ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, July 15, 2016

ဖေ့စ်ဘွတ်အသုံးပြုသူတိုင်းအတွက် ဆောင်ရန်၊ ရှောင်ရန်များ

      Facebook, Twitter, Instagram စတဲ့ ကမ္ဘာအရပ်ရပ်မှာ အသုံးပြုနေနကြတဲ့ လူမှုကွန်ယက်တွေထဲမှာ ဖေ့စ်ဘွတ်ဟာ မြန်မာနိုင်ငံမှာလူသုံးအများဆုံး လူမှုကွန်ယက်တစ်ခုပါ။မြန်မာနိုင်ငံမှာဖေ့စ်ဘွတ်အသုံးပြုသူ စုစုပေါင်း သိန်းနှစ်ဆယ်ကျော် ရှိနေပြီလို့လည်းသိရှိထားပါတယ်။ဖေ့စ်ဘွတ်ကို လူကြိုက်များရခြင်းရဲ့ အကြောင်းရင်းကတော့
အချိန်နဲ့တပြေးညီ သတင်းဦးသတင်းထူးများကို ရှာဖွေဖတ်ရှုနိုင်ခြင်း၊မိတ်ဆွေပေါများလာစေနိုင်ခြင်း၊မိမိရဲ့ လတ်တလော ခံစားချက်လေးတွေကိုရေးသားနိုင်ခြင်း၊ သူတစ်ပါးရဲ့ လှုပ်ရှားဆောင်ရွက်မှုများကိုသိရှိနိုင်ခြင်း စတာတွေကြောင့်ပါ။ ဒါပေမဲ့ ဖေ့စ်ဘွတ်အသုံးပြုခြင်းဟာကောင်းကျိုးဆိုးပြစ်တွေကိုပါ တစ်ခါတည်း ယူဆောင်လာတတ်တာကိုတော့ဖေ့စ်ဘွတ်အသုံးပြုကြသူများအနေနဲ့ သတိမူထားသင့်ပါတယ်။ ဒါ့ကြောင့်ဖေ့စ်ဘွတ်အသုံးပြုသူတိုင်း လိုက်နာနိုင်ဖို့အတွက် ဆောင်ရန်၊ရှောင်ရန်အချက်အလက်လေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။            

(၁)  ကိုယ့်ဖေ့စ်ဘွတ်ထဲမှာ ရှိတဲ့ Friend တွေကို စိစစ်ပါ။       
 ကိုယ့် ဖေ့စ်ဘွတ်  Friend List ထဲမှာ ကိုယ်နဲ့ သဘောထားချင်းလုံးလုံး ဆန့်ကျင်တဲ့ Friend တွေ ၊ကိုယ်နဲ့ နီးစပ်ထိတွေ့မှု နည်းနည်းလေးမှမရှိတဲ့ Friend တွေ၊ အကောင့်ပျက်သွားခဲ့တဲ့ Friend တွေရှိနိုင်ပါတယ်။ဒါ့ကြောင့် အကောင့်သန့်ရှင်းရေး ပြုလုပ်တဲ့အနေနဲ့ အထက်ကပြောသွားတဲ့ Friend အကောင့်တွေကို သုံးလေးလတစ်ကြိမ် Unfriendပြုလုပ်ပေးခြင်းဖြင့် အခြား ကိုယ်နဲ့ ခင်ချင်တဲ့ သူတွေမိတ်ဆွေဖွဲ့လို့ရအောင် လမ်းစဖွင့်ပေးစေနိုင်ပါတယ်။        

       (၂) နိုင်ငံရေးအကြောင်းတွေ စတေးတပ် မတင်ပါနဲ့။      
  ဖေ့စ်ဘွတ်ပေါ်မှာ နိုင်ငံရေးအကြောင်းတွေ ရေးသားခြင်းဟာအမြင်မတူကြသူ ဖေ့စ်ဘွတ်အသုံးပြုသူအချင်းချင်း မလိုလားအပ်တဲ့ ပြဿနာလေးတွေဖြစ်ပေါ်လာစေနိုင်သလို ကံမကောင်းရင် အီလက်ထရွန်နစ်ဥပဒေအရ ထောင်ခြောက်လကျခံနိုင်တဲ့အထိ အကျိုးသက်ရောက်မှု ရှိလာစေနိုင်ပါတယ်။ဒါ့ကြောင့်နိုင်ငံရေးအကြောင်းတွေ စတေးတပ်တင်ခြင်းကို ရှောင်ကြဉ်ခြင်းအားဖြင့်မလိုလားအပ်တဲ့ ပြဿနာကြီးတွေကို ရှောင်ရှားရာ ရောက်စေနိုင်ပါတယ်။

    (၃) ဆန့်ကျင်ဘက်အမြင်များ ပါဝင်တဲ့ ကွန်မန့်တွေပေးသင့်၊မပေးသင့် စဉ်းစားချင့်ချိန်ပါ။     
   သူတင်ထားတဲ့ စတေးတပ်ကို ဖတ်ပြီး ဆန်ကျင့်ဘက်အမြင်နဲ့ ၀င်ရောက်ကွန်မန့်ပေးမိပါက သူနဲ့ ရှိပြီးသား ခင်မင်ရင်းနှီးမှုကိုပါပျက်သုဉ်းသွားစေနိုင်သလို အပြင်မှာ မခေါ်မပြောနိုင်တဲ့အထိအကျိုးသက်ရောက်မှု ကြီးမားလွန်းလှပါတယ်။ စာဖတ်သူများအနေနဲ့ဖေ့စ်ဘွတ်ပေါ်မှာ ဆန့်ကျင်ဘက်အမြင် ပါဝင်တဲ့ ကွန်မန့်တွေ ပေးသင့်၊မပေးသင့်အသေအချာ စဉ်းစားချင့်ချိန်သင့်ကြောင့် ပြောကြားလိုပါတယ်။       

      (၄) Like, Unfollow, Unfriend, Block လုပ်သင့်ရင် လုပ်လိုက်ပါ။   
      ရှိပြီးသား ခင်မင်မှုတွေ ပိုမို တိုးတက်လာနိုင်ဖို့အတွက် သူတို့တင်ထားတဲ့ စတေးတပ်လေးတွေ၊ ဓာတ်ပုံလေးတွေကို Like လုပ်ပေးခြင်းအားဖြင့်ပိုမို ရင်းနှီးမှု ရယူလာစေနိုင်ပါတယ်။ ကိုယ်နဲ့ အမြင်ချင်း မတူညီတဲ့စတေးတပ်တွေ ထပ်ခါထပ်ခါ တင်တတ်တဲ့ သူများ၊ မျက်စိနောက်ရလောက်အောင်စတေးတပ်တွေ အများကြီး တင်တတ်တဲ့ သူများကို Unfollow လုပ်ပေးခြင်းဖြင့်ကိုယ့်ဖေ့စ်ဘွတ်ထဲမှာ သူတင်ထားသမျှတွေကို မမြင်ရလေအောင်ပြုလုပ်နိုင်ပါတယ်။ကိုယ်နဲ့ ဘယ်လိုမှ အစေးမကပ်တော့တဲ့ သူတွေနဲ့ ကိုယ့်ကိုဝေဖန်ပုတ်ခတ်တတ်တဲ့ သူတွေကိုတော့ Unfriend ဒါမှမဟုတ် Blockလုပ်ပေးခြင်းဖြင့် သူနဲ့ ပတ်သက်သမျှတွေ ဘာတစ်ခုမှမ၀င်ရောက်လာစေနိုင်အောင် ပြုလုပ်လို့ ရပါတယ်။         

      (၅) ကိုယ့်ဖေ့စ်ဘွတ် Wall ထဲကို ပြန်စစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့။      
   ကိုယ့်ဖေ့စ်ဘွတ်ဝေါထဲမှာ ကိုယ်နဲ့ Friend ဖြစ်ထားတဲ့ သူတွေကကိုယ့်ကို tag ပြီး ပေးပို့ထားတတ်တဲ့ ဓာတ်ပုံ၊စတေးတပ်လေးတွေရှိတတ်ပါတယ်။တချို့ ဓာတ်ပုံ၊စတေးတပ်လေးတွေဟာ ကိုယ့်ဝေါကိုအမှိုက်ဖွထားသလို ဖြစ်နေတတ်တဲ့အတွက် အဲဒါတွေကို ပယ်ဖျက်သင့်ပါတယ်။ တချို့အtag ခံရတဲ့ ဓာတ်ပုံ၊စတေးတပ်တွေဟာ မောင်နဲ့ နှမ၊သားနဲ့ အမိ ကြည့်ရှုရန်မသင့်တဲ့ အရာတွေ ပါဝင်တတ်ပါတယ်။ဒါ့ကြောင့်  ကိုယ့်ဝေါထဲမှာမလိုလားအပ်တဲ့အရာတွေ မ၀င်လာနိုင်စေဖို့အတွက် တစ်ပတ်မှာနှစ်ကြိမ်လောက်ပဲဖြစ်ဖြစ် စစ်ဆေးသင့်ပါကြောင့် အကြံပြုတိုက်တွန်းလိုပါတယ်။      

        (၆) မိတ်ဆွေသူငယ်ချင်းများနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံကြတဲ့အခါမှာ ဖေ့စ်ဘွတ်အသုံးမပြုမိပါစေနဲ့။          မိတ်ဆွေသူငယ်ချင်းများနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံကြတဲ့အခါတွေမှာ ဖုန်းတပွတ်တည်း ပွတ်ပြီးဖေ့စ်ဘွတ်အသုံးပြုတတ်ကြတဲ့သူတွေကို စာဖတ်သူများ တွေ့မြင်ဖူးကြမှာပါ။ဒါဟာလူမှုကျင့်ဝတ်ကို ဖောက်ဖျက်ရာ ရောက်စေနိုင်သလို လက်တွေ့ဘ၀ထက်မမြင်နိုင်တဲ့ လူမှုကွန်ယက်ဘ၀ကို ပိုမို မှီတွယ်ရာ ရောက်စေတဲ့အပြုအမူဆိုးကြီးပါ။ ဒါ့ကြောင့် သူငယ်ချင်းမိတ်ဆွေများနဲ့မျက်နှာချင်းဆိုင် တွေ့ဆုံကြတဲ့အခါတွေမှာ တကယ့်လက်တွေ့ဘ၀ကိုတန်ဖိုးထားတဲ့အနေနဲ့ ဖုန်းပွတ်ပြီး ဖေ့စ်ဘွတ်အသုံးမပြုမိကြဖို့တိုက်တွန်းလိုပါတယ်။      

   အထက်မှာ ဖော်ပြထားတဲ့ အချက်ခြောက်ချက်ဟာ စာရေးသူရဲ့ငါးနှစ်ကျော်ကျော် ဖေ့စ်ဘွတ်အသုံးပြုရာကနေ ရရှိထားတဲ့အတွေ့အကြုံလေးတွေပါ။စံတော်ချိန် စာဖတ်ပရိသတ်များအနေနဲ့လည်း ဖေ့စ်ဘွတ်ကိုအကျိုးရှိရှိ အသုံးချနိုင်ကြပါစေကြောင်း အကြံပြု တိုက်တွန်းရင်းမှာကြားလိုပါတယ်ခင်ဗျား။
ထော်ဦး(ဘားအံကွန်ပျူတာ)
၁.၃.၂၀၁၆(အင်္ဂါနေ့)ထုတ်
စံတော်ချိန်သတင်းစာ

No comments:

Post a Comment