ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, July 1, 2013

မြို့ ပြ ဖီလင်

ထိုခဏ၌
လှပဖိတ်လက်၊မှန်ပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့ နွဲ့ ၊မောပြေခဲ့ဟန်
ခေတ်ရဲ့ ပန်းချီရေးခဲ့သည်။
(ရှုမဝမဂ္ဂဇင်း ၊ ၁၉၅၇ ဇွန်လထုတ် ကြည်အေး၏ “မြို့ လယ်လမ်း”ကဗျာမှ… )

@@@@@@@@@@@@@@@@@@@@@@@

ယခုတစ်လောတွင်တော့ မြို့ ပြနှင့် ပတ်သက်သော အကြောင်းအရာများကို သူ တွေးတောနေမိ၏။

သူ့ အတွေးရောင်စဉ်တန်း ထဲတွင်တော့ ဘာကြောင့်မှန်းပင် မသိ။မြို့ ပြ၏ အကျည်းတန်မှုကိုသာ ပြေးမြင်နေမိတော့သည်။


အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် မြို့ ပြကို မရောက်ခင်ကတည်းကပင် စိတ်ဝင်တစား ဖြစ်ခဲ့မိ၏။စင်းလုံးချောကတ္တရာလမ်းများနှင့် ခပ်သန့် သန့်  ကားများဖြင့် စည်းကားနေမည်ဟုပင် တွေးထင်မိသေးသည်။ထို့ အပြင် အထပ်မြင့် တိုက်ခန်းများနှင့် ကုန်တိုက်များ ပေါများနေမည်ဟုလည်း ယုံကြည်နေမိသေးသည်။
ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံဆုံခွင့်ရသည့်အခါ သူ့ မှာ သက်ပြင်းချရုံမှတစ်ပါး အခြား မရှိလေပြီ။

အထပ်မြင့် တိုက်ခန်းများ ပေါများလှသော်လည်း အများစုမှာ ဆွေးမြေ့လျက် ရှိလေသည်။ လိုင်းကားအများစုသည်လည်း တယိုးတယီနှင့်ပင် အရောင်မှိန်လွန်းလှသည်။လူဦးရေနှင့် ကားအရေအတွက် မမျှတနိုင်လောက်အောင် ကားတိုးစီးနေကြသည်ကို စိတ်ပျက်ငြီးငွေ့ နေမိ၏။သူကိုယ်တိုင်လည်း ကားတိုးစီးခဲ့ရသည်မှာ သိပ်အသားမကျချင်ပေ။တစ်ခါတစ်ရံ နေမကောင်းသည့်ကြားမှ လိုင်းကားတိုးစီးမိသည့်အခါတွင်တော့ ကားအင်ဂျင်နံ့  နှင့် လူနံ့ များ ရောထွေးကာ လူကို မူးဝေလာစေပြန်သည်။ထို့  အပြင် စပယ်ယာ၏ ယုတ်ရမ်းကြမ်းတမ်းသော အပြောအဆိုများ၊သံဃာတော်များ၊ အသက်အရွယ်ကြီးရင့်သူများ နှင့် ကိုယ်ဝန်သည်များကို ထိုင်ခုံနေရာ ပေးရန် မသိတတ်ကြသော သူများနှင့် ကြုံဆုံရသည့်အခါ သူ့ မှာ ပို၍ပင် ရင်ဆို့ ချင်နေမိ၏။မည်သို့ ပင် ဆိုစေကာမူ အခြေခံလူတန်းစားနှင့် လူလတ်တန်းစား ပေါများလှသည့် မြို့ ပြတွင်တော့ လိုင်းကားများသည်လည်း ၀န်နှင့်အား မမျှဖြစ်ကာ တဂျိမ်းဂျိမ်းနှင့် အသံပေးရုန်းကန်နေကြပေတော့သည်။

@@@@@@@@@@@@@@@@@@@@@@@

ယနေ့ လည်း ပန်းဆိုးတန်းကို စာအုပ်ဝယ်ချန်စရာရှိ၍ လိုင်းကားမစီးတော့ဘဲ အပျင်းပြေ လမ်းလျှောက်ကြည့်မိ၏။ထိုအခါ မြို့ ပြသည် သူ၏ ခြုံလွှာကို တစ်လွှာချင်း လှစ်ဟပြသပေတော့သည်။

မိုးတွင်းမို့  ရေမြောင်းထဲမှ ရေများလျှံထွက်လာကာ ကတ္တရာ လမ်းမပေါ်တွင် အိုင်ထွေးလျက် ရှိပေသည်။

လမ်းဘေးလျှောက်ရင်းနှင့်ပင် ကားတစ်စီးဖြတ်သွားတိုင်း ရှီးခနဲ ရေလှိုင်းများ ပျံတက်လာသည်ကို သူ ကြည့်ရှောင်နေရသည်။ခြေထောက်တွင်လည်း ၀ဲစွဲမှိုစွဲတော့မည်လား ဟု တွေးပူနေမိပြန်၏။တစ်ဖန် ရေမြောင်းထဲတွင် အောင်းနေတတ်သည့် မြေကြွက်များသည်လည်း လမ်းမပေါ်တွင် ကားကြိတ်ခံထားရသည်ကို မြင်မကောင်းလောက်အောင် တွေ့ မြင်လိုက်ရသေးသည်။သည်တော့လည်း မြို့ ပြဆိုသည်ကို ရေးတေးတေးနှင့် သဘောပေါက်စ ပြုမိ၏။

ပန်းဆိုးတန်းသို့  လမ်းလျှောက်ရင်းနှင့်ပင် တစ်ဖက်တစ်ချက်ဆီမှ ဂျာနယ်အရောင်းဆိုင်များကို လှမ်းကြည့်နေမိ၏။ခုတစ်လောတွင် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ဂျာနယ်များ ဟောတစ်စောင် ဟောတစ်စောင် ထုတ်ဝေလာသည့်အပြင်ယခင်က ထုတ်ဝေခွင့် မရရှိခဲ့သော ပုဂ္ဂလ္လိကသတင်းစာအချို့ လည်း ထုတ်ဝေလာကြပေသည်။ပြည်သူများဘက်ကလည်း နိုင်ငံရေးကို ပိုမို စိတ်ဝင်စားလာကာ လမ်းဘေးလက်ဖက်ရည်ဆိုင်တွင်ပင် ဂျာနယ်ဖတ်ရှုနေကြသူများနှင့် စည်ကားလျက် ရှိ၏။ဒီမိုကရေစီ ရလာသည်နှင့်အမျှ နိုင်ငံရေးအသားပေးသော ဂျာနယ်များနှင့် သတင်းစာများ ပိုမိုထွက်ပေါ်လာသလို လွတ်လပ်မှုကို အခွင့်အရေးယူကာ ကာယကံရှင် ထိခိုက်စေသည့် ဓာတ်ပုံမျိုး ဖော်ပြမိခြင်း၊အွန်လိုင်းပေါ်မှ တစ်ပါးသူ၏ စာမူများကို ခွင့်ပြုချက်တောင်းခံခြင်း မပြုဘဲ ဖော်ပြမိခြင်း စသည်ဖြင့် စာနယ်ဇင်းကျင့်ဝတ် ဖောက်ဖျက်ချင်သည့် ဂျာနယ်သတင်းစာအချို့ လည်း ရှိနေတတ်သေးသည်။ထိုမျှမကဘဲ နိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုများကြောင့် ဆန္ဒပြပွဲများ၊ပြည်တွင်းစစ်ပွဲများ၊ဘာသာရေး ဆူပူအကြမ်းဖက်မှုများလည် ကရင်၊ကချင်၊ရခိုင် စသည့် ပြည်နယ်အသီးသီးမှသည် မုံရွာ၊မိတ္ထီလာဟူသော မြို့ နယ်အထိ ပြန့် နှံ့ လျက် ရှိပေသည်။ထိုမှတစ်ဆင့် မြို့ ပြကိုပင် တိုက်ခတ်လာကြသည်ကို မြင်တွေ့ ရပေလိမ့်မည်။အခုတော့လည်း မြို့ ပြသည် နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို အမီလိုက်ကာ ကောင်းမွေ ဆိုးမွေများကို ဝေမျှလျက် ရှိလေသည်။

@@@@@@@@@@@@@@@@@@@

ခုတစ်လော မိုးတွင်း၏ နေအပူရှိန်သည် မြို့ ပြကိုပင် ပူပြင်းသထက် ပိုမိုပူလောင်လာစေသည်။ထိုအချိန်တွင် တချို့  နေရာများ၌ ရေမြောင်းထဲမှ ပိတ်ဆို့ နေတတ်သည့် အမှိုက်သရိုက်များ ကောထုတ်နေကြသည်ကို မြင်မကောင်း လောက်အောင် တွေ့ မြင်ကြရလေ၏။ရေမြောင်းထဲမှ အမှိုက်သရိုက်များသည် တောင်ပုံယာပုံနှင့်ပင် အမှိုက်သိမ်းမည့်ကား လာသိမ်းမည်ကို စောင့်စားရင်း ဖြတ်သွားဖြတ်လာနေကြသူများကို အနှောင့်အယှက် ပြုနေပေသည်။

ထို့ အပြင် ကားများဖြင့် ရှုပ်ယှက်ခပ်နေသော မြို့ ပြလူနေမှုဘ၀သည် မနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် ကားဘီးလှိမ့်သံ ကားဟွန်းသံ စပယ်ယာအော်ဟစ်သံများဖြင့် ဆူညံလေတော့သည်။ကားမှ ထွက်လာသော ဓာတ်ငွေ့ များသည်လည်း သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေလေ၏။သစ်ပင်နည်းပါးလှသည့်
မြို့ ပြထဲတွင်တော့ သဘာဝအလှတရားများ ပျောက်ဆုံးသွားခဲ့သည်မှာ ကြာခဲ့ပေပြီ။ယခုတော့ မြို့ ပြတွင် နေထိုင်ရသည်နှင့်အမျှ အသက်ရှုသွင်းရသည်မှာလည်း မွန်းကျပ်စ ပြုနေချေပြီ။
@@@@@@@@@@@@@@@@@@@@@

ထိုမျှမကသေး…။

မြို့ ပြရှိ ပန်းခြံများ၊ရုပ်ရှင်ရုံများနှင့် ကန်ဘောင်များတွင်လည်း စုံတွဲများသည် အမြဲလိုလို အခြေချတတ်ကာ ကျက်စားလျက် ရှိပေသည်။အထူးသဖြင့် ပန်းခြံထဲတွင် တစ်ဦးနှင့်တစ်ဦး ပခုံးသိုင်းဖက်နေကြသည်ကို လှမ်းမြင်လိုက်ရသောအခါ မြင်ရသူအဖို့  ရင်တုန်မောပန်းလာစေနိုင်သည်။

တချို့ စုံတွဲများသည်လည်း ညနက်နက်အချိန်တွင် ကမ်းနားနဘေး၌ တွဲခုတ်တတ်ကြပြန်၏။ခေတ်ကို အမီလိုက်ရင်းနှင့်ပင် သူတို့ တတွေ ရေတိမ်နစ်သွားကြမည်ကို တွေးမိရင်း သက်ပြင်းကို မသိမသာရှိုက်လိုက်မိ၏။တဖြည်းဖြည်းနှင့် မြို့ ပြသည် အသွေးအသား ရောင်းစားကြသူများနှင့် ပိုမိုစည်ကားလာကြသည့်အဖြစ်ကို ကြားသိလိုက်ရသောအခါ သူ့ မှာ အံ့သြထိတ်လန့် စွာ ဖြစ်ရင်း ဘာမျှမပြောနိုင်ရှာဘဲ နှုတ်ဆွံ့ အ နေမိတော့သည်။ယခုတော့ မြို့ ပြ၏ ခေတ်မီမှုသည်ပင် အပျက်လမ်းကို တီထွင်ပေးနေသည်များလားဟု တစ်ကိုယ်တည်း တွေးတောနေမိသည် အထိပင်…။

မြို့ ပြလူနေမှုဘ၀သည်လည်း ယခင်ကထက်ပင် ဆက်လက် စီးမျှောလျက် ရှိပေသည်။မြို့ ပြ စာမျက်နှာထက်တွင်တော့ ပြည်တွင်းစစ်နှင့် လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတို့ ဖြင့် ခြယ်မှုန်းထားကြသည်ကို တွေ့ မြင်ကြရပေ၏။ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့ နယ်တို့ မှ အစတည်ခဲ့သော ဘာသာရေး အကြမ်းဖက်မှုများသည် အနယ်နယ်အရပ်ရပ်ရှိ မြို့ များဆီသို့  ပျံ့နှံ့ လာကာ မြို့ ပြဆီသို့ ပင် ရိုက်ခတ်လျှက် ရှိပေသည်။သည်လိုနှင့်ပင် မြို့ ပြနှင့် ပတ်သက်၍ အရာရာကို အဆိုးမြင်တတ်လာ၏။စိတ် မကျေမချမ်း ဖြစ်တတ်လာ၏။ယခုတော့ မြို့ ပြကို တိုးတက်လာစေချင်သည့် စိတ်ဖြင့် စိတ်အလိုမကျ ဖြစ်ခဲ့ရသည်မှာ ကြာညောင်းလှပါပြီ။

@@@@@@@@@@@@@@@@@@@@@@@@@@

တစ်ခါတွင်တော့ မြို့ ပြကိုကောင်းသည့်ဘက်မှ လှည့်တွေးကြည့်မိ၏။မြို့ ပြသည် လူ၏ လုပ်ရပ်ကြောင့် အကျည်းတန်ခဲ့ရ၏။ကတ္တရာလမ်းသည် လူ၏ လုပ်ရပ်ကြောင့်ပင် ကွမ်းတံတွေးအထပ်ထပ်နှင့် အပေါက်ဟောင်းလောင်း ဖြစ်နေကြပေသည်။သည်တော့လည်း မြို့ ပြကို အရုပ်ဆိုးအကျည်းတန်လာအောင် အရောင်ဆိုးတတ်ကြသည်မှာ လူကြောင့်ပင်။လူတစ်ဦးတစ်ယောက်မှ အစပြု၍ မြို့ ပြကို အရုပ်ဆိုးလာအောင် ပြုလုပ်တတ်သည့်အတွက်ကြောင့်သာ ထိုသို့ ဖြစ်လာရသည်။အမှန်တော့ တရားခံအစစ်သည် လူကြောင့်ပင်...။
လူတို့ သည် ဝေဖန်မှုပေါင်းများစွာဖြင့် တစ်ပါးသူကို လက်ညှိုးထိုးတတ်ကြသော်လည်း လက်ညှိုးတစ်ချောင်း ထိုးလျှင် ကိုယ့်အပေါ် လက်ချောင်း သုံးချောင်း ကျရောက်တတ်သည်ကိုတော့ မသိကြရှာပေ။သည်တော့လည်း အပြိုင်အဆိုင် ဟိုလူကြောင့် ဒီလူကြောင့်ဟု အပြစ်တင် လက်ညှိုးထိုးကြရင်းနှင့်ပင် အနီးအနား ပတ်ဝန်းကျင် တချို့ လည်း ပျက်စီးခဲ့ရပေါင်း များလှပါပြီ။ ယခုတော့လည်း နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်ဖြစ်သော မြို့ ပြကိုပင် ပျက်စီးခဲ့ပေပြီလေ။
အကယ်၍ လူတစ်ဦးတစ်ယောက်ချင်းစီမှ စပြီး နှမ်းတစ်စေ့အနေဖြင့် မြို့ ပြကို အလှဆင်လာကြမည်ဆိုလျှင် မည်မျှ ကောင်းလိမ့်မည်နည်း။အနည်းဆုံးတော့ မိမိအသုံးပြုသည့် ကျွတ်ကျွတ်အိတ်ကို အမှိုက်ပုံးထဲသို့ ဝင်အောင် ထည့်နိုင်ရမည်။ထိုမှတစ်ဆင့်… လိုင်းကားပေါ်မှ လူသားအချင်းချင်း ဂါရ၀တရား၊ဂရုဏာတရားများကို ရှေးရှူကာ ထိုင်ခုံနေရာပေးကြမည်၊လိုင်းကားပေါ်တွင် ထိုင်ခုံနေရာ ရထားသူများဘက်ကလည်း သက်တူရွယ်တူများ၏ အထုတ်အပိုးများကို ၀ိုင်းဝန်းကိုင်ဆောင်ပေးကြမည်ဆိုလျှင် မြို့ ပြသည် အရင်ကထက် ပိုမိုလှပ ဝေဆာလာပါလိမ့်မည်။အနည်းအကျဉ်း ကူညီပေးဆပ်ရုံမျှဖြင့် မိမိ၏ ပတ်ဝန်းကျင်ကို အလှဆင်တတ်ကြသူများသည် အနည်းဆုံးတော့ မိမိ ကိုယ်ကို ကျေနပ်နှစ်သိမ့်မှု၊စိတ်ချမ်းမြေ့မှုကို ရရှိစေနိုင်၏။

ထို့ အတူ မြို့ ပြတာဝန်ရှိ လူကြီးမင်းတို့ သည်လည်း တစ်ဦးတစ်တစ်ယောက်မှစ၍ တာဝန်သိသိ မြို့ ပြကို အလှဆင်နိုင်ကြမည်ဆိုလျှင် မည်မျှကောင်းလိမ့်မည်နည်း။

ထိုသို့ ပင် တဖြည်းဖြည်းနှင့် လူတစ်ဦးမှ စ၍ အယောက် တစ်ဆယ်၊အယောက် တစ်ရာ ၊အယောက် တစ်ထောင် စသည်စသည်ဖြင့် မြို့ ပြကို အနည်းအကျဉ်းမျှ အလှဆင်နိုင်ကြမည်ဆိုလျှင် အရင်ကထက် ပို၍ ကောင်းမွန်လာပေ လိမ့်မည်။ ထိုသို့ သော အတွေးမျိုးဝင်လာသည့် အခိုက်တွင် သူသည် ကဗျာဆရာမ ငွေတာရီ၏ ကဗျာလေးတစ်ပုဒ်ကို အမှတ်ရကာ တတွတ်တွတ် ရွတ်ဆိုကြည့်နေတော့သည်။

@@@@@@@@@@@@@@@@@@@@@@

ငါ့ခြံမြေ အခြေမြင့်ချင်ငဲ့
သူ့ မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့ 
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့ ...
မနှေးပင် အားအင်ထုတ်လို့ ရယ်...
ပေါင်းနှုတ်ဖို့  ခဲ...။
(ငွေတာရီ - “သာသည့်မြေသို့ ” ကဗျာမှ)

ထော်ဦး(ဘားအံကွန်ပျူတာ)
http://htawoo.blogspot.com









































































































1 comment:

  1. မြို့ပြဖီလင်ကလေးကို ရင်မောစွာနဲ့ ဖတ်သွားခဲ့ပါတယ်။ လူတစ်ဦးမှ စ၍ အယောက် တစ်ဆယ်၊အယောက် တစ်ရာ ၊အယောက် တစ်ထောင်အထိ မြို့ပြကို အလှဆင်နိုင်ကြပြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီး အမြန်ဆုံး ပေါ်ထွန်းလာပါစေလို့ မြတ် တောင်းဆုချွေသွားပါတယ်။

    ReplyDelete