ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, July 10, 2014

သတိ...ပေါက်ကွဲတတ်သည်


တလောက ထော်ထော် ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဘာတဲ့။တရုတ်အမျိုးသမီးတစ်ယောက် i Phone အားသွင်းရင်းနဲ့  ဖုန်းဆက်စကားပြောနေတဲ့အချိန်မှာ ဖုန်းပေါက်ကွဲသွားလို့  အဲဒီအမျိုးသမီးလည်း သေပွဲဝင်သွားတယ် ဆိုလားပဲ။ထော်ထော်တို့  တစ်ဆောင်လုံးလည်း

အဲဒီအကြောင်းကို ပြောနေကြတော့တာပေါ့။ဖုန်းအားသွင်းရင်းနဲ့  ဖုန်းဆက်စကားမပြောမိကြဖို့  အချင်းချင်းလည်း အပြန်အလှန် သတိပေးနေကြလေရဲ့။

                                          ..................

အခုခေတ်ဆိုတာ သိတော်မူကြတဲ့အတိုင်း ဖုန်းဆင်းကဒ်တွေကို မဲနှိုက်ပြီး မဲပေါက်တဲ့ လူတွေကိုမှ ဖုန်းဆင်းကဒ်တွေကို ထောင့်ငါးရာနဲ့  ရောင်းချပေးနေတယ်မို့ လား။တချို့ ကျတော့လည်း ကိုယ်ပေါက်ထားတဲ့ ဖုန်းဆင်းကဒ်တွေကို ဈေးကြီးကြီးနဲ့  ထုတ်ရောင်းတတ်ကြလေရဲ့။CDMA အမျိုးအစား ဖုန်းဆင်းကတ်ဆို ခုနစ်သောင်းကနေ ကိုးသောင်းဝန်းကျင်အထိ ဈေးရှိပြီး GSM အမျိုးအစား ဖုန်းဆင်းကတ်ကျတော့ တစ်သိန်းကနေ တစ်သိန်းခွဲဝန်းကျင်အထိ အစားစား ဈေးရှိကြပါတယ်။ဒီတော့လည်း ထော်ထော်တို့  အဆောင်ထဲကနေ လူတွေ ဖုန်းတစ်ယောက်တစ်လုံးစီ ပိုက်ထွေးပြီး "ဟယ်လို" "ဟယ်လို" နေကြတာ မဆန်းဘူး ထင်ပါရဲ့။ဒါတင် ဘယ်က မလဲ။ကွန်ပျူတာ လပ်တော့တွေတောင် ရှိထားကြပါသေးရဲ့။

ထော်ထော်တို့  အဆောင်ဆိုတာက အခန်းတစ်ခန်းကို ခုနစ်ယောက် အိပ်ရတာပါ့။နှစ်ဆယ်ပေပတ်လည် အခန်းမို့  ကျဉ်းလည်းကျဉ်း ကျပ်လည်းကျပ်ပါရဲ့း။ကိုယ့်အ၀တ်ထုပ်နားမှာ ဖျာခင်းပြီး အိပ်ရတာမို့ လို့  ကိုယ့်အ၀တ်ထုပ်တွေနဲ့  တင် အသက်ရှုရတာ မချောင်ပါဘူးရယ်။ဘယ်တတ်နိုင်ပါ့မလဲလေ။တစ်လကို တစ်သောင်းခွဲဆိုတဲ့ အဆောင်လခက ဒီရန်ကုန်ရွှေမြို့ တော်ကြီးမှာရှာမှရှားတဲ့ ဗိမာန်ဘုံပဲမို့ လား။ ကျောတစ်ခင်းစာအတွက်ဆိုတော့ ဒီလိုပေပဲပေါ့။

တကယ်တော့ ကျောတစ်ခင်းစာရဲ့ နောက်ဆက်တွဲပြဿနာက ဒီလောက်တင်မှ မဟုတ်လေပဲ။အင်း...ပလပ်ပေါက် ပလပ်ပေါက်။ဟုတ်တယ်။ပလပ်ပေါက် နှစ်နေရာပဲ ရှိတဲ့ကြားထဲ သူတို့ တွေက ထော်ထော်အိပ်ရာနားက ပလပ်ပေါက်ကိုပဲ လာလာအားသွင်းတတ်ကြတယ်။အခန်းတံခါးနားက ပလပ်ပေါက်ကိုတော့ တစ်ခါတလေကျမှပဲ  သုံးဖြစ်တတ်ကြတယ်လေ။ဒီတော့ ကိုယ့်ဖျာဘေးမှာ ဖုန်းအားသွင်းကြိုးတွေ လပ်တော့အားသွင်းကြိုးတွေနဲ့  ရှုပ်ယှက်ခတ်တော့တာပေါ့။နဂို ခပ်ကြောင်ကြောင်းအတွေးရှိတဲ့ ထော်ထော်လည်း ဒီဖုန်းတွေ ဒီလပ်တော့တွေ အားသွင်းထားရင်းနဲ့  အခန့် မသင့်လို့  ပေါက်ကွဲကုန်ရင် ငါတော့ သေရတော့မှာပဲလို့  တွေးကြောက်နေမိတော့တယ်။ ညအိပ်ရာဝင်တိုင်းလည်း ဒီအကြောင်းက ၀င်ဝင်လာတတ်ပါရဲ့။အင်းလေ... ခုတလော ထော်ထော့်ခေါင်းထဲမှာတော့ အဆောင်ပိုင်ရှင်ရဲ့ ပါးစပ်ပေါက်ထက် အဲဒီအားသွင်းထားကြတဲ့ ဖုန်းတွေ လပ်တော့တွေကိုပဲ လန့် ဖျပ်နေမိတော့တယ်လေ။

ဒီကြားထဲ ဟိုမအေနှမက ကောင်မလေးတွေနဲ့  ဖုန်းဆက်ဖြစ်တိုင်း စပီကာကြီးဖွင့်ပြီး အော်ကြီးဟစ်ကျယ်နဲ့  ဖုန်းပြောတတ်တယ်လေ။ဒါတင်မက ဖုန်းပြောရင်း တန်းလန်းနဲ့  တဟီးဟီး တဟားဟား လုပ်လိုလုပ်၊ကြမ်းပြင်ကို ခြေတွေလက်တွေနဲ့  တဖျင်းဖျင်း ဆောင့် ဆောင့်ပြီး အူမြူးလိုမြူး လုပ်တတ်ပါသေးတယ်။ပြောပစ်လိုက်ရင်လည်း ကိုယ်ကိုယ်ပဲ အဆိုးဆိုနေပါဦးမယ်လေ ဆိုပြီး သည်းညည်းခံလိုက်ရပါတယ်။ဘယ်တတ်နိုင်ဦးမလဲလေ။

                                          .............................

အခုတလော ရန်ကုန်နဲ့ တချို့ မြို့ နယ်တွေမှာ ဗုံးပေါက်ကွဲသံတွေ စည်စည်ညံနေတယ်လို့  ကြားသိထားရလေရဲ့။ဒီကြားထဲ ကလေးတွေကလည်း ဗြောက်အိုးဖောက်နေကြတော့ ဗြောက်လေလား ဗုံးလေလားဆိုပြီး ထော်ထော်လည်း မသဲကွဲဘူးရယ်။အဆောင်သားတစ်ယောက်ကတော့ သူ သင်တန်တက်ပြီးလို့  ပန်းဆိုးတန်းမှာ ကားစောင့်နေတုန်း အမှိုက်ပုံးထဲမှာ ဗုံးထောင်ထားတာကို ရှင်းလင်းနေကြတာ မြင်လိုက်ရတယ်တဲ့။ဘယ်နှကိုက်အကွာ ကြည့်ကြပါလို့  မှာထားလေတော့  စိတ်ဝင်စားနေကြတဲ့ လူတွေလည်း အဲဒီကာထားကြတဲ့ ကြိုးနားမှာ ခေါင်းလေးတွေ ပြူတစ် ပြူတစ်နဲ့  အုံကြလို့ ။ဒါတင်မက နေ့ တိုင်းနေ့ တိုင်း မသင်္ကာတဲ့ အထုပ်တွေကိုလည်း ဟိုနေရာ တွေ့ လိုက် ဒီနေရာ တွေ့ လိုက်နဲ့  ဗုံးရှင်းလင်း ရတဲ့လူတွေလည်း အလုပ်ပိုသွားကြတော့တာပေါ့။

အဲဒီလို အချိန်မှာပဲ ထော်ထော်တို့ အဆောင်ပေါ်ကို ဆန်အိတ်တစ်လုံး ရောက်ချလာပါတော့တယ်။ကျွဲကောသီး ထည့်ထားတဲ့ ဒီဆန်အိတ်ကို လာပို့ ပေးသူက အဆောင်ပိုင်ရှင် ပေးပို့ ခိုင်းလိုက်ပါတယ်လို့  ပြောသွားပါသေးရဲ့။အဆောင်ပိုင်ရှင် ရောက်
လာတော့ သူ မပို့ ခိုင်းဘဲ ရောက်လာတဲ့ ဆန်အိတ်ကို မြင်လည်း မြင်ရော ထော်ထော်တို့ ကို ပေါက်ကွဲပစ်တော့တာပဲ။

"ဒီဆန်အိတ်ကို ဘာလို့  လက်ခံရတာလဲ၊အထဲမှာ ဗုံးပါလာရင် တစ်ဆောင်လုံး သေသွားကြမှာ၊ဒီကြားထဲ ငါပါ အဆစ်ပါပြီး ထောင်ကျသွားနိုင်တယ်"

ဆိုပြီး ဆူလိုက်ပူလိုက်တာလည်း လွန်ပါရော။မသိရင် အဲဒီ ကျွဲကောသီးတွေ ကို သူ မယူတာ ကျနေတာပဲလို့  ထော်ထော်ဘုတောတောနဲ့  တွေးနေမိတော့တယ်။အင်းလေ၊ဘယ်တတ်နိုင်ဦးမလဲ။

သူက အဆောင်ပိုင်ရှင်မို့ လို့  ဆူပူတာတွေကို ထော်ထော်တို့  သည်းခံရတော့မှာပေါ့။

                                         ...........................

သည်းခံရတာတွေ များလာတာနဲ့ အမျှ ထော်ထော်လည်း စိတ်မရှည်ချင်တော့ဘူး။စိတ်တိုတိုနဲ့  အိပ်ပျော်သွားလိုက်တာ သီချင်းသံကျယ်ကျယ်ကြားတော့မှ လန့် နိုးလာတော့တယ်။ဘယ်သူ ရှိမလဲ။ဟို မအေနှမပေါ့။သီချင်း အကျယ်ပြီး ဖွင့်ပြီး ဒူးလေးဘာလေးနန့် လို့  အော်ကြီးဟစ်ကျယ်နဲ့  သီချင်းအော်ဆိုနေလေရဲ့။ဒေါသတွေ အလိပ်လိုက် ထွက်ရင်း ပေါက်ကွဲပစ်လိုက်မိတယ်။

"ဟေ့ကောင်...ငါ အိပ်နေတာ တွေ့ ရက်နဲ့  ဘာလို့  သီချင်းအကျယ်ကြီး ဖွင့်ထားရတာလဲ...၊မင်း လူမှုရေး နားမလည်ဘူးလားကွာ"

ဟိုကောင်လည်း ကိုယ့်ကို ထီမထင်တဲ့ ပုံစံနဲ့ 

"လူအများနဲ့  နေရင် သည်းညည်းတော့ ခံရမှာပဲ၊လူအများနဲ့  မနေချင်ရင် တောထွက်ပြီး နေပါလား အစ်ကို"

"အေး... မင်းလို လူစကားနားမလည်တဲ့ ကောင်နဲ့  ပြောရတာ ပါးစပ်သနတယ်၊ငါ့အလှည့်ကျမှ မင်း ငါ့အဆိုးမဆိုနဲ့ ..."

ဟင်း။ဒေါသထွက်ထွက်နဲ့  အိပ်ပစ်လိုက်တာ တော်တော်နဲ့  အိပ်မပျော်ဘူး။အဲဒီမအေနှမအကြောင်း တွေးရင်း ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် ဆောင့်တက်လာတော့တယ်။အတန်ကြာလာတော့ လစ်လျူရှုလိုက်တာပဲ ကောင်းမှာပါလို့  တွေးမိပြီး
အိပ်ပျော်အောင် စိတ်လျှော့ပစ်လိုက်တယ်။အဲဒီအချိန်မှာပဲ ပြန်လည် အိပ်ပျော်သွားတော့တယ်။
  
                                                   ...........................

ဒီနေ့ ထုတ် မြန်မာ့အလင်း သတင်းစာတစ်စောင်ကို ထော်ထော် ဖတ်ရင်း ဗုံးဖောက်ခွဲတဲ့ သတင်းကို တွေ့ ပြီး စိတ်ဝင်တစားနဲ့  ဖတ်ကြည့်လိုက်မိတယ်။သတင်းစာထဲမှာ မသင်္ကာဖွယ်

လူတချို့ ရဲ့ ဓာတ်ပုံကို ကြည့်မိတော့ ဘုရား၊ဘုရား။ထော်ထော်နဲ့  တူလှချည်လား။ဓာတ်ပုံအောက်ကို ကြည့်လိုက်တော့ ထော်ထော်(ခ) ထော်ဦး(ဘားအံကွန်ပျူတာ)။ဟား။ငါ မဟုတ်ဘူး။ဗုံးဖောက်ခွဲတာ ငါမဟုတ်ဘူး။ဘာလို့  ငါ့ကို မသင်္ကာရတာလဲကွာ။

                    "သွားစမ်း...သွားစမ်း.."


သတင်းစာကို ဆွဲဆုတ်ပစ်လိုက်တဲ့ အချိန်မှာပဲ အနားမှာ "ဖောင်း...ဖောင်း...ဖောင်း" ဆိုပြီး အသံပေါ်လာတော့တယ်။
  
                                                       .....................

                                "ဖောင်း...ဖောင်း...ဖောင်း"

ဗြောက်အိုးဖောက်သံကြောင့် အိပ်ရာကနေ ထော်ထော် လန့် နိုးလာတယ်။ဇောချွေးတွေလည်း ပျံလာလို့ ။အနားမှာ ရှိတဲ့ မြန်မာ့အလင်းသတင်းစာကို လှန်ကြည့်လိုက်တော့ မသင်္ကာဖွယ် လူတချို့ မှာ ထော်ထော် မပါရေးချ မပါ။
ဟင်း...ဒါက တကယ်မဟုတ်ဘူးပေါ့။အဲဒါက အိပ်မက် မက်တာပဲ ဖြစ်နိုင်တယ်။အင်းလေ... ပေါက်ကွဲတဲ့အကြောင်းတွေ တွေးနေတတ်တဲ့ ထော်ထော့်ကို အိပ်မက်က ပေါက်ကွဲလိုက်တာပဲ ဖြစ်မယ်။

အင်း...အဲဒီလိုသာ အပြင်မှာ တကယ်ဖြစ်သွားရင် ခင်ဗျားတို့ ရော ဘယ်လိုလုပ်ဖို့  စဉ်းစားထားကြသေးလဲ။ထော်ထော့်ကို ပြောပြပေးကြပါဦး။

     ထော်ဦး(ဘားအံကွန်ပျူတာ)  

ပဲ့တင်သံဂျာနယ်    
၂၀၁၃၊အောက်တိုဘာ ၃၁ရက်နေ့ ထုတ်                                                               

1 comment:

  1. ဖတ်ရှုအားပေးခဲ့ပါတယ်။ ရှင်းလင်းတဲ့ အရေးအသားတွေကိုလည်း သဘောကျခဲ့ပါတယ်

    ReplyDelete