ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, October 10, 2014

ပြည်တွင်းစစ်


   ၂၀၁၂ခုနစ် ဇန်န၀ါရီလ ၁၂ရက်နေ့ ကပါ။လက်နက်ကိုင်အဖွဲ့ အစည်းတစ်စုက
ငြိမ်းချမ်းရေးဆွေးနွေးပြီး လက်မှတ်ရေးထိုးကြတဲ့ သတင်းကို ကြားသိရပါတယ်။ဒါဆို ကိုယ်တို့  ဘုရားသုံးဆူနယ်စပ်မြို့ လေးလည်း ငြိမ်းချမ်းတော့မှာပေါ့။ဒီအတွေးက ဒီမှာတင် ရပ်မသွားဘဲ ဟိုးလွန်ခဲ့တဲ့ မငြိမ်းမချမ်းကာလဆီကို ဦးတည်မိလေတော့...။

                                 @@@@@
   ၂၀၁၀ ပြည့်နှစ်၊နိုဝင်ဘာလကပါ။ဆိုင်ကယ်သံ၊ကားသံတညံညံနဲ့  နယ်စပ်မြို့ လေးလည်း အခုကျတော့ တိတ်ဆိတ်ငြိမ်သက်လို့ ။အထိတ်တလန့်  လူတချို့ လည်း ဟိုဘက်ကမ်း(ထိုင်းဘက်ကမ်း)ကို ကူးပြီး
စစ်ခိုလှုံနေကြလေရဲ့ ။

      နောက်နေ့ လည်း ရောက်ရော လူတွေအားလုံးနီးပါးလည်း တစ်ဖက်ကမ်းမှာ စစ်ခိုလှုံနေကြပေပြီလေ။သူတစ်ပြန် ကိုယ်တစ်ပြန် ပစ်ရင်းခတ်ရင်းနဲ့  ပြည်သူလူထုတွေလည်း တစ်ဖက်ကမ်းကူးပြီး စစ်ဘေးရှောင်ရတာပဲလေ။တကယ်ဆို ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဒီလို မငြိမ်းချမ်းတာမျိုးတွေ ကြုံဖူးတာပါပဲ။အဲဒီအချိန်တုန်းက မြန်မာနဲ့ ထိုင်းစစ်ပွဲ။ အခုကျတော့ ကိုယ်တို့ လူမျိုးအချင်းချင်း ဖြစ်ကြတဲ့ စစ်ပွဲရယ်လေ။တွေးရင်းနဲ့  ရင်ထဲမှာ နင့်ခနဲ နာကျင်လာစေပါတယ်။

   ည ခုနစ်နာရီ ထိုးလာတော့ ကိုယ်တို့ အိမ်နားက ဓမ္မာရုံကြီးထဲမှာ ဦးပဉ္စင်းတွေ ကြွရောက်လို့  လာကြပါပြီ။ဖြစ်လာမယ့် အခြေအနေကို တတ်နိုင်တဲ့ဘက်က ကူညီဟန့် တားပေးနိုင်ဖို့  ဦးပဉ္စင်းတွေလည်း ကင်းလှည့်ပေးရှာပါတယ်။အိမ်မှာ ကျန်နေကြတဲ့ ယောက်ျားသားတွေကလည်း ဦးပဉ္စင်းတွေကို အချိုရည်လေးတွေ ကပ်ပေးကြပါတယ်။တချို့ ယောက်ျားသားတွေက မြို့ မဈေးကြီးကို ကင်းလှည့်ပေးကြလို့ ပေါ့။

   ဒီလိုနဲ့ ပဲ နောက်တစ်နေ့ ရောက်လာတော့ မြို့ လေးထဲက လူတွေအားလုံး တရားအားထုတ်နေကြသလား ထင်မှတ်မှားလောက်အောင် ငြိမ်သက်တိတ်ဆိတ်လို့ ။ညံစီစီ အသံဝေဆာနေတတ်တဲ့
မြို့ မဈေးတန်းကြီးလည်း အခုကျတော့ ခြောက်ကပ်လို့ ။တစ်ခါတလေ မျက်စိလည်လမ်းမှားပြီး လာရောင်းတတ်ကြတဲ့ ဈေးသည်တွေ ရှိမှပဲ ဟင်းစားဖို့ အတွက် ၀ယ်ချန်ထားရတယ်။အမေတို့ တစ်တွေ ဟိုဘက်ကမ်းမှာ စစ်ခိုလှုံနေကြပြီဆိုတော့ အိမ်နားက ဦးကြီးကပဲ ကိုယ်တို့ သားအဖအတွက် ဟင်းချက်ပြီး ပို့ ပေးရှာတယ်လေ။ဒီလိုနဲ့ ပဲ ရှိတာလေးတွေ ဝေမျှစားသောက်ကြရင်းနဲ့ 
စစ်ကြီးပြီးဆုံးမယ့် အချိန်ကာလကို မျှော်လင့်နေကြလေရဲ့ ။

                              @@@@@

   ထိုင်းဘက်ကမ်းမှာတော့...
   လူတစ်စုက မွန်ဘုန်းကြီးကျောင်းထဲမှာ စစ်ခိုလှုံနေကြသလို တခြားလူတွေကလည်း ဘုန်းကြီးကျောင်းရဲ့  အပြင်ဘက် မြက်ခင်းပြင်ပေါ် ဖျာခင်းပြီး စစ်ခိုလှုံနေကြရရှာတယ်လေ။အဲဒီလို စစ်ခိုလှုံကြရတဲ့ လူဦးရေကတော့ သောင်းဂဏန်းနီးပါးလောက် ရှိပါတယ်။

   နောက်ထပ် စစ်ခိုလှုံနေကြတဲ့လူတွေ ကံကောင်းတာကတော့ ထိုင်းနိုင်ငံက အလှူရှင်တွေ စုပြီး အမိုးအကာတွေ ပြုလုပ်ပေးကြသလို တစ်နေ့ ကို ထမင်းဟင်း သုံးနပ်စာ ကျွေးမွေးလှူဒါန်းပေးကြတာပါ။ဒါ့အပြင် သောက်ရေသန့် ဆိုလည်း တစ်ယောက်တစ်ဘူးဆီ ပေးလှူကြပါရဲ့ ။ဒီလိုဆိုတော့လည်း လူလူချင်း ကိုယ်ချင်းစာတဲ့စိတ်နဲ့  ၀င်ရောက်ကူညီပေးကြရှာတဲ့ ထိုင်းလူမျိုးတွေကို ကျေးဇူးတင်ရပါတယ်။

    ဒီလိုတွေးကြည့်မိတော့ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကိုလည်း သတိရမိစေပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနဲ့ ထိုင်း နယ်မြေလုရင်း စစ်ပွဲဖြစ်ရတာပါ။တစ်နိုင်ငံနဲ့  တစ်နိုင်ငံ အငြိုးတကြီး ပစ်ခတ်နေကြပေမယ့် ကိုယ့်နယ် သူမ၀င်ရဲ၊သူ့ နယ် ကိုယ်မ၀င်ရဲနဲ့ ဆိုတော့ ပြည်သူတွေဘက်ကလည်း အခုလို သိပ်ပြီး မထိမနာကြပါဘူး။အခုတော့ ကိုယ်တို့ အချင်းချင်း တန်ပြန်ပစ်ခတ်မှုကြောင့် ကိုယ်တို့ လူမျိုးတွေပဲ ပြန်ခံကြရတာကို တွေးကြည့်ရင်း စိတ်မကောင်း ဖြစ်မိပါတယ်။

    ဒီလိုနဲ့ ပဲ သုံးလေးရက်ကြာလေတော့ ငြိမ်လာသလိုလို ဖြစ်လာပါပြီ။
ပြည်သူတွေကလည်း အသီးသီး ကိုယ့်အိမ် ကိုယ့်မြေကို ပြန်ခွင့်ရကြပါပြီ။ဒါပေမဲ့ ကာလအတန်ကြာတဲ့အထိ ပြည်တွင်းစစ် ထပ်မံဝင်ရောက်လာမှာကို အထိတ်တလန့်  စိုးရိမ်နေကြဆဲပါ။

                               @@@@@

    ဟိုးလွန်ခဲ့တဲ့ အတိတ်ကာလတစ်ခုဆီကို အလည်သွားကြည့်မိတော့ "စစ်" ဆိုတဲ့ ဝေါဟာရကို ပိုပြီး နာလည်သဘောပေါက်လာသလိုပါပဲ။ကိုယ့်အနေနဲ့ ကတော့
"ပြည်တွင်းစစ်" ဆိုတာ ကိုယ်တို့ အချင်းချင်း သွေးကွဲစေနိုင်တဲ့ သင်္ကေတလက္ခဏာပါပဲ။သွေးကွဲပြီ ဆိုရင် လူတွေဟာ အလိုလိုနေရင်း မုန်းတီးလာကြမယ်။ကိုယ့်အချင်းချင်း သတ်ဖြတ်ချင်စိတ်တွေ ဖြစ်မိလာကြမယ်။
ဒါဆို အဟိတ်တိရစ္ဆာန်တွေနဲ့  ဘာများကွာခြားသွားမှာမို့ လို့ လဲ။ကိုယ့်ရဲ့  အငြိုးတကြီးနိုင်မှုကြောင့် ကိုယ့်လူမျိုးတွေပဲ ထိခိုက်နစ်နာနိုင်စေပါတယ်။

   တကယ်ဆို အချင်းချင်း ပစ်ခတ်ကြတယ်ဆိုတာ မှန်ကန်တဲ့ လုပ်ရပ်များလားလို့  စဉ်းစားကြစေလိုပါတယ်။ဒါဆို အနုနည်းနဲ့  အသုံးပြုရင်ရော အချိန်ကြန့် ကြာသွားမှာမို့ လို့ လား။ဘာမှ အကျိုးဖြစ်ထွန်းလာမှာ မဟုတ်ဘူးလို့  ခံယူထားကြလို့ ပဲလား။ဒီလိုသာ ယူဆနေနိုင်သေးသရွေ့  ကိုယ်တို့ တိုင်းပြည်ကြီးလည်း ဘယ်တော့များမှ ငြိမ်းချမ်းလာတော့မှာ မဟုတ်ပါဘူး။

    ဘယ်လိုပဲဖြစ်ဖြစ် အခုလို နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးလာကြတာကို ကြိုဆိုရမှာပါ။ဒါပေမဲ့ စာရွက်လေးပေါ်က သဘောတူညီမှု လက်မှတ်လေးဟာ အချိန်မရွေး ပျောက်ပျက်သွားမှာကိုတော့ စိုးရိမ်နေရဆဲပါပဲ။

               အတိတ်ကာလ တစ်ခုဆီသို့  အမှတ်တရ
                                                          ထော်ဦး(ဘားအံကွန်ပျူတာ)
                                                          teen magazine
                                                          ၂၀၁၂၊မေလ


No comments:

Post a Comment