ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, January 1, 2013

ဆောင်းရနံ့ ဆွတ်ခြွေ လွမ်းရိပ်ဝေ



နှင်းဆွတ်ဆွတ် ဖြန်းပက်ထားသည့် ဆောင်းမနက်ခင်းတွင် ဖြူလွှလွှ အမှုန်အစများသည် အရာရာကို ဖုံးအုပ်လျက် ရှိပေသည်။ပတ်ဝန်းကျင်၏ လှုပ်ရှားသက်ဝင်မှုကိုပင်
ကွယ်ဝှက်ထားသယောင် ခံစားမိစေ၏။ သစ်ပင်များကြားမှ တကျွိကျွိ အော်မြည်တတ်သည့် ကျေးငှက်သာရကာများသည်ပင် ဆောင်းမနက်ခင်းကို တေးသံစုံများဖြင့် ဆီးကြိုနေကြလေသည်။ စိမ်းစိုစို မြက်ခင်းပြင်များသည်လည်း နှင်းစက်နှင်းမှုန်များဖြင့် လက်လက်ထ စိုလက်နေလေ၏။မနက်ခင်း၏ ချမ်းမြမြ အေးစိမ့်စိမ့်ဒဏ်ကို ကာကွယ်နိုင်ရန်အလို့ ဌာ
သူ လျှပ်စစ်ရေနွေးအိုးကို လှမ်းတည်လိုက်သည်။တည်ထားသော ရေနွေးအိုးကို စောင့်စားရင်းနှင့်ပင် ပတ်ဝန်းကျင် လှုပ်ဆော်မှုများကြောင့် သူ၏ မိသားစုအိမ်လေးကို သတိရလာစေမိ၏။ထိုအခါ လွမ်းမောဖွယ် အတိတ်သည်လည်း သူ့ ထံသို့  တရိပ်ရိပ်နှင့် လှိုက်ဝင်လာကာ ရင်ထဲ အဖျားခတ်လျက် ရှိလေတော့သည်။


……………………………………………………………………………………………………..

မနက်ခင်း လေးနာရီထိုးသည်နှင့် တစ်ပြိုင်နက် သူ၏ မိသားစုအိမ်ဆိုင်လေးသည်
နှင်းလွှလွှ ပတ်ဝန်းကျင်ကို အန်တုကာ လှုပ်ရှားအသက်ဝင် စမြဲပင်…။ရေနွေးအိုးကြီး နှစ်အိုးကို
မီးတောက်တောက် လောင်ကျွမ်းနေသည့် မီးဖိုနှစ်ခုပေါ်တွင် တည်ထားကာ လုပ်ငန်းခွင် စတင်လေတော့သည်။ စာပွဲဝိုင်း တစ်ဝိုင်းစီအတွက် လက်ဖက်ခြောက် အနည်းငယ်ကို ရေနွေးထည့်ထားသော ဆင်နှာမောင်း ရေနွေးကရားထဲ ခတ်ထည့်လိုက်၏။ပြီးလျှင် ပုစုကရု တရုတ်ရေနွေးခွက် လေးငါးလုံးကို ဗန်းလေးပေါ် စီပြီး ၀ိုင်းတစ်ဝိုင်းချင်းဆီသို့ သွားချသူက ချရင်း “မိတ်ဆက်”လက်ဖက်ရည်ဆိုင်လေးသည်လည်း အိုးသံခွက်သံများဖြင့် လှုပ်ရှားအသက်ဝင်လျက် ရှိပေသည်။


ထို့ နောက် တရှဲရှဲ ထမြည်နေသော ဆီဒယ်အိုးထဲသို့ ထောပတ်အနည်းငယ် ထည့်ကာ ကြက်သွန်ဖြူကြေမွမွများဖြင့် ရောမွှေလိုက်သည်။ပြီးလျှင် ပဲဆီ၊ဆားတို့ ဖြင့် ရောနယ်ထားသော ထမင်းကို ဒယ်အိုးထဲသို့  ထည့်ကြော်လိုက်၏။ဆီသတ်ထားသော ကြက်သွန်ဖြူနံ့  မွှေးပံျ့ပံျ့သည်လည်း ပဲဆီနှင့်ရောကာ အနံ့ သင်းပံျ့လာလေ၏။ ဝေ့၀ဲပျံ့လွင့်လာသည့် ထမင်းကြော်နံ့ ကို တရှိုက်မက်မက် ရှူသွင်းရင်း “ဒီအနံ့ တွေ တစ်မြို့ လုံး အနှံ့ ပျံ့နှံ့  သွားပြီလား” ဟု သူ တစ်ကိုယ်တည်း တွေးတောနေမိသည်။ဆိုင်ထဲတွင်တော့ ၀ယ်သူများနှင့် စည်ကားစ ပြုနေပေပြီ။

………………………………………………………………………………………………..

အမှန်တော့ ကျောင်းတက်ခါနီး ရှစ်နာရီထိုးမှသာ ထတတ်သည့် သူ့ ကို အမေက ဒီကနေ့ တွင် စောစီးစွာပင် ခေါ်ထလေသည်။သည်လို စောစောစီးစီးထလာနိုင်အောင် သူ့ ကို စည်းရုံးထားရသည်မှာ သိပ်တော့ မလွယ်ကူလှပေ။အမေကတော့ ညကတည်းကပင်

“သားရေ…မနက်ဖြန်ကျရင် သားကို မနက်စောစော အမေခေါ်နှိုးမယ်နော်…၊ဒါမှ သိကြားမင်းကြီးက သားကို ကောင်းချီးပေးမှာလေ…၊ပြီးတော့ သားလည်း အမေတို့ ကို ၀ိုင်းကူပေါ့…၊၀ယ်တဲ့လူတွေ မှာထားတာတွေကို သူတို့ ဝိုင်းဆီ သွားပို့ ပေးရုံ ပါပဲ၊ပျော်ဖို့ တောင် ကောင်းပါသေးတယ် သားရယ်… ”

ဟူ၍ အမေ့ရဲ့ အားတက်သရော် အပြောကြောင့်သာ သူ့ မှာ အလိုလိုနေရင်း ပျော်နေမိသည်။ထို့ ကြောင့်လည်း အိပ်ရာစောစောထရန် သဘောတူလိုက်မိ၏။

အခုတော့ လက်ဖက်ရည်ဆိုင်၏ လှုပ်ရှားသက်ဝင်မှုတွေကို ကြည့်ရင်း သူ မင်သက်နေမိသည်။ အမေကြော်ခိုင်းသော ကြက်ဥကို မကြော်တတ် ကြော်တတ်နှင့်ပင် ကြော်နေမိလေသည်။ကြက်ဥကို ခေါက်ပြီး
ဆီအိုးထဲ ထည့်ဖို့ အရေး ဆီများ ထပေါက်လေမလားဟု တွေးကြောက်နေမိ၏။ဆီ ထပေါက်လာမည်ကို
လန့် နေရင်းနှင့်ပင် ကြက်ဥတွေ တစ်လုံးပြီး တစ်လုံး ကြော်ဖြစ်တော့သည်။တချို့ ကြက်ဥက အဆင်ပြေသော်လည်း တချို့ ကျတော့လည်း အကျက်လွန်ကာ နီတူးသွားလေ၏။လေးငါးလုံး ကြော်ပြီးသည့်နောက် အမေက “ဆက်မလုပ်ပါနဲ့ တော့ သားရယ်…”ဟု တားမိသည် အထိပင်…။

…………………………………………………………………………………………………………………


“မိတ်ဆက်” လက်ဖက်ရည်ဆိုင်လေး၏ အပြင်ဘက်တွေတော့ နှင်းမှုန်မှုန်ဖျန်းပက်ထားသည်ကို လှမ်းမြင်နေရပါသည်။ဒီကနေ့ မှ ထူးထူးခြားခြား ဘာကြောင့်များ မချမ်းပါလိမ့်ဟု မီးဖိုဘေးတွေ စောင့်ကြောင့်ထိုင်း၏ကာ သူ့ မှာ တွေးကောင်းကောင်းနှင့်ပင် တွေးနေမိသည်။သို့ သော်လည်း ဆိုင်ထဲသို့ လှမ်းဝင်လာသော ၀ယ်သူများသည် အနွေးထည်ကိုယ်စီ ၀တ်ဆင်ထားကာ ချမ်းစိမ့်နေသည့် ပတ်ဝန်းကျင်ကို မနိုင်မနင်း အန်တုနေသယောင် လှမ်းမြင်နေရလေ၏။တချို့ ဝယ်သူမျာက ပါဆယ်ဆွဲပြီး ၀ယ်တတ်ကြသလို တချို့ ဝယ်သူများကျတော့လည်း ၀ိုင်းထဲတွင် ၀င်ထိုင်ပြီး လက်ဖက်ရည်တစ်ခွက်တည်း မှာကာ ရေနွေးကြမ်း အကြိမ်ကြိမ်မော့သောက်ရင်း အချင်းချင်း ရေပက်မ၀င် ပြောဆိုတတ်ကြသည်။တချို့ ဝယ်သူများ ကျတော့လည်း

“ခပ်မြန်မြန် လုပ်ပေးပါ…၊ဟိုမှာ လိုင်းဆိုင်ကယ် စောင့်နေလို့ ”


ဆိုပြီး အလောတကြီး မှာတတ်ပြန်သည်။အမေကတော့ နဖူးကချွေးကို လက်နှင့်သပ်ရင်း


“ရမယ် ညီမရေ…ဒါပြီးရင် ညီမကို ရှယ် လုပ်ပေးမယ်”


ဟူ၍ လက်ဖက်ရည်ဖျော်နေရာမှ အပြုံးမပြတ်ဘဲ လှမ်းပြောတတ်သည်။ဝမ်းကွဲ အစ်မတွေကတော့ ပန်းကန် ခွက်ယောက်များ သိမ်းသူသိမ်း ဆေးသူဆေး၊ထမင်းကြော် ထည့်သူထည့်၊မှာထားတာတွေကို ပို့ သူ ပို့ နှင့်ပင် အလုပ်ရှုပ်နေကြလေသည်။သူကျတော့ ပန်းကန်ခွက်ယောက် သိမ်းပေးရသည့် အလုပ်ကိုသာ လုပ်ရင်း ပတ်ဝန်းကျင်ကို အထူးအဆန်း ဖြစ်နေမိလေ၏။

………………………………………………………………………………


“ပဲပြုတ် နံပြား ပါဆယ် ထည့်ပေးပါ”


ဟူသော အသံကြားသည်နှင့် တစ်ပြိုင်နက် ၀မ်းကွဲအစ်မသည် ပျော့မွနေတဲ့ ပဲပြုတ်အိုးထဲမှ ပဲပြုတ်ကို ခူးခပ်ရင်း

“ထည့်နေပြီ အစ်မရေ…၊ပါဆယ် တစ်ထုပ်ပဲဟုတ် အစ်မ…”

လက်ဖက်ရည်ဆိုင်ထဲမှ ရှုပ်ယှက်ခတ်နေသည့် ပုံရိပ်ကို ကြည့်ရင်း လမ်းမပေါ်ကိုပါ သူ မျှော်ကြည့်လိုက်မိ၏။ ပျားပန်းခတ်ကာ လှုပ်ရှားသွားလာနေကြသော လူများသည် ဈေးထဲသို့  သူတို့ ၏ ၀မ်းတစ်ထွာအတွက် ဖြည့်ဆည်းနိုင်ရန် ၀ယ်စရာရှိသည်များကို လာရောက် ၀ယ်ချန်ကြလေပြီ။ဈေးနှင့်နီးသော “မိတ်ဆက်” လက်ဖက်ဆိုင်လေးသည်လည်း ဈေးဝယ်သူများ၏ ၀မ်းတစ်ထွာ ဖြည့်ဆည်းရာ နေရာများထဲမှ တစ်နေရာအဖြစ် ရပ်တည်နေလေ၏။

………………………………………………………………………………….

“ပဲပြုတ် နံပြားကို ဟောဒီပန်းကန်ထဲ ထည့်ပေးဦး အစ်မ”

“ခဏစောင့် ညီမရေ…၊အစ်မ ထည့်ပေးမယ်”

ခြံစည်းရိုးတစ်ဖက်ခြမ်းရှိ အဆောင်သူလေးများ၏ အသံစူးစူးကြောင့် သူ့ မှာ လက်ရှိပစ္စုပ္ပန်ထဲသို့  လှမ်းဝင်ရန် သတိရမိစေသည်။တည်ထားသော ရေနွေးအိုသည်ပင် ပွပွထဆူနေပေပြီ…။လျှပ်စစ်ပလပ်ပေါက်ကို ဖြုတ်ရင်း ကော်ဖီမစ်ထုပ်ကို ဖောက်ကာ ခွက်ထဲသို့  ထည့်လိုက်၏။ရေနွေးကို ခွက်ထဲသို့  ထည့်ပြီး

ဇွန်းကလေးနှင့် ရောမွှေလိုက်သည့်အခါ မိသားစုအရိပ်အငွေ့ ကိုပင် လွမ်းမောတမ်းတ လာမိစေသည်။ ဖျော်ထားသည့် ကော်ဖီကို မော့သောက်ကာ အိမ်လွမ်းဝေဒနာကို ဖြေဖျောက်နိုင်အောင် သူ ကြိုးစားနေမိ၏။ပြည့်နှက်နေသည့် အိမ်လွမ်းဝေဒနာကို သွန်ထုတ်နိုင်ရန်အလို့ ဌာ သူ အဆောင်အပြင်ဘက်သို့  လှမ်းမျှော်ကြည့်လိုက်မိသည်။

နှင်းဖွေးဖွေး ရောဆွတ်ထားသည့် လမ်းတိုလေးတစ်လျှောက်တွင်တော့ ပဲပြုတ်သည် အစ်မကြီးသည် ခေါင်းပေါ်မှ ပဲပြုတ်ဗန်းကို ရွက်လျက် တရွေ့ ရွေ့ လျှောက်လှမ်းနေလေသည်။နှင်းဆွတ်ဆွတ် လမ်းတိုကလေးထဲသို့  လှမ်းဝင်သွားလေသည့် ပဲပြုတ်သည်အစ်မကြီး၏ အရိပ်သဲ့သဲ့လေးကို ကြည့်ကာ နောက်ထပ်နောက်ထပ် မည်သို့ သောလမ်းမျိုးများဖြင့် လူသားများ ဆက်လက် လျှောက်လှမ်းကြရမည်ကို သူ တွေးတောနေမိသည်။ထိုအခါ သူ၏ အိမ်လွမ်းဝေဒနာသည်လည်း နှင်းမှုန်နှင်းစလေးများအဖြစ် လွင့်မျောသွားလေ၏။

……………………………………………………………………………………………

အခုတော့လည်း နှင်းဆွတ်ဆွတ် ဖြန်းပက်ထားသည့် လမ်းတိုလေး တစ်လျှောက်တွင် သူ၏ အိမ်လွမ်းဝေဒနာ အမှုန်အစလေးများသည်လည်း ရောင်နီးသမ်းလာသည်နှင့်အမျှ အငွေ့ ပျံပျောက်ကွယ်သွားလေတော့သည်။
                                                                     ထော်ဦး(ဘားအံကွန်ပျူတာ)
                                             ၂၀၁၄၊မတ်လထုတ် Halo Fashion မဂ္ဂဇင်း


3 comments:

  1. အလုပ်တွေများလို့ ပျောက်နေတာလား မောင်ထော်ဦးရေ။
    အက်ဆေးလေးဝင်ဖတ်ရင်း နှစ်သစ်အတွက်ဆုတောင်းပေးခဲ့ပြီနော်။
    နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မင်္ဂလာ နှစ်သစ်ပါထော်ရေ....
    နှင်းဆွတ်ဆွတ်လမ်းကို ခံစားခဲ့ပါတယ်နော်...
    ခင်တဲ့...မိုးနတ်

    ReplyDelete
  3. နောက်တစ်ခေါက် ထပ်ဖတ်ဖြစ်တယ်

    ReplyDelete