ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, June 5, 2015

စာဖတ်လာဖို့  တွန်းပေးကြစို့ 




         လူငယ်တွေ ကြားမှာ ဖျော်ဖြေရေးကဏ္ဍတွေ ပိုမိုများပြားလာတာနဲ့ အမျှ စာဖတ်ခြင်းအလေ့အထလည်း သူတို့  လေးတွေ ကြားမှာ ပိုမိုမှိန်ဖျော့လာတာကို တွေ့ မြင်ကြရမှာပါ။ဖျော်ဖြေရေးကဏ္ဍ ဆိုရာမှာတော့ ရုပ်မြင်သံကြားနဲ့ အင်တာနက်တွေ ပါဝင်ပါတယ်။ဂိမ်းလည်း အပါအ၀င်ပါပဲ။စာအုပ်တစ်အုပ်ကို မျက်လုံးအညောင်းခံပြီး
ဖတ်နေမဲ့အစား ကိုရီးယားကား ထိုင်ကြည့်မယ်၊အင်တာနက်မှာ ချက်တင်ထိုင်မယ်၊ဂိမ်းဆော့မယ်တွေနဲ့  ပြီးချင်ကြတဲ့သူတွေ အများကြီးပါ။ဒါဆိုရင် စာဖတ်လာအောင် ဘယ်လို ဆွဲခေါ်ကြမလဲ။နောက်ပြီး စာအုပ်တွေ ဈေးကြီးလွန်းလို့ ၊စာအုပ်တွေ ၀ယ်မရလို့  ဆိုပြီး ပြောလာကြတာတွေကိုရော ဘယ်လို ဆောင်ရွက်ကြမလဲ။
@@@@@
       ခုတလော အွန်လိုင်းပေါ်မှာ လူစိတ်ဝင်စားခြင်း အခံရဆုံး ဆိုရှယ်ဝက်ဆိုဒ်ကတော့ ဖေ့စ်ဘွတ်ပါပဲ။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်အသုံးပြုသူ အရေအတွက် ဆယ်သိန်းနီးပါး(ယခု နှစ်သန်းနီးပါး) ရှိနေပြီလို့ လည်း ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါသေးတယ်။ဒီတော့ စာရေးသူတွေအနေနဲ့  ဖေ့စ်ဘွတ်ပေါ်မှာ စာလေးတွေ တင်ပြီး စာဖတ်သူတွေ တိုးပွားလာအောင် ပြုလုပ်လို့  ရလာနိုင်ပါတယ်။စာရေးသူအများစုကလည်း ဖေ့စ်ဘွတ်ပေါ်မှာ စာမူလေးတွေ အများအပြား တင်ထားတတ်ကြပါတယ်။စာဖတ်သူတွေအနေနဲ့ လည်း ကိုယ်စိတ်ဝင်စားတဲ့ စာရေးသူတွေကို Friend လုပ်ပြီး မိတ်ဆွေဖွဲ့ လို့  ရပါတယ်(တချို့ စာရေးသူတွေဆို Fan Pageလေးတွေတောင် ဖွင့်ထားကြပါသေးတယ်)။ဒီဖေ့စ်ဘွတ်ပေါ်က စာမူတွေ ကောင်းလား မကောင်းဘူးလားဆိုတာ အပထားပြိး ကြုံကြိုက်သွားလို့  ဖတ်မိတဲ့သူ တစ်ယောက်တလေ ရှိလာခဲ့ရင်တောင် စာပေအတွက် ပိုမို အားတက်စရာ ကောင်းလာမှာပါ။

      ဒါ့အပြင် ကိုယ်သဘောကျမိတဲ့ စာရေးဆရာတွေရဲ့ လက်ရာတွေကို ဖေ့စ်ဘွတ်ပေါ်မှာ ဝေမျှနိုင်တဲ့
အတွက်လည်း အွန်လိုင်းပေါ်ကနေ စာဖတ်သူတွေ သဲ့ယူနိုင်ပါသေးတယ်။ဒါတင်မက နာမည်ကြီးစာရေးဆရာတွေရဲ့ စာအုပ်တွေ ဒေါင်းလုတ်လင့်နဲ့ တကွ ဝေမျှပေးနိုင်တဲ့အတွက်လည်း စာအုပ်မ၀ယ်နိုင်တဲ့၊စာအုပ်ဝယ်ဖို့  အလှမ်းဝေးတဲ့ ဒေသမှာ ရှိနေကြတဲ့ စာဖတ်သူတွေအတွက် သူတို့  နှစ်သက်သဘောကျရတဲ့ စာရေးဆရာတွေရဲ့ စာအုပ်လေးတွေကို အလွယ်တကူ ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ကြမှာပါ(စာအုပ်တွေ မျှဝေပေးတတ်တဲ့ "မြန်မာစာအုပ်များ" Fan Page ဆိုရင် Like တစ်သိန်းကျော် ရှိတဲ့အထိ အောင်မြင်လာနေပါပြီ)။

@@@@@
          အောင်မြင်ရေးဆောင်းပါးလေးတွေ အရေးများတဲ့ လူငယ်စာရေးဆရာတစ်ယောက် ပြောကြားထားတာလေးကိုလည်း ဝေမျှပေးချင်ပါတယ်။ထုတ်ဝေထားတာ
လေးလလောက်ရှိပြီး ဖြစ်တဲ့ သူ့  စာအုပ်လေးကို MRTV - 4 ရုပ်သံလိုင်းက သူ့ ကို စာအုပ်အကြောင်း အင်တာဗျူးမေးပြီး ထုတ်လွှင့်လိုက်တော့ အရင်က ပုံမှန်သာ ရောင်းအားရှိတဲ့ သူ့ စာအုပ်လေးလည်း ဟုန်းခနဲ ရောင်းအားအကောင်းဆုံး Top Ten ထဲ ၀င်လာပါတော့တယ်။ဒီလို ရုပ်သံလိုင်းမှာ ထုတ်လွှင့်မိလို့  လူတွေက သူ့ စာအုပ်ကို စိတ်ဝင်စားပြီး ပိုမိုဝယ်ယူလာကြတယ်လို့ လည်း လူငယ်စာရေးဆရာက ၀န်ခံထားပါသေးတယ်။ဒါ့အပြင် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Reader Channel မှာလည်း စာရေးသူတွေရဲ့ စာပေစကားဝိုင်းတွေ ထုတ်လွှင့်ပေးထားနေတာကို ကြားသိထားရပါတယ်(ဟိုတလောက မြေနီကုန်း ရှင်စောပုလမ်းမှာ Reader Channel က ကြီးမှူးပြီး စာအုပ်ဈေးရောင်းပွဲတော် ကျင်းပတာ အောင်မြင်တယ်လို့ လည်း ကြားသိထားပါသေးတယ်)။ဒါ့ကြောင့် စာရေးသူတွေအနေနဲ့ လည်း ရုပ်သံလိုင်းတွေနဲ့  အတူတကွ ပူးပေါင်းပြီး စာဖတ်ခြင်းအလေ့တွေ ပိုမိုမြင့်တက်လာအောင် အားထုတ်ပေးစေချင်ပါတယ်။
@@@@@
       အချုပ်ဆိုရရင် စာပေကို ချစ်မြတ်နိုးလာအောင် လုပ်ဆောင်ရတာ မလွယ်ကူပေမဲ့ အနည်းအကျဉ်းလောက်တော့ စိတ်ဝင်စားလာအောင် လုပ်လို့  ရပါတယ်။စာရေးသူတွေအနေနဲ့ လည်း သူတို့  လေးတွေ စိတ်ဝင်စားတဲ့နေကြတဲ့ နေရာလေးတွေမှာ လိုက်ပြီး စာပေလေးတွေ လက်ဆင့်ကမ်းပေးကြပါလို့  ပြောကြားရင်း...။
                                                                                 ထော်ဦး(ဘားအံကွန်ပျူတာ)

                                                                                 Faces မဂ္ဂဇင်း
                                                                                 ၂၀၁၄၊ဇွန်


No comments:

Post a Comment