ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, June 14, 2016

သံယောဇဉ် အမျှင်တန်းတာမို့

  

     အသက်နှစ်ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သော မိန်းကလေးတစ်ဦးကို"အပျိုကြီး" ဟု ခေါ်ဆိုနိုင်မည်လား။ယခုတော့ ၀တ်ရည်ကို"အပျိုကြီး...အပျိုကြီး" ဟူ၍ ခေါ်ဆိုသမုတ်နေကြပြီလေ။အမှန်ဆိုအသက်သုံးဆယ်ကျော်မှ "အပျိုကြီး" ဟူသော ဝေါဟာရကို ခေါ်ဆိုရမည်မဟုတ်လား။  
   "အပျိုကြီး" ဟူသော ဝေါဟာရကို ကြားစတုန်းက ကိုယ့်ကိုယ်ကိုအရွယ်ဟိုင်းနေပြီလားဟူ၍  တွေးပူမိသေးသည်။
ဝတ်ရည်၏ "စွဲ"စာအုပ်အငှားဆိုင်ဘေးနားတွင် အပ်ချုပ်ဆိုင်ဖွင့်ထားသော အန်တီချိုက  
  "ဟေ့ ၀တ်ရည်၊ညည်း ဒီလိုအပျိုကြီးပုံစံနဲ့ ပဲ တစ်သက်လုံးအရိုးထုတ်တော့မလို့ လား၊အိမ်ထောင်လေး ဘာလေးလည်း ပြုဦး"  ဟု ပြောဆိုတတ်၏။ဝတ်ရည်ကတော့      "စိတ်တိုင်းကျတဲ့ လူ မတွေ့ သေးလို့ ပါ အန်တီချိုရယ်"  ဟူ၍သာ တိုးဖျော့ဖျော့လေး ဆိုတတ်မြဲ။ အမှန်တွင်တော့ဝတ်ရည်ချေးများလွန်း၍သာ ယခုအချိန်အထိ မစွံသေးခြင်းပင် ဖြစ်သည်။ဆယ်ကျော်သက်အရွယ်ကတည်းကပင် ၀တ်ရည်တို့  ရွေးချယ်မည့် လူမျိုးသည်အဖက်ဖက်မှပြည့်ပြီးစုံမည့် လူမျိုးဖြစ်ရမည်ဟူသောသက်မှတ်ချက်ရှိခဲ့ဖူးပါသည်။ကံဆိုးချင်တော့ ၀တ်ရည်နားချဉ်းကပ်ကြသည့်သူကောင့်သားများက စံမမီပေမမီကြဖြစ်သည်။ထိုအရွေးလွန်မှုကြောင့်လည်းဝတ်ရည်တစ်ယောက့်  တစ်ကိုယ်တည်း ဖြစ်နေရပေတော့သည်။      
                   ...................  
   မည်သို့ ပင် ဖြစ်စေ။သေချာတာတစ်ခုကတော့ ယခုအရွယ်တွင် ပွင့်သစ်စဆယ်ကျော်သက် အရွယ်တုန်းကလို ၀တ်ရည်အနား ယောက်ျား တကာတို့ တ၀ဲလည်လည်ပျံသန်းကြတော့မှာ မဟုတ်တော့။ တက္ကသိုလ်ကျောင်းသူဘ၀တုန်းကတော့ဝတ်ရည်အနားတွင် ကျောင်းသားတချို့ က ချစ်သ၀ဏ်လွှာ ပါးတတ်ကြပါသည်။ပညာရေးကိုဦးစားပေးရမည်ဟူသော အကြောင်းပြချက်ဖြင့်ပင် သူတို့ ၏ ချစ်သ၀ဏ်လွှာများကိုပစ်ပစ်နှစ်နှစ် ပယ်ချပစ်ခဲ့သည်။ယခုတော့ လိုချင်လွန်းလှသည့်ချစ်သဏ်လွှာလေးသည်လည်း အနားပင် မသီလာတော့ပေ။     
    အင်း...၊ချစ်သ၀ဏ်လွှာဆို၍ ထိုစဉ်က ကြုံခဲ့ဖူးသော ကောင်လေးတစ်ဦးကိုဝတ်ရည် သတိရမိပါသေးသည်။ အမှန်တော့ ကောင်လေးကရိုးရိုးအေးအေးလေးရယ်ပါ။ဝတ်ရည်အနေဖြင့်လည်း သူ့ ကို လက်ခံနိုင်သည်ပင်။သို့ သော် သူ့ သူငယ်ချင်းများ၏ မြှောက်ပင့်ပေးမှုကြောင့် ၀တ်ရည်သူ့အချစ်ကို ပယ်ဖျက်ခဲ့ရသည်။ထိုနေ့ က လူရှေ့ သူရှေ့ တွင် ၀တ်ရည်အားနှင်းဆီပန်းတစ်ပွင့်ပေးကာ    
   "နင် င့ါကို ချစ်နိုင်မလား ၀တ်ရည်၊နင် ငါ့ကို ချစ်ရင် သူတို့ တွေရှေ့ မှာ နင် ငါ့ကို ချစ်တယ်လို့  ပြောလိုက်စမ်းပါ ၀တ်ရည်ရယ်"  
   ဟူ၍ အေ့ခနဲ လေချဉ်တက်ရင်းနှင့်ပင် ၀တ်ရည်ကိုချစ်စကားဆိုလာလေတော့သည်။သူ့ ကို ကြည့်ရသည်မှာ ခပ်မြူးမြူးနှင့် မူးတူးတူးဖြစ်နေလေသည်။ဧကန္တ သူ့ သူငယ်ချင်းတွေက သူ့ ကို ရဲဆေးတင်ထားလိုက်သည်ဖြစ်မည်။သူ့ ၏ မူးတူးတူးအပြောကြောင့် ၀တ်ရည်သည်လည်း ရှက်စိတ်များမွှန်းထူလာကာ ကျောင်းဆရာမထံ တိုင်ပစ်လိုက်မိသည်။သူနှင့် သူ့သူငယ်ချင်းတစ်အုပ်တို့ သည်လည်း ကျောင်းရုံးခန်းထဲသို့  ရောက်သွားကြတော့သည်။ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးသည့်နောက်ပိုင်းတွင် ၀တ်ရည်အနားသို့ သူ မချဉ်းကပ်ရဲတော့ပါ။ ၀တ်ရည်ကိုယ်တိုင်သည်လည်း ကျောင်းဆရာမကိုဘာကြောင့်များ တိုင်လိုက်မိပါလိမ့်ဟူ၍ နောင်တရမဆုံးဖြစ်မိ၏။အခြားချစ်သ၀ဏ်လွှာပါးတတ်ကြသည့် သူများကြတော့ ရုပ်ဆိုးလွန်းလို့ ၊အပေါင်းအသင်းမင်လွန်းလို့ ၊ ဖွန်ကြောင်လွန်းလို့ ၊ရည်းစားများလွန်းလို့ စသော ပြစ်ချက်များဖြင့် သူတို့ တစ်တွေ ခြေလှမ်းမလှမ်းခင် ကတည်းကပင်ဝတ်ရည်ပယ်ချဖြစ်ခဲ့သည်။ထိုအကြောင်းကို ပြန်တွေးမိလေတိုင်း ၀တ်ရည်တစ်ယောက်လွမ်းမောတမ်းတနေမိဆဲပင်။  
         ......................
      "ဟေ့ ၀တ်ရည်၊ဒီတစ်ယောက်ကို ညည်းအပိုင်ချည်ထားလို
က်တော့အေ၊ဒီတစ်ယောက်ကိုသာ ညည်းမချည်နိုင်ရင်တော့ဒီတစ်သက်လုံး ညည်းယောက်ျားရဖို့  မလွယ်တော့ဘူးအေ" 
 အန်တီချိုက စိတ်လိုလက်ရ စကားဆိုလာလေတော့ ၀တ်ရည်သည်လည်း အင်းမလုပ်အဲမလုပ်နှင့်ပင် အတန်ကြာ အောင် ငူငိုင်နေမိတော့သည်။အန်တီချိုက ၀တ်ရည်ကိုစိတ်မရှည်နိုင်စွာ ကြည့်ရင်း      "ညည်း နောင်ရေးအတွက် ထည့်တွေးစမ်းပါ ၀တ်ရည်ရယ်၊ညည်းအသက်ကြီးလာလို့ ကူဖော်လောင်ဖက် လိုလာရင် ညည်းမောင်နှမတွေ၊ညည်းတူတူမတွေက ညည်းအတွက်ကူဖော်ရမှာ မဟုတ်ဘူး၊ညည်း ယောက်ျားယူပြီး သားသမီးတွေ ရလာမှ ညည်းအတွက်ကူဖော်လောင်ဖက် ရလာမှာ၊ဒါတောင် တချို့ သားသမီးတွေက မိဘကိုလုပ်ကျွေးပြုစုချင်စိတ် မရှိကြဘူးအေ၊ဘာပဲဖြစ်ဖြစ် ကိုယ့်သွေးသားနဲ့ မွေးထားရတယ်ဆိုတော့ အနည်းနဲ့ အများတော့ အားကိုးလို့ ရမှာပါအေ၊ဒါ့ကြောင့်ညည်းကို ကျုပ်က တိုက်တွန်းနေရတာပေါ့" 
  အင်းလေ...၊အန်တီချိုပြောသည့်အတိုင်းသာဆို ၀တ်ရည်လည်းယောက်ျားမြန်မြန်ယူမှ ဖြစ်တော့မည်။အမှန်တော့ ၀တ်ရည်ကိုယ်တိုင်လည်းမဆွတ်ခင်က ညွှတ်ချင်ချင် ဖြစ်နေသူပင်။အင်း...၊တကယ်တော့အန်တီချိုပြောသည့်တစ်ယောက်က ၀တ်ရည်တို့ "စွဲ" စာအုပ်အငှားဆိုင်သို့ အမြဲလိုလို စာအုပ်လာငှားတတ်သည့် သူပင်။ထို့ အပြင် စာလေးပေလေးတွေရေးနေသည်ဟုလည်း သိထားရသည်။ သူ့ အကြည့်က ၀တ်ရည်အပေါ်မရိုးသားကြောင်းကိုတော့ မိန်းမသားသဘာဝအရ ၀တ်ရည်ရိပ်စားမိလေသည်။သို့ သော်ကိုယ်တော်ချောက အကြည့်မှလွဲ၍ နောက်တစ်ဆင့်တိုးဖို့ တုတ်တုတ်မျှပင်မလှုပ်ရှာပေ။ဝတ်ရည်အမြင်တွင်တော့ ပါဝါမျက်မှန်တပ်ဆင် ထားသော ထိုသူသည်ယဉ်ကျေးမွန်ရည်ကာ စကားပြောဆိုရာတွင်လည်း ချိုသာလွန်းလှ၏။ဝတ်ရည်၏အိပ်မက်ထဲက နတ်သားနှင့်လည်း နီးစပ်လွန်းလှပါဘိ။သို့ သော် ခက်နေသည်က၀တ်ရည်ပင်။ဟိုက မလှုပ်ဘဲ ဒီကို စလှုပ်ရမှာကို ရှက်ရွံ့ နေမိသည်။မိန်းမသိက္ခာကျဆင်းသည်ဟုလည်း ၀တ်ရည် ထင်မြင်မိ၏။သူ့ အကြောင်း တွေးကောင်းကောင်းနှင့်တွေးနေမိဆဲအချိန်တွင် 
  "ဟေ့ ၀တ်ရည်၊ဒီလောက် ခြောက်ကပ်နေတဲ့ စာအုပ်အငှားဆိုင်ကို ညည်းမို့ ဆက်ဖွင့်နေချင်သေးတယ်၊ဒီဆိုင်ကို ပိတ်ပြီး အခွေငှားဆိုင် ဖွင့်ပါလို့ ညည်းကိုပြောလည်း မရနဲ့ ၊ညည်း စာအုပ်အငှားဆိုင်က ဆိုင်ခန်းငှားခနဲ့ တင်အရင်းတွေ ပြုတ်ထွက်ကုန်ပြီ၊ငါဆိုတဲ့ အမေသာမရှိရင် ညည်းငတ်သေတာကြာပြီ၊သိရဲ့လား မိဝတ်ရည်"  
   ဘယ်အချိန်ကတည်းက အနားရောက်လာမှန်းမသိသော အမေက ၀တ်ရည်ကိုတဖျစ်တောက်တောက်နှင့် ဆူလေတော့မှ ၀တ်ရည်၏စိတ်သည်လည်း လက်ရှိပစ္စုပန်ထဲသို့ပြန်ကပ်လာမိတော့သည်။အမေပြောလည်း ပြောချင်စရာပင်။ဝတ်ရည်ကိုယ်တိုင်လည်းဒီစာအုပ်အငှားလေးကို ဘာကြောင့်များ ဆက်လက်ဖွင့်ထားချင်ပါလိမ့်။ တကယ်တော့ဝတ်ရည်ကိုယ်တိုင်က စာပေချစ်မြတ်နိုးသူမို့ ပင်။အခုခေတ် လူငယ်လေးတွေကကိုရီးယား၊ဂိမ်းနှင့် အင်တာနက်တို့ ဆီ ခြေလှမ်းတွေ ခပ်စပ်စိပ်လှမ်းလာကြသောအခါ ၀တ်ရည်တို့ လို စာအုပ်အငှားဆိုင်လေးတို့ သည်လည်းစာအုပ်ငှားအား ကျဆင်းသထက် ကျဆင်းလာလေသည်။ယခုဆို တချို့စာအုပ်အငှားဆိုင်တို့ သည်လည်း ပြုတ်ထွက်သွားကြကုန်ပါပြီ။ဝတ်ရည်အတွက်အမြတ်ထွက်သွားတာ တစ်ခုကတော့ ၀တ်ရည်၏ စာအုပ်အငှားဆိုင်လေးထဲတွင်စာပေသမားတချို့  လာရောက်အားပေးကြခြင်းပင်။   စာပေသမားဆို၍ ပါဝါမျက်မှန်လေးတပ်ဆင်ထားသော မွန်ရည်လွန်းလှသည့်သူ့ ကိုသတိရလာမိပြန်သည်။ ၀တ်ရည်သာ ဒီစာအုပ်အငှားဆိုင်လေးကို ပိတ်ပစ်လိုက်လျှင်သူနှင့် ပြန်လည်ဆုံစည်းခွင့်ရတော့မှာ မဟုတ်တော့ပေ။ မာန်တင်းပြီးဆက်ဖွင့်ဖို့ ကျတော့လည်း စာအုပ်အငှားဆိုင်လေးက အားအင်ခပ်ရဲ့ ရဲ့ သာကျန်ပေတော့သည်။ ဖြစ်နိုင်လျှင် စာအုပ်အငှားဆိုင်နှင့် အခွေဆိုင်တွဲဖက်ပြီး ဖွင့်လိုက်ချင်စမ်းပါဘိ။သို့ သော် ဆိုင်ခန်းကျဉ်းကျဉ်းလေးမို့ ဘယ်လိုမှ တွဲဖွင့်၍ မဖြစ်နိုင်။တခြားမှာ ဆိုင်ခန်းငှားဖွင့်လျှင်လည်းသူနှင့် ထပ်မံဆုံတွေ့ ဖို့  မလွယ်။ကံကြုံလျှင် ပြန်ဆုံနိုင်ကြမှာပါလေ ဟူ၍ဖြေတွေးတွေးကာ တခြားတစ်နေရာသို့  စာအုပ်နှင့်အခွေအငှားဆိုင် တွဲဖွင့်ရန်ဝတ်ရည်ဆုံးဖြတ်ချက် ချလိုက်မိလေသည်။    
     ............... 
  ယခုတော့ အချိန်ယန္တရားကြီး၏ လည်ပတ်အောက်တွင် ၀တ်ရည်၏ "စွဲ" စာအုပ်နှင့်အခွေအငှားဆိုင်လေးသည်လည်း တစ်နှစ်တင်းတင်း ပြည့်သွားချေပြီ။ဝတ်ရည်အဖို့ မပြောင်းလဲနေသည့် ဂုဏ်ပုဒ်မှာ "အပျိုကြီး"ဟူသော ဂုဏ်ပုဒ်ပင်။သူ့ကိုတော့ဖြင့် အကြောင်းတိုက်ဆိုင်မှု ရှိလေတိုင်း ၀တ်ရည် သတိရမိနေတတ်သည်။ဝတ်ရည်ဆိုင်ပြောင်းဖွင့်စ အချိန်က သူများ လာလေမလားဟုမျှော်လင့်ခဲ့မိသေးသည်။ ဆိုင်ပြောင်းပြီး တစ်လလောက် ကြာလာတော့သူရှိနိုင်မည် ထင်ရသည့် အိမ်လေးသို့  မျှော်ကြည့်မိသေးသည်။ သို့ သော် သူ့အရိပ်အယောင်လေးကိုသော်မျှ မတွေ့ မိခဲ့ချေ။ထို့ အပြင်မဂ္ဂဇင်းစာမျက်နှာထက်တွင်လည်း သူ့ ကလောင်နာမည်လေးသည် သူနှင့်အတူကွယ်ပျောက်သွားခဲ့လေသည်။ရေစက်က ဒီမျှသာပဲလေ ဟူ၍သာဝတ်ရည်ဖြေသိမ့်နေမိတော့သည်။     
   သို့ သော်...။     
      လူသူရှင်းလျက်ရှိသည့် တစ်နေ့ တွင် သူနှင့်ခပ်ဆင်ဆင်တူသော လူတစ်ဦးက၀တ်ရ
ည်၏ ဆိုင်ထဲသို့ လှမ်းဝင်လာသည်ကို တွေ့ လိုက်သောအခါငြိမ်သက်လေပြီဖြစ်သော ၀တ်ရည်၏ရင်အစုံသည်လည်း လှုပ်ခတ်လာပေတော့သည်။ထိုသူကသူ့ လိုပင် ပါဝါမျက်မှန်တပ်ဆင်ထားသော်လည်း သူ့ ထက် ပိုပိန်လေသည်။ပြီးသူအမြဲဝတ်နေကျပုဆိုးနှင့်မဟုတ်ဘဲ ဂျင်းဘောင်းဘီဝတ်ဆင်ထားကာ ၀တ်ရည်ကိုပြုံးပြနှုတ်ဆက်နေလေသည်။ ၀တ်ရည်က ဇဝေဇ၀ါဖြစ်ရင်းနှင့်ပင် သူ့ ကိုငေးကြည့်နေမိပြီ။  
 "၀တ်ရည် ၀လို့ လှလို့ ပါလား" 
 ဟူ၍ သူ့ ထံမှ စကားသံထွက်ကျလာသောအခါ ၀တ်ရည်သည်လည်း ပျော်လွန်း၍ခုန်ပေါက်ချင်လာမိတော့သည်။ သူကပင်  
  "၀တ်ရည်တို့ ဆိုင်ပြောင်းပြီး တစ်ပတ်လောက်ကြာတော့ ကိုယ်လည်းစင်ကာပူကို အလုပ်သွား
လုပ်ရတယ်လေ၊ အစကတော့ အလည်သက်သက်နဲ့ ပဲ သွားမလို့ပါ၊နောက်တော့ ကိုယ့်အမျိုးတွေ အဆွယ်ကောင်းလွန်းလို့  အဲဒီမှာပဲကိုယ်အလုပ်သွားလုပ်ဖြစ်တယ်လေ၊ကိုယ်သိပ်မြတ်နိုးတဲ့ ၀တ္ထုတိုလေးတွေတောင်မရေးဖြစ်တော့တဲ့အထိပါပဲ၊ဒါနဲ့  ၀တ်ရည်က အရင်ကလိုပဲ တစ်ကိုယ်တည်းပဲမို့လား"  သူ့ အမေးကြောင့် ၀တ်ရည် ရှက်ရွံ့ လာချင်မိသည်။ဘာကြောင့်မေးပါလိမ့်ဟုလည်း တွေးနေမိပြန်သည်။      "ဟုတ်ကဲ့"ဟု ပြန်ဖြေလိုက်တော့ သူက လှိုက်လှိုက်လှဲလှဲပြုံးပြရင်း  
   "ဒါဆို ကိုယ်မျှော်လင့်လို့  ရသေးတယ်ပေါ့"  
    သူ့ အပြောကြောင့် ၀တ်ရည်မျက်လုံးပြူးသွားရသည်။ဒီလောက်ထိမြန်ဆန်မည်ဟုလည်း ၀တ်ရည်မထင်မိ။ သူကပင်      
    "ကိုယ်ဝတ်ရည်သတင်းကို အမြဲနားစွင့်ဖြစ်တာပါ၊အစကတော့ ၀တ်ရည်ကိုစိတ်ဝင်စားရုံလို့ သာ ထင်ထားပြီး ကြာရင်မေ့သွားမယ်လို့  ထင်မှတ်ထားတာပါ၊ဒါပေမဲ့ ဟိုရောက်တော့မှ ၀တ်ရည်အပေါ် သာမန်ထက်ပိုသတိရလာမိတာကိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြသွားမိပါတယ်၊ဒါ့ကြောင့်ဝတ်ရည်ကို အခုချက်ချင်းပဲ အဖြေတောင်းလိုက်တော့မယ် ၀တ်ရည်... "   
    ဘုရားရေ၊သူ ချက်ချင်းကြီး အဖြေတောင်းနေပြီကော၊ဒါအိပ်မက်များ ဖြစ်နေမလားဟူ၍ ၀တ်ရယ် ကိုယ့်ကိုယ်ကိုဆွဲဆိတ်ကြည့်မိတော့...၊အားလား...၊တကယ်ပါပဲလား...      
       "အင်း၊အခုချက်ချင်း အဖြေပေးရမှာပေါ့နော်...၊အဲလေ...၊နောက်အပတ်မှအဖြေပေးတော့မယ်နော်"  ၀တ်ရည်၏ အပြောကြောင့် သူတဟားဟားရယ်မောကာ     
        "၀တ်ရည်အဖြေပေးစရာတောင် မလိုလောက်အောင် အဖြေသိသွားပါပြီး ၀တ်ရည်ရယ်..."    ဟူ၍ ၀တ်ရည်ပခုံးကို လှမ်းဆွဲကာ ပွေ့ ဖက်လိုက်မိတော့သည်။ဝတ်ရည်သည်လည်းရှက်ရွံ့ သော မျက်နှာဖြင့်ပင် သူ့ ရင်ခွင်ထဲ ခိုဝင်သွားမိသည်။အသိတစ်ချက်ဝင်လာတော့မှ သူ့ ကို တွန်းထုတ်ကာ   
       "အဲ...၊အဖြေတောင် မပေးရသေးဘူး၊နယ်မကျူးပါနဲ့ နော်" 
     ဟု ပြောလိုက်ရင်း နီမြန်းနေသော မျက်နှာဖြင့်ပင် ဆတ်တောက်ဆတ်တောက်နောက်ဆုတ်ကာ ခုံပေါ်တင်ထားသော စာအုပ်အငှားစာရင်းကို ရှက်ရွံ့ စွာခေါင်းငုံ့ စစ်ဆေးနေမိတော့သည်။ သူ့ ကတော့ ၀တ်ရည်၏အပြုအမူကို သဘောကျမိလို့များလား မသိ။တဟားဟားနှင့် ရယ်မောမဆုံး ဖြစ်နေလေတော့သည်။                
  ထော်ဦး(ဘားအံကွန်ပျူတာ)                     
  ၂၀၁၅ခုနစ်၊ ဇွန်လထုတ်         
   ကလျာမဂ္ဂဇင်း


No comments:

Post a Comment