ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, June 1, 2014

ခရီးဝေးကို သွားစို့ ကွယ်


ငါသေသွားပြီ။ ဟင့်အင်း ငါအခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ။ ငါဘာကြောင့် အစောကြီး သေရတာလဲ။
လောကကြီးက ငါ့အပေါ် မတရားဘူး။ မရဘူး။ ငါ့ကိုယ်ထဲကို ပြန်ဝင်မယ်။ ဟင်း၊ ငါဝင်လို့ မရအောင် ဘာဖြစ်လို့ ပူလောင် နေရတာလဲ။ ငါ၊ ငါ တကယ်ပဲ သေသွားပြီပေါ့။
ငါ ဘာတွေ ဆက်လုပ်ရမလဲ။ အသက်ရှင်တုန်းက လုပ်ရမယ့် အလုပ်တွေ တန်းလန်းကြီး ကျန်နေသေးတယ်။
ဘာမှ မဖြစ်မြောက် လာသေးဘူး။

“ကလောင်၊ ကလောင်”

ဟင်း။ ညနှစ်နာရီတောင် ထိုးနေပြီလား။ ကလောင်၊ ကလောင်တဲ့။ ဟုတ်တယ်။ ငါ့ကလောင်တံကိုတောင် ငါ မကိုင်ဖြစ်တာ ကြာပြီ။ ငါ စာရေး ချင်လိုက်တာ။ ဒါပေမဲ့ ရေးခွင့် မရတော့ဘူး။ ငါ ဒီမှာ ထပ်နေရင် ၀မ်းနည်းတာ ကလွဲပြီး ဘာမှ တတ်နိုင်မှာမှ မဟုတ်တာ။ ငါ အပြင်ကိုပဲ ထွက်လိုက်တော့ မယ်။ ဒီက အဆောင်ရယ်၊ ဒီက ကျောင်းတော်ကြီးရယ်၊ ဒီက သူငယ်ချင်းတွေရယ်၊ ဒီက ဆရာ၊ ဆရာမများတွေရယ်၊ ငါ အားလုံးကို ငါ နှုတ်ဆက် လိုက်ပါတယ်။
....................... .................................................................................................

ငါ အပြင်ကို ရောက်တော့ ပတ်ဝန်းကျင်ကို လေ့လာမိတယ်။ ဘုရား၊ ဘုရား။ ငါစာတွေထဲမှာ ဖတ်ဖူးတဲ့ ၁၈၉၀ ခုနှစ်လောက်က လန်ချားတစ်စီး၊ ဟိုးအဝေးဆီကနေ လူတစ်ယောက်က လန်ချား တစ်စီးကို ဆွဲနေလို့ပါလား။ အထဲမှာလည်း လူကြီးလူကောင်း တစ်ယောက် ရှိလေရဲ့။ ငါ့ကို လာခေါ်တာလား။ ငါ မလိုက်ချင်သေးဘူး။ ငါ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ ငါ သေတာကို ငါ့အမေများ သိရင် ရင်ကျိုးရှာမှာ။ အမေကို မတွေ့ရတာ သုံးလလောက် ရှိပြီ။ နောက်ဆုံး အနေနဲ့ ငါအမေ့ကို တွေ့ချင်နေပါသေးတယ်။ ကံကောင်းတယ်လို့ ပြောရမယ်။ ငါ မသေခင် နှစ်ရက်သုံးရက် အလိုမှာ ဘုရားသုံး ဆူမြို့က အမေ့ဆီကို ငါဖုန်းဆက်လိုက်ပါသေး တယ်။

“အမေ သားဖျားနေတယ်။ သားဆီကို အမြန် လာလည်ပါနော်”လို့ ပြောမိသေးတယ်။ အဲဒီဖုန်း ဆက်တဲ့နေ့မှာ တကယ်ပဲ စိတ်ထဲမှာ တစ်မျိုးကြီး ရယ်။ အမေ့ကို တွေ့ချင်လိုက်တာလေ။ လမ်း ခရီးက ကြမ်းတော့ ဘုရား သုံးဆူမြို့ကနေ သံဖြူ ဇရပ်မြို့ကို ရောက်ဖို့ တစ်ရက်လောက်တော့ အချိန်ကြာတယ်။ အမေ ဘားအံကို ချောချောမောမော ရောက်ပါစေ။ ဒါမှ ငါ့အသုဘကို အမေ ပို့နိုင်မှာလေ။ ငါ သေတာကို အမေသိရင် ဘယ်လို နေမှာလဲ။ အမေ ငိုနေတာကိုတော့ ငါမကြည့် ရက်ဘူး။

ဟော၊ တွေးရင်း တွေးရင်း လန်ချား ငါ့ အနားကို ရောက်လာတယ်။ အထဲမှာ ရှိတဲ့ လူကြီးက ဆင်းလာပြီး ငါ့ဆီကို ဦးတည်လာတယ်။ ငါ့ကို စေ့စေ့ ကြည့်ရင်းနဲ့လေ။ အို၊ ငါ့မျက်ရည်တွေ တာကျိုးလာသလို စီးကျနေပါလား။ ငါ ခေါင်းငုံ့ရင်းနဲ့ လူကြီးကို ပြောနေမိတယ်။

“ကျွန်တော်လေ..ကျွန်တော်” လို့ ပြောပြီး မျက်ရည် စီးကျလာပြန်ရော။ ဘာတွေ ဆက်ပြော ရမှန်းလည်း မသိတော့ဘူး။ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရင်း အတန်ကြာတော့မှ
“ကျွန်တော် ဒီမှာပဲ ခဏဖြစ်ဖြစ် နေချင်ပါ သေးတယ် ဆရာ”လို့ ပြောမိတယ်။ လူကြီးက

“ဒီမှာ သူငယ် မင်းခံစားရတာကို ဆရာ နားလည်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးတယ် ဆိုတော့ မင်းမိဘတွေ၊ မင်းသူငယ်ချင်းတွေ၊ မင်း ဆရာ ဆရာမတွေ ဘယ်လောက်ထိ စိတ်ထိခိုက် မလဲဆိုတာကို မင်း သိချင်မှာပေါ့။ ဆရာ မင်းကို ဆယ်ရက်အချိန်ပေးမယ်။ မင်းအမေကို စိတ်မပူနဲ့တော့။ မနက်အစောကြီး အမြန်ကားနဲ့ ထွက်လာမှာ။ ဒီကို ကိုးနာရီလောက်ရောက်မယ်” တဲ့။

ငါ ၀မ်းသာလိုက်တာ။ ဒါပေမဲ့ ငါအခု ဘယ်သွားရမလဲ။ ငါ့ကြောင့် လူတွေငိုနေတာကို ငါ မမြင်ချင်ဘူး။ လူကြီးကတော့
“မင်း လူတွေ ငိုတာကို မကြည့်ချင်ဘူး မဟုတ်လား။ ဆရာနဲ့ခဏ လိုက်ခဲ့လေ။ မင်း လူဆွဲရတဲ့ ဒီလန်ချားကို စီးချင်နေမှာပဲ။ အသုဘ ချပြီးမှ လူ့ပြည်ကို ဆရာပြန်ပို့ ပေးမယ်”လို့ ပြော တယ်။ ငါလည်း  ဆရာပြောတဲ့အတိုင်း လန်ချား စီးပြီး လိုက်သွားဖြစ်တယ်။

ကြည့်စမ်း၊ ငါ လန်ချားကို စီးနေရပြီတဲ့။ ယိုးဒယား ဇာတ်လမ်းတွဲတွေထဲမှာ လန်ချားစီးနေ ကြတာကို ကြည့်ပြီး ငါအားကျ နေမိတယ်လေ။ အင်း၊ ငါ မသေဖြစ်ရင် ကောင်းသား။ ဒါမှဒီ အကြောင်းတွေကို ၀တ္ထု ရေးဖြစ်မှာ။ အခုတော့ ၀တ္ထုတိုတစ်ပုဒ်တည်းနဲ့ လူတွေငါ့ကို မေ့လောက် ပြီ ထင်တယ်”

လန်ချားကလည်း တောင်တန်းတွေကို ဖြတ် ကျော်ပြီး သွားနေတယ်။ ပန်းခင်း လှလှလေးတွေ၊ စမ်းချောင်း လှလှလေးတွေ၊ သစ်တောလှလှလေး တွေ ဖြတ်ကျော်လို့ပေါ့။ ထူးဆန်းတဲ့ ငှက်တွေကို လည်း တွေ့လိုက်ရသေးတယ်။ အချိန်ကြာလာ တော့ လန်ချားက ရပ်သွားတယ်။ လူကြီးက-

“ကဲ၊ မင်း လူ့ပြည်ကို ပြန်လို့ရပြီလို့ ပြောပြီး၊ မျက်စိရှေ့မှာတင် အားလုံးပျောက်ကွယ်သွား တယ်။
........................................................................................................................

သေပြီး ငါးရက်မြောက်တဲ့နေ့။
ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်မှာ သူငယ် ချင်းတစ်စုက ငါ့အကြောင်း ပြောနေကြတယ်။
“သူ အဖျား ၁၀၅ လေးနဲ့ ဆုံးသွားတယ်ဆို၊ ဟုတ်လား”

“အေး၊ ဟုတ်တယ်။ ဆုံးတုန်းကတောင်  ငါလှုပ်နိုးတာ မရလို့ အဆောင်မှူးကို ခေါ်ပြီး၊ ကြည့်ခိုင်းတာ”
“အင်း၊ သူ့ခမျာ ကျွတ်မှ ကျွတ်ပါ့မလား မသိဘူး”

“ငါတို့တောင် ဆရာမကြီးကို “ဒီကျောင်းသူနဲ့ မဆိုင်တော့ဘူး ဆိုပြီး အမိန့်ချစေချင်တာ၊ ဆရာမကြီးက မလုပ်နိုင်ဘူးတဲ့လေ”

“ဒါဆို၊ သူက ကျွတ်လွတ်မှာ မဟုတ်ဘူးပေါ့။ သနားပါတယ်နော်။ သူ့ခမျာ သေမှန်း တောင် သိရှာမှာ မဟုတ်ဘူး”လို့ ပြောဆိုနေကြ တယ်။

သြော်၊ လူတွေများ ခေတ်ပညာတတ် ဖြစ်ပြီးတော့ အတွေး ခေါင်နေလိုက်ကြတာ။ ငါဘာဖြစ် လို့ မကျွတ်ရမှာလဲ။ ဒီမှာ ငါ ဆယ်ရက်လောက် လာလည်ပြီးရင် ကျွတ်မှာပေါ့။ တကယ်ပါပဲ။ စိတ်ပျက်လိုက်တာ။ ဒါနဲ့ပဲ ငါ တခြား တစ်နေရာကို ထွက်သွားလိုက်တယ်။
........................................................................................................................

ဒီကောင်မလေးနဲ့ ငါ သိပ်မခင်ပေမဲ့ ရယ်စရာတွေလည်း ပြောတတ်၊ ခင်ဖို့လည်း ကောင်းတယ်ဆိုပြီး သူငယ်ချင်းတွေက ပြောကြတာပဲ။ ငါ့ရဲ့ ၀မ်းနည်းစိတ်တွေ ပျောက်အောင်ဆိုပြီး ငါ သူ့အိမ်ကို ရောက်လာတယ်။ အိမ်ထဲကို မ၀င်ခင် ကတည်းက ကောင်မလေးရဲ့ အသံကိုကြားနေရ တယ်။ ထင်တဲ့အတိုင်း ငါ့အကြောင်းပဲပေါ့။

“အမေရေ ဒီဓာတ်ပုံထဲက ကောင်လေးကို   သိလား၊ သမီး ပြောပြောနေတဲ့ စာရေးဆရာလေ”

“ပြစမ်း၊ သြော် သိပြီ။ သမီးပြောတဲ့ ၀တ္ထု တစ်ပုဒ်တည်းပါတဲ့ ကောင်လေး မဟုတ်လား”

“ဟုတ်တယ် အမေရေ၊ အခုတော့ သူ ဆုံးရှာ ပြီ”

“ဟင်၊ ဟုတ်လား။ ဘယ်လိုကနေ ဘယ်လိုဆုံး သွားတာလဲ”

“မသိပါဘူး။ ၀တ္ထုတစ်ပုဒ်တည်းပါလို့ စိတ် ဓာတ်တွေ ကျပြီး ဆုံးသွားတာ နေမှာပေါ့ ဟင်း ဟင်း။ ဆုံးတုန်းကတောင် သူတော်တော် ပိန်သွား တာပဲ မေမေရဲ့”

“ဟင်၊ မဟုတ်မှ လွဲရော၊ ဒီကောင်လေး ဆေးခြောက်ရှူတာ လွန်သွားလို့ ဆုံးသွားတာနေမှာ၊ အခုခေတ် လူငယ်တွေက လွယ်တာ မဟုတ်ဘူး။ အဆောင်မှာ နေတဲ့ လူဆိုတော့ ပိုဆိုးတာပေါ့ သမီး”

“အင်း၊ သမီး ထင်တာတော့ စိတ်ဓာတ် အကြီးအကျယ် ကျလို့ ပိုးသတ်ဆေး သောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ် နေမှာ”

“ဟား...၊ သမီး ပြောတာ ဖြစ်နိုင်တယ်။ ဟား...ဟား...”

“ဟင်း..ဟင်း..”
ဆိုပြီး သားအမိနှစ်ယောက် ရယ်နေကြတော့ တယ်။ တော်တော် မိုက်ရိုင်းတဲ့ သားအမိ။ ခင်ဗျားတို့ ပြောနေကြတဲ့ ဆေးခြောက်တွေကို ရှူနေရတဲ့ အထိ ငါ့မှာ အသိတရားတွေ ကင်းမဲ့နေတာ မဟုတ်ဘူး။ အဖန်ငါးရာ ငါးကမ္ဘာလည်တဲ့ အထိလည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံမှာ မဟုတ်ဘူး။ သူ့အလိုလို သေချိန်ရောက်လို့သေတာ။ ခင်ဗျားတို့ လည်း တစ်နေ့နေ့ တစ်ချိန်ချိန်တော့ သေရမှာပဲ။ အခုတော့ ခင်ဗျားတို့ သေခြင်းတရားကို မေ့ပြီး ရယ်နေကြဦးပေါ့လေ။ ဟူး...ဒေါသထွက်ထွက် နဲ့ ပြောနေပေမဲ့ သူတို့မှ မကြားတာ။ ငါ အမေ့ အိမ်ကိုပဲ သွားတော့မယ်။
......................................................................................................................
မနက်အစောကြီး။ ငါ အမေ့အိမ်ကို ရောက်လာတယ်။ အမေက ဈေးသွားနေတယ် ထင်တယ်။ မှန်ဗီရိုထဲမှာတော့ ငါ ဘွဲ့ရထားတဲ့ ဓာတ်ပုံကို ထားထားတယ်။ အဲဒီနားမှာ ပင်းဖလက်လေး တစ်စောင်။ အဲဒီ ပင်းဖလက်မှာ ငါ့ပုံကို ပန်းချီ ဆွဲထားလို့ပါလား။ ပန်းချီရဲ့ အောက်မှာတော့ "ထော်ဦး(ဘားအံကွန်ပျူတာ)"တဲ့။ ပန်းချီရဲ့ အပေါ်မှာတော့ “စာရေးသူ၏ ပထမဦးဆုံး အကြိမ်နှင့် နောက်ဆုံး အကြိမ်ရေး သားထားသော "ကျွန်တော် စာရေးဆရာ" ဟူသည့် ၀တ္ထုတို တစ်ပုဒ်ကို အမှတ်တရ အဖြစ် ဖော်ပြပေးထားပါသည်”ဆိုပဲ။

ဘုရား၊ ဘုရား။ ၀တ္ထုတိုတစ်ပုဒ်တည်းနဲ့ ငါအဲဒီလောက် အထိ ခရီး ပေါက်လို့ နေပါလား။ ဟိုသားအမိ နှစ်ယောက် ငါ့ပင်းဖလက်ကို တွေ့ရင် ဘယ်လို မျက်နှာမျိုး ဖြစ်နေမလဲ မသိ။ ငါလည်း စာရေးဆရာမ မာဂရက် မစ်ချယ် Gone With the Wind လို တစ်ပုဒ်တည်းနဲ့ တင်ကျန်ရစ်နေပြီ ထင်တယ်။ ပြီးတော့ စာရေးဆရာမ ဂျင်ဗားနီးယားဝုဒ်လို ငါ့ဘ၀ ဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ကြရင် ကောင်းမှာ။ အဲဒီစာရေးဆရာမ အကြောင်း ရုပ်ရှင်ရိုက်လို့ နီကိုးကစ်မန်း တောင်The Hours ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့  အော်စကာဆု ရသွားတယ်လေ။ ငါ့အကြောင်း ရိုက်ရင်လည်း အကယ်ဒမီရမှာ ကျိန်းသေတယ်။ မင်းသားကတော့ နေတိုး၊ မင်းသမီးက ငါသိပ်ကြိုက်တဲ့ ချစ်သုဝေ။ မင်းသား အမေက သရုပ်ဆောင် အရမ်းပီပြင်တဲ့ ထွန်းအိန္ဒြာဗို ဆိုရင် အဆင်ပြေမယ် ထင်ပါရဲ့။ ဟင်း၊ တွေးရင်း တွေးရင်းနဲ့ သေရတာလည်း ပျော်စရာ ကောင်းနေပါလားနော်။
....................................................................................................................

ဒီလိုနဲ့ ငါ့ရဲ့ နောက်ဆုံးနေ့ကို ရောက်လာတယ်။ ငါ့ကို သတိရတိုင်း ငိုနေတဲ့ အမေလည်း နဂိုပုံမှန် အတိုင်း ဖြစ်လာတယ်။ အဖေ အမေတို့နှစ်ယောက် ဘုရား၊ တရားတွေ ပိုပြီး လုပ်လာကြတယ်။ အမေကတော့ ဒီနှစ် သင်္ကြန်မှာ တရားစခန်း ၀င်ပြီးရင် ၀ါတွင်းမှာ ဥပုသ်စောင့်မယ်လို့ ပြောတယ်။ ငါ့ကိုလည်း ကုသိုလ် ကောင်းမှုတွေကို လုပ်တိုင်း လုပ်တိုင်း အမျှဝေ ပေးနေကြတယ်။ ငါလည်း “သာဓု..သာဓု.. သာဓု..”လို့ သာဓုခေါ်မိတယ်။

အဲဒီနေ့မှာ အမေက အဖေ့ကို ပြောနေတာကို ထုံးစံအတိုင်း တွေ့ရတယ်။အမေက-
“တကယ်ဆိုရင် သေခြင်းတရား ဆိုတာ ခရီး ထွက်နေရသလိုပဲ။ ကျွန်မ တို့သားကို ကြည့်ပါလား။ သူကျောင်းသွားတက်တော့ ကျွန်မတို့နှင့် ဝေးနေရတယ်။ ကျွန်မတို့တစ်တွေ ဖုန်းဆက်ဖြစ်တော့မှ ပြန်နီးလာသလိုပဲ။ ဒါပေမဲ့ သေခြင်းတရားက ဖုန်းဆက်လို့ မရတဲ့အထိ ခရီးဝေးကို ရောက် သွားသလိုပါပဲ”တဲ့လေ။

ဟုတ်တယ်။ အမေပြောတာ မှန်တယ်။ သားလည်း ဒီနေ့ သံသရာ ခရီးဝေးကို သွားရမှာမို့ အဖေအမေတို့ကို လာနှုတ်ဆက်တာပါ။ အဖေနဲ့အမေလည်း ကျန်းမာရေးကို ကောင်းကောင်း
ဂရုစိုက်ကြပါ။ ဟော၊ ပြောရင်းဆိုရင်းနဲ့ လန်ချားတစ်စီး ဆိုက်ရောက်လာပြီ။ သားသွားတော့မယ် အဖေနဲ့ အမေရယ်။

ဟင်၊ လန်ချားပေါ် တက်တော့ မျက်ရည်တစ်ပေါက်က မြေပြင်ပေါ်ကို တောက်ခနဲ ကျသွားတယ်။ ဒီလန်ချားလည်း မဆုံးနိုင်တဲ့ ခရီးဝေးကို အေးအေး ဆေးဆေးနဲ့ မောင်းနှင်နေဦးမှာ သေချာတယ်။

                                                                                     ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                               ၂၀၁၂ခုနစ် ဇူလိုင်လထုတ် teen မဂ္ဂဇင်း

No comments:

Post a Comment