့  သားလေးတို့ နှစ်ဦး ကျွန်မတို့  အိမ်ပေါ် ရောက်ချလာတော့တယ်။ဒီလို ခွဲမလိုဖြစ်ပြီး လေးငါးလလောက် ကြာလာတော့ သူ့ လင် မူးယစ်ဆေးဝါး ဖြတ်နေတဲ့အကြောင်း ကြားသိလိုက်ရတယ်။ဒီလိုနဲ့ ပဲ သမက်ဖြစ်သူနေပြန်ကောင်းလာတော့ ကျွန်မ သမီးကြီးလည်း သူ့ လင်ရှိရာဆီ ကောက်ကောက်မြည်အောင်  ပြန်ပြေးသွားပြန်ပြီကော။ဟိုအကောင် မူးယစ်ဆေးဝါးပြန်စွဲပြီး သမီးကြီးနဲ့  ရန်ဖြစ်ကြပါစေလို့ သာ
မဆုတောင်းကောင်းတဲ့ အရာကို ကျွန်မ ဆုတောင်းမိတဲ့အထိ။ဒီလိုနဲ့ ပဲ နှစ်နှစ်တာကာလအတွင်းမှာ တစ်နယ်ပြောင်းသွားတဲ့ သမီးကြီးနဲ့  ဖုန်းထဲကနေ သုံးလေးကြိမ်လောက်သာ စကားပြောရုံကလွဲပြီး အပြင်မှာ မတွေ့  ဖြစ်တော့ပါဘူး။

                                  @@@@@@@

အခုဆို သမီးကြီးရဲ့ကျေးဇူးကြောင့် ဥပုသ်နေ့ ရောက်တိုင်း ဆိုင်ပိတ်ပြီး ကျွန်မ ဥပုသ်စောင့်တတ်လာပါပြီ။ တစ်ခါတလေ အကြောင်းတိုက်ဆိုင်မှု ရှိလာရင်တော့ သမီးကြီးကို ကျွန်မ သတိရမိတတ်ပါတယ်။ဒီလို သတိရမိချိန်တိုင်း အဖေလုပ်သူကို ရင်ဖွင့်မိတော့ သူက ဘာပြောတယ် မှတ်လဲ။

"ငှက်ကလေးတွေ အတောင်စုံလာကြရင် အသိုက်အမြုံထဲကနေ ပျံသန်းသွားတတ်ကြတာ သဘာဝပါပဲလေ"

ဆိုပြီး သံဝေဂသံလေးနှောလို့  ကျွန်မကို တရားချနေလေရဲ့။အင်းလေ၊ဥပုသ်စောင့်နေကျ ကျွန်မတစ်ယောက် ဘာဖြစ်လို့ များ မမြဲခြင်းသဘော သင်္ခါရတရားကို ဆုပ်ကိုင်မထားနိုင်ပါလိမ့်။အခုအချိန်ကတည်းက
သင်္ခါရတရားနဲ့ ပတ်သက်ပြီး နားလည်နိုင်အောင် ကျွန်မ အားထုတ်သင့်တယ် မဟုတ်လား။ဒါမှလည်း သမီးကြီးနဲ့  ပတ်သက်ပြီး ကျွန်မ ဥပေက္ခာပြုနိုင်တော့မယ်လေ။

                                                                                           ထော်ဦး(ဘားအံကွန်ပျူတာ)

No comments:

Post a Comment