ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, August 1, 2014

စာဖတ်ဖြစ် စာရေးဖြစ်တဲ့အခါ

        


လူတစ်ယောက် စာဖတ်ဖြစ် စာရေးဖြစ်တဲ့အခါ ကြုံတွေ့ ရတဲ့ အခက်အခဲတွေကတော့ အများကြီးပါ။စာဖတ်သူ တစ်ယောက်အတွက်ကျတော့ ရင်ထဲထိတဲ့ စာလေးတွေ ဖတ်ခွင့်မရတာကိုက ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ဘယ်သူ့ ကို အပြစ်တင်ရမလဲလို မေးလာရင် စာရေးသူကိုပဲ အပြစ်တင်ရမှာပါ။ဒီတော့ စာရေးသူတွေလည်း အရင်ရေးနေကျ မဲပြာပုဆိုး ဇာတ်လမ်းဇာတ်ကွက်ကနေ ခွဲထွက်သွားနိုင်အောင် ရေးနိုင်ဖို့ လိုအပ်တာပါပဲ။

ကိုယ်တိုင်က စာရေးဖို့ ကြိုးစားနေသူဆိုတော့လည်း စာဘယ်လိုရေးရမလဲဆိုတာ
ဆရာကြီးလေသံ
နဲ့ လေသံမပစ်လိုပါဘူး။စာဖတ်သူတစ်ယောက် အနေနဲ့ ပဲ ကိုယ့်ရဲ့ ခံစားချက်ကို မျှဝေချင်ရုံ
သက်သက်ပါလို ယူဆပေး စေချင်တယ်။
………………………………………………………………………………………………………………………..
စာအုပ်တစ်အုပ် ကောက်လှန်လိုက်တာနဲ စစဦးဆုံးဖွင့်ကြည့်မိတာကတော့ မာတိကာပါပဲ။အဲဒီမှာ
ခေါင်းစဉ် နဲ့ ကလောင်နာမည်တွေ တွဲပြီး တွေ့ ကြရမှာပါ။ ဒီနေရာမှာ ပြောချင်တာကတော့ ခေါင်းစဉ်အကြောင်းပါပဲ။နာမည်ရ ကလောင်ရှင်ကြီးဖြစ်နေပေမယ့် စာကောင်းချင်မှ ကောင်းမှာပါ။
စာဖတ်သူက ခေါင်းစဉ်ကို ဖတ်ကြည့်တဲ့အခါ စိတ်ဝင်စားမှုတွေ ၀င်လာဖို့ လည်း စာရေးသူဘက်က
အားထုတ်သင့်လှပါတယ်။ကိုယ်ရေးမယ် စာရဲ့ခေါင်းစဉ်တွေ ဆွဲဆောင်မှု ရှိမှသာ ကိုယ့်စာကို စာဖတ်သူက ဖတ်ချင်စိတ် ရှိမယ်မို့ လား။

ဒါဆို ခေါင်းစဉ်ကို ဆွဲဆောင်မှုရှိလာအောင် ဘယ်လိုရေးကြမလဲ။ကာရန်နဲ့ ရေးမလား၊ထွင်လုံးထည့်
ပြီး ရေးမလား။ဥပမာ - သံယောဇဉ် အမျှင်တန်းတာမို့ ၊မိုးသည်းလို မစဲ၊စာရေးမယ်ကြံ ကလောင်တံ မင်ရည်ကျဲတာမို ဆိုတဲ့ ကာရန်ခါင်းစဉ်တွေနဲ ရေးမလား။ဒါမှမဟုတ်-
ဗျည်းအက္ခရာထဲကဆိုတဲ့ ခေါင်းစဉ်တစ်လုံးတည်းသုံးပြီး  ရေးမလား။စာဖတ်သူ စိတ်ဝင်စားမယ့် ခေါင်းစဉ်ကို တခြားမိတ်ဆွေတွေနဲ့ တိုင်ပင်ပြီးလည်း ရွေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ ခေါင်းစဉ်နဲ့ စာနဲ အစပ်အဟပ်တည့်ဖို့ ပါပဲ။
…………………………………………………………………………………………………………………….
ခေါင်းစဉ် ဆွဲဆောင်မှု ရှိရုံနဲ့ လည်း အထဲကစာ ကောင်းလာမှာ မဟုတ်သေးပါဘူး။
ဒီတော့ အထဲက စာတွေအကြောင်းကို ဆက်ကြရအောင်ပါ။အစကောင်းမှ အနှောင်းသေချာသည်ဆိုတဲ့ ဆိုရိုးအတိုင်း စာရဲ့အစပိုင်းကလည်း အရေးကြီးတယ်မို့ လား။
အစပိုင်းကောင်းအောင် ဘယ်လိုရေးမလဲဆိုတာကတော့ စာရေးသူနဲ့ ပဲ သက်ဆိုင်မှာပါ။ဇာတ်ကို
ပဋိပက္ခတွေနဲ စမလား၊ဇာတ်ရှိန်အမြင့်ဆုံး မတိုင်ခင် တစ်ခန်းအလိုလောက်မှာ စမလား။ဒါတွေကိုတော့ စာရေးသူတွေအနေနဲ ကိုယ်တိုင်သာ စာဖတ်သူ့ဖြစ်ခဲ့ရင် ဘယ်လိုပုံစံနဲ့ စရတာသဘောတွေ့ သလဲ ဆိုတာကို ထည့်တွေးစဉ်းစားသင့်ပါတယ်။
……………………………………………………………………………………………………………………….
အစကောင်းရုံနဲ့ လည်း ဘယ်ပြီးပြည့်စုံလိမ့်မလဲလေ။အစကောင်းပြီး အဖျားရှုးသွားတယ်ဆိုတဲ့ စကားကိုလည်း ကြားဖူးကြမှာပါ။

ဇာတ်စစဖွင့်ချင်း သယ်လာသမျှ အနှစ်တွေ သဲထဲရေသွန်သွားတာမျိုး
မဖြစ်အောင်လည်း သတိထားရမှာပါ။ဒီကြားထဲမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာက ဘာလဲ။
အဲဒီအကြောင်းအရာက ဦးတည်ချက် တစ်ဖြောင့်တည်း ဖြစ်နေဖို့ လည်း လိုပါတယ်။ဥပမာ-
ကိုယ့်အမေအကြောင်း ရေးရင် အမေက အဓိက ဇာတ်ကောင်၊ကျန်တဲ့ သာသမီး လင်ယောက်ျားတွေက ဇာတ်ရံအဖြစ်နဲ့ ပါဝင်သင့်ပါတယ်။ဇာတ်ရံနဲ့ ပတ်သက်တာတွေ ရေးရင်လည်း ဇာတ်ဆောင်နဲ့ တနည်းတဖုံ ပတ်သက်ရာ ပတ်သက်ကြောင်းလေးတွေ ထည့်ရေးမှ
သာ ဦးတည်ချက် တဖြောင့်တည်း ဖြစ်နေမှာပါ။ဒါကြောင့်လည်း ကိုယ်ရေးတဲ့စာတွေ ဦးတည်ချက်
တဖြောင့်တည်း ဖြစ်မလားဆိုတာကို ထည့်သွင်းစဉ်းစားရမှာပါ။

ဇာတ်သိမ်းမှာ အဖျားရှုးတာမျိုး မဖြစ်ဖို့ ကျတော့ ကိုယ်ကြိုက်ဖူးတဲ့ ၀တ္ထုဇာတ်သိမ်းလေးတွေကို
ပြန်ဖတ်ကြည့်ပြီး ဝေဖန်ဆန်းစစ်ရမှာပါပဲ။ဇာတ်သိမ်းကို ပရိသတ် ရင်မောသွားလောက်အောင်
ရေးမလား၊ဒိုင်ယာလော့ခ် တစ်ကြောင်းတည်းသုံးပြီး ၀တ္ထုတစ်ပုဒ်ကို လင်းလက်သွားအောင်
ရေးမလား၊ဒွိဟလေးထားပြီး ပရိသတ်တွေကို မတင်မကျဖြစ်လာအောင် ဇာတ်သိမ်းချင်ပါသလား။
ကိုယ်နှစ်သက်တဲ့ ပုံစံနဲ့ ဇာတ်သိမ်းလို့ ရပါတယ်။
……………………………………………………………………………………………………………………….
ကဲစာတစ်ပုဒ်တော့ ရေးပြီးသွားပါပြီ။စာကို စကားပြေနဲ့ ရေးထားသလား၊စကားပြောနဲ ရေးထား
သလားဆိုတာကို သွားစစ်ကြရအောင်ပါ။သတိပြုရမှာကတော့ စကားပြေ၊စကားပြော ရောထွေးနေတာမျိုး မဖြစ်ဖို့ ပါ။  “နှင့်” “နဲ သော” “တဲ့ကအစ စစ်ဆေးသင့်လှပါတယ်။
အခုတလော Best Sellers စာရေးဆရာတွေတောင်  ဒီလို ရောနှောတာမျိုးတွေ တွေ့ နေရတာပါ။ ဒါလည်း မြန်မာစာပေကို ပျက်စီးစေနိုင်တဲ့အတွက် သတိထားဖို့  လိုအပ်ပါတယ်။(ကိုယ်တိုင်လည်း ရောထွေးနေတာပါပဲ။)စကားပြေ စကားပြောတွေကို သတိထားပြီး စာရေးတော့ အရင်ကထက် အမှားနည်းနိုင်သလို မြန်မာစာပေကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။

နောက်ထပ်ပြောလိုတာကတော့ စာလုံးပေါင်း သတ်ပုံပါပဲ။စာလုံးပေါင်း သတ်ပုံတွေကို အယ်ဒီတာတွေက ပြင်ပေးလို့ ရပေမယ့် စာရေးသူလုပ်နေပြီးဆိုတော့ အမှားနည်းနိုင်သလောက်
ကြိုးစားရေးဖွဲ့ သင့်ပါတယ်။ဘယ်လောက်ပဲ နာမည်ရကလောင်ရှင်ကြီး ဖြစ်နေပါစေ။စာလုံးပေါင်း
သတ်ပုံလေးတောင် မှန်ကန်အောင် မရေးတတ်တဲ့ စာရေးသူတွေကို ဘယ်အယ်ဒီတာကများ
အထင်ကြီးနိုင်မလဲဆိုတာကို တွေးကြည့်ကြဖို့ ကောင်းပါတယ်။အရေးအသား၊အဖွဲ့ အနွဲ့ တွေ ဘယ်လောက်ပဲကောင်းကောင်း စာလုံးပေါင်း သတ်ပုံလေးတောင် မှန်ကန်အောင် မရေးတတ်မှတော့ မြန်မာစာပျက်စီးသွားအောင် လုပ်တဲ့ တရားခံတွေပဲပေါ့။(စာလုံးပေါင်း တချို့ တလေ မှားတာကိုတော့ လူတိုင်းလိုလို ဖြစ်ဖူးကြမှာမို အမှားများသူတွေကို
သတိပေးလိုက်တာပါ)
……………………………………………………………………………………………………………………….
ကိုယ်တိုင်က စာရေးဖို ကြိုးစားနေသူဆိုတော့လည်း ကိုယ်ဘယ်လို စာမျိုးတွေ ဖတ်ချင်သလဲ ဆိုတာကို ချဉ်ခြင်းတပ်မိတာပါ။ကိုယ်တိုင်က စာလေးတွေ မတောက်တခေါက်လေးသာ ရေးနိုင်ပေမယ့် စာဖတ်သူတစ်ယောက်အနေနဲ သုံးသပ်ကြည့်တာပါပဲ။စာဖတ်သက်ရင့်လာတဲ့အခါ
စာအ်ီလာတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ဒါကြောင့်လည်း အရေးအသားကျွမ်းကျင်ပိုင်နိုင်ကြတဲ့ စာရေးသူတွေဆီကနေ ဆန်းသစ်တဲ့ တင်ဆက်ပုံ၊လှပတဲ့ အတွေးအခေါ်၊ညက်ညောတဲ့ အရေးအ
သားလေးတွေကို မျှော်လင့်နေမိပါတယ်။စာရေးသူများအာလုံးလည်း မဲပြာပုဆိုး ပုံစံခွက်ထဲကနေ
ရုန်းထွက်နိုင်ကြပါစေ……………….
                                                                     ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                     New Style မဂ္ဂဇင်း
                                                                     ၂၀၁၃ခုနစ် စက်တင်ဘာလထုတ်

No comments:

Post a Comment