ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, November 10, 2014

HIV - AIDS အကြောင်း တစေ့တစောင်း


    နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၁ရက်နေ့ ကို ကမ္ဘာ့ ခုခံအား ကျဆင်းရေး တိုက်ဖျက်ရေးအဖြစ် သတ်မှတ်ကြပါတယ်။
    ဒီလိုနေ့ မျိုးမှာ တချို့ နိုင်ငံတွေက လူငယ်တွေစည်ကားတတ်တဲ့ နေရာမျိုးမှာ အကာအကွယ်ပစ္စည်းတွေ၊ လက်ကမ်းစာစောင်လေးတွေ ဝေငှတတ်ကြပါတယ်။တချို့ စာနယ်ဇင်းတွေကျတော့လည်း ဒီဇင်ဘာ ၁ရက်နေ့ ရောက်တိုင်း ခုခံအားကျဆင်းခြင်း တိုက်ဖျက်ရေးအတွက် လှုပ်ဆော်ဆောင်းပါးလေးတွေ ဖော်ပြတတ်ကြပါတယ်။


………………………………………………………………………………
    ကျန်းမာရေးအဖွဲ့ အစည်းတစ်ခုရဲ့  စစ်တမ်းကောက်ယူချက်အရ လိင်တူဆက်ဆံတတ်ကြတဲ့ အမျိုးသားများဟာ HIV ရောဂါကူးစက်ခြင်း ပိုမိုများပြားလာတာကို တွေ့ ရှိရပါတယ်။ ဒီလိုမျိုး ရောဂါဖြစ်ပွားရတာဟာ ကိုယ့်ရဲ့ လိင်ဆက်ဆံဖက်ကို ယုံကြည်လွန်းပြီး အကာအကွယ် မသုံးကြလို့ ပါ။HIV ရောဂါပိုး ကူးစက်နိုင်တဲ့ အကြောင်းရင်း ကတော့ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံးခြင်း မပြုတာမျိုး၊မူးယစ်ဆေးကို သွေးကြောထဲ ထိုးတာမျိုး၊လိင်ဆက်ဆံဖော် များလွန်းတဲ့ သူမျိုးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။
     ၂၀၁၂ခုနစ်မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အစည်းရဲ့ အဆိုပြုချက်အရ HIV ရောဂါပိုးကူးစက်ခံရသူပေါင်း ၁,၁၅၇,၅၈၉ ဦးခန့်  ရှိပြီး ဆက်လက် အသက်ရှင်သန်ခွင့် ရကြတဲ့ သူတွေကတော့ ၄၆၄,၄၁၄ သာ ရှိပါတယ်။
     နောက်ပြီး ARV ခေါ် ဗိုင်းရပ်ကာကွယ်ဆေး ရရှိကြတဲ့ လူတွေကတော့ ၂၂၅,၂၇၂ ဦးခန့် ရှိပါတယ်။ ARV ဆေးဝါးဟာ ရောဂါကူးစက်ခံရသူကို ဆက်လက် အသက်ရှင်နေထိုင်ဖို့  များစွာ အထောက်အကူ ပြုအတွက် မနှစ်က ရောဂါကူးစက်မှု နှုန်းထားနဲ့  ယှဉ်ရင် ကျဆင်းသွားပေမယ့် ခုနက ပြောသွားတဲ့ လိင်တူဆက်ဆံတတ်တဲ့ အမျိုးသားတွေကျတော့ ရောဂါကူးစက်နှုန်း
ပိုမိုများပြားလာပါတယ်။ဒါဟာ တဖြည်းဖြည်းနဲ့ တိုးတက်များပြားလာမယ့် ပြဿနာပါ။ဒီပြဿနာ ဖြစ်ပွားရာကို အဖြေရှာကြည့်တဲ့အခါ အွန်လိုင်းကနေတစ်ဆင့် လိင်ဆက်ဆံဖော်တွေ ရှာတတ်ကြတဲ့ အချက်ကို တွေ့ ရပါတယ်။facebook မှာဆိုရင်လည်း ဂရုတစ်ခုဖွဲ့ ပြီး အပြန်အလှန် ကိုယ့်ဓာတ်ပုံ
သူ့ ဓာတ်ပုံ တင်ကြရင်းနဲ့  သဘောတူရင် ချိန်းတွေ့ တတ်ကြပါတယ်။အဲဒီကနေတစ်ဆင့် အကာအကွယ်မသုံးဘဲ ပြုမှုလာကြပါတယ်။ဒါ့ကြောင့်လည်း အခုနောက်ပိုင်း လိင်တူဆက်ဆံကြတဲ့ အမျိုးသားတွေထဲမှာ ရောဂါပိုးကူးစက်နှုန်း ပိုမိုများပြားလာတာပါ။အဆိုးဆုံးကတော့ ကိုယ့်အဖော်ကို ယုံကြည်စိတ်ချကြလို့ အကာအကွယ်မသုံးကြတာပါပဲ။
     နောက်ထပ် ကြောက်စရာကောင်းတဲ့အချက်ကတော့ တစ်မိနစ်မှာ လူရှစ်ဦးခန့် လောက်ကို HIV ရောဂါပိုးကူးစက်ခံရတာပါပဲ။မြန်မာနိုင်ငံမှာ ၂၀၁၃ခုနစ်အတွင်း HIV-AIDS ရောဂါကြောင့် နှစ်စဉ်နှစ်တိုင်း တစ်သောင်းရှစ်ထောင်ခန့် အသက်ဆုံးရှုံးရပါတယ်။မြန်မာနိုင်ငံမှာ HIV ရောဂါကူးစက်ခံရသူပေါင်း
၁၂၀၀၀၀ကျော် ရှိတဲ့အထဲမှာ သုံးပုံတစ်ပုံလောက်ပဲ ARVs ဆေးဝါး ရရှိကြတာပါ။အခုနောက်ပိုင်း အဖွဲ့ အစည်းများရဲ့ ပူပေါင်းပါဝင်မှုတွေကြောင့်ARVs ဆေးဝါးကို ပိုမိုရရှိလာနိုင်မယ်လို့ 
သိရှိထားပါတယ်။
………………………………………………………………………………
     HIV ရောဂါပိုးကူးစက်ခံရတဲ့သူတွေထဲက ၈၃ရာခိုင်နှုန်းဟာ လိင်ဆက်ဆံလို့  ကူးစက်ခံရတာပါ။ နောက်ထပ် ရောဂါပိုးကူးစက်ခံရမယ့် အလားအလာတွေကတော့
သွေးသွင်းတာမျိုး၊အပ်တစ်ချောင်းတည်း အတူသုံးတာမျိုး၊မိဘကနေ သားသမီးဆီက ကူးစက်တာမျိုးတွေ ပါဝင်ပါတယ်။ဒါဆိုရင် HIV ရောဂါပိုးမကူးစက်နိုင်တဲ့ အပြုတွေက ဘာတွေလဲ။မေးစရာ ရှိပါတယ်။အလုပ်အတူတူ လုပ်ကိုင်တာမျိုး၊ထမင်းအတူ စားတာမျိုး၊ကိုယ်လက်ထိတွေ့ တာမျိုးတွေကျတော့
HIV မကူးစက်နိုင်ပါဘူး။
     ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံမှာ ၂၀၁၄ခုနစ်အတွင်း HIV ရောဂါပိုး ကူးစက်ခံရသူပေါက် တစ်သိန်းကိုးသောင်း ၀န်းကျင်ခန့် ရှိပြီး အသက်ဆယ့်ငါးနှစ်အထက် အရွယ်တွေ အဖြစ်များတယ်လို့  သိရှိရပါတယ်။HIV ရောဂါပိုး အကူးစက်ခံရဆုံး သူတွေကတော့ ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးကို အကြောထဲ ထိုးသွင်းတဲ့ သူတွေ၊လိင်တူချင်းဆက်ဆံတတ်ကြတဲ့ အမျိုးသားတွေနဲ့  လိင်အလုပ်သမတွေ ပါဝင်ပါတယ်။
     ကိုယ့်ကိုယ်ကို HIV ရောဂါပိုး ရှိပြီးလား မရှိဘူးလား ဆိုတာကို သွေးစစ်ပြီး သိရှိနိုင်သလို တခြားနည်းလမ်းတွေနဲ့ လည်း သိရှိနိုင်ပါတယ်။ရောဂါပိုး ကူးစက်ခံရပါက နှစ်ပတ်၊သုံးပတ် အတွင်း သာမန်အဖျားမျိုးတွေ ၀င်လာတတ်ပါတယ်။လည်ချောင်း နာလာမယ်၊ခေါင်းကိုက်လာမယ်၊ကိုယ်လက်ကိုက်ခဲ လာမယ်၊ခန္ဓာကိုယ်မှာ အဖုအဖိတ်တွေ ပေါက်လာမယ်၊အားနည်းလာမယ်…ဒါတွေဟာ
၁၀ရက်ကနေ ၁၄ရက်အထိ ဖြစ်လာနိုင်ပြီး အလိုလိုနေရင်းနဲ့  ပြန်ပျောက်သွားတတ်ပါတယ်။ အဲဒီလို ဖြစ်ပြီးရင် HIV ရောဂါပိုး ရှိမရှိ ဆိုတာကို သွေးစစ်ကြည့်ကြဖို့  တိုက်တွန်းလိုပါတယ်။
………………………………………………………………………………
   ဘယ်လိုပဲဖြစ်ဖြစ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့လိင်ဆက်ဆံတိုင်း အကာအကွယ်သုံးကြတဲ့ နည်းလမ်းပါပဲ။ဘယ်သူ့ ကိုမှ လွယ်လွယ်နဲ့  အယုံအကြည်မထားဘဲ အကာအကွယ်တွေ ဆောင်ထားကြပါလို့ ပြောပါရစေ။ကြိုတင်ကာကွယ်မှ အရာရာ စိုပြေနိုင်မှာပါ…။
                       စာဖတ်ပရိသတ်များအားလုံး စိတ်ချမ်းမြေ့ကြပါစေ…။

                                                                        ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                        စံတော်ချိန်သတင်းစာ
                                                                        ၂.၆.၂၀၁၅(အင်္ဂါနေ့ ထုတ်)
 

          

1 comment:

  1. အသိပညာပေးလေး လူငယ်လူရွယ်တိုင်းဖတ်သင့်တယ် ...
    စကားမစပ် ပျောက်နေတာကြာပေါ့ မောင်ထော်ဦးရေ။

    ReplyDelete