ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, November 20, 2012

ထာဝရ အဖော်မွန်


ည။

အိပ်ရာထက်မှာ လဲလျောင်းရင်း နာရီသံ တချက်ချက် မြည်သံနဲ့ အတူ ကြွက်တွေ အချင်းချင်း တကျွတ်ကျွတ် ဆော့ကစား နေကြတဲ့ အသံကို ကြားနေရတယ်။

မျက်ရည်တွေ အလိုလို စီးကျ နေမိရင်းနဲ့ ရွာကို သတိရ မိတယ်။ ရွာမှာဆို လယ်တောထဲ ဆင်းပြီး ကြွက်ထောင်ဖမ်းကြ။ ဖမ်းလာတဲ့ လယ်ကြွက်တွေကို အရေပြားလှန် ဆားဖြူးပြီး ကင်စား တတ်ကြ တာတွေကို တွေးမိရင်း စိတ်ထဲအလိုလို ၀မ်းနည်း လာမိတယ်။
ဒီရောဂါပိုး ကူးစက် ခံရတော့မှ ငါဘာဖြစ်လို့များ ရွာကို လွမ်းနေမိပါလိမ့်။ ငွေဟာ အရာရာကို ပြောင်းလဲ ပေးနိုင်မယ် ထင်ခဲ့မိလို့ ဒီလိုဘ၀မျိုး ငါခံ ယူလိုက်မိတာ။ ဆင်းဆင်း ရဲရဲနဲ့ ရွာမှာ နေခဲ့ရတဲ့ ဘ၀လေးကို ငါမနှစ်မြို့တော့လို့ ဒီမှာ တစ်ယောက်တည်း ကုန်းရုန်း ရှာဖွေခဲ့တာတွေ။ ဒါတွေဟာ ငါ့မိသားစုတွေကို ငွေပို့ ပေးနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ။ ဒါပေမဲ့ ငါဒီလို ခံစားနေရမှန်း မိသားစုတွေက ဘယ်သိနိုင် လိမ့်မလဲလေ။

............................................................................................................

အိပ်ရေး ပျက်တဲ့ည။

မြို့ပြင်မှာ ဆောက်ထားတဲ့ အိမ်လေးရဲ့ အပြင်ဘက်မှာ ပုရစ်သံက လွဲပြီး ဘာအသံမှ သိပ်မကြားရဘူး။ဒီညမှ ထူးထူးခြားခြား ဆိုင်ကယ်သံတွေ၊ ဆိုက်ကားသံတွေ ကြားနေရသလိုပဲ။အင်း၊ဆိုက်ကား။ ဈေးဝယ်ထွက်တိုင်း သူ့ဆိုက်ကားကို အမြဲစီးနေကျ၊ ကျွန်မလည်း သူ့ကို သတိ ရနေမိတယ်။ကျွန်မလို အပျက်မ တစ်ယောက်ကို သူက ဘာဖြစ်လို့ မရွံရှာပါလိမ့်။ “အပျက်မ”လို့ ဆိုလိုက်တာနဲ့ ဆိုက်ကားသမား အများစုနှာ ခေါင်းရှုံ့ကြပြီး လိုက်ပို့ပေးချင်စိတ် မရှိကြတဲ့ အထဲမှာ သူက ထူးထူးခြားခြား ဘာဖြစ်လို့များ လိုလိုချင်ချင် လိုက်ပို့ပေးနေရှာပါလိမ့်။ တစ်ခါတလေ စိတ်လိုလက်ရနဲ့ ဒီအကြောင်းကို မေးကြည့်မိတော့ သူက-



“လူအချင်းချင်းပဲလေ၊ဘာတွေ ရွံစရာ ရှိလို့လဲ အစ်မရယ်၊ကိုယ့်ဘ၀ကို ကိုယ်မှ ရွေးပိုင်ခွင့် မရတာပဲလေ”လို့ ပြောတော့ ကျွန်မ အလိုလို နေရင်း ၀မ်းသာ လာမိတယ်။ ဘာလိုလိုနဲ့ သူနဲ့ ကျွန်မ စကား တစ်ခွန်းစ နှစ်ခွန်းစ ပြောရင်းက ခင်မင်လာပါပြီ။ သူကျွန်မကို ခင်မင်နေမိမှန်း သူ့မျက်ဝန်းတွေက တစ်ဆင့် တွေ့မြင် နေရတယ်။ ကျွန်မ ကြုံခဲ့ရတဲ့ ကျားသတ္တ၀ါတွေရဲ့ ရမ္မက်မျက်လုံးမျိုး သူ့ဆီမှာ မတွေ့မြင်မိတာ ထူးဆန်း နေသလိုပဲ။



တစ်ခါတလေ ကျွန်မ ဆိုက်ကားသမား အုပ်စုရှိရာကို ဖြတ်လျှောက်မိတော့ သူတို့တွေက-

“ပပ၀တီလေးက ချစ်စရာလေး၊ဒါပေမဲ့ အတွင်းသားက ပုပ်စော်နံတယ်လေ၊ဟားဟားဟား”

ဆိုပြီး ရိလုံးထေ့လုံးနဲ့ ကျွန်မကို ဟားကြတယ်လေ။ နောက်နေ့လည်း ရောက်ရော ကျွန်မကိုသူက-

“အစ်မ နောက်တစ်ခါ ဒီဘက်ကို မဖြတ် လျှောက်ပါနဲ့၊ သူတို့ပြောတာတွေ အစ်မကြားရင် စိတ်ဆင်းရဲလိမ့်မယ်”လို့ တားရှာတယ်။



နောက်ပြီး ကျွန်မကို သိပ်မသိကြတဲ့ မြို့မ ဈေးကြီးဆီ သူပင်ပင်ပန်းပန်းနဲ့ ဆိုက်ကားနင်းပြီး လိုက်ပို့ပေးရှာတယ်။ သူ့ကို ဘာကြောင့်လဲလို့ မေးကြည့်တော့-

“မြို့ပြင်က ဈေးဆိုင်တွေ ဈေးကြီးလို့ပါ အစ်မ”လို့ ရှက်အမ်းအမ်းနဲ့ ပြောရှာတယ်လေ



ကျွန်မ သိတာပေါ့။မြို့ပြင် ဈေးဆိုင်မှာ ဆိုရင် ဈေးသည်တွေက ကျွန်မ ဒီအလုပ် လုပ်နေမှန်း သိနေကြလို့လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် မနက်ပိုင်း ရောင်နီ ထွက်တာနဲ့ သူနင်းတဲ့ ဆိုက်ကားလေးကို စီးရင်း ဈေးဝယ် ထွက်ဖြစ်တိုင်း ကျွန်မ ပျော်ရွှင် နေမိတယ်။အနှစ်သာရ ရှိတဲ့ တစ်ခဏတာ ဘ၀ လေးပါပဲဆိုတာ ကျွန်မ သိခွင့် ရခဲ့လို့လေ။ ဒါပေမဲ့...

...............................................................................................................

ဒါပေမဲ့ကျွန်မဆီ ဒီရောဂါဆိုးကြီး ၀င်ရောက်လာကတည်းက ဘယ်သူနဲ့မှ တွေ့ချင်စိတ်မ ရှိတော့ဘူး။တစ်နေ့ သူမနက် စောစောလာ တော့-

“အစ်မမင်းကို တစ်ပတ်စာ ငွေကြို ပေးထားလိုက်မယ်။ မင်းဝယ်ချင်တာ ၀ယ်လာခဲ့၊ပြီးရင် အထုပ်တွေကို အိမ်ရှေ့မှာပဲ ချိတ်ထားလိုက်။အစ်မ အခုတစ်လော ဘယ်သူနဲ့မှ တွေ့ချင်စိတ် မရှိဘူး”လို့ခပ်ပြတ်ပြတ် ပြောထားလိုက်တယ်။စိတ်ဓာတ် ပြိုလဲကျနေတဲ့ အချိန်မှာ ကျွန်မအတွက် အား ပေးလာမယ့် လက်တစ်စုံ လိုအပ်ရဲ့လား။ဟင့်အင်း၊ကျွန်မ အတွက်တော့ ဒီလို အချိန်မျိုးမှာ တစ် ယောက်တည်းပဲ တိတ်တိတ်ဆိတ်ဆိတ် နေချင်မိတယ်။ ဒါပေမဲ့ အထီးကျန်တဲ့ ဝေဒနာက ပိုပြီးကြီးစိုး လာသလိုပါပဲလားကွယ်။

...............................................................................................................

မနက်မိုးစင်စင် လင်းလာပြီ။ စိတ်ထိခိုက်ပြီး မစားနိုင် မသောက်နိုင်နဲ့ လူကလည်းတဖြည်း ဖြည်း ပိန်ကျလာပြီ။ အခုတစ်လော ၀မ်းလည်း မကြာခဏ သွားနေရလို့ လူလည်း ပင်ပန်းနွမ်းချည့် နေတော့တာပဲ။အပြင်ထွက်ပြီး တစ်ခုခု ၀ယ်စားဖို့ ကျတော့လည်း လူတွေရဲ့မျက်နှာရိပ် မျက်နှာကဲကို ရွံမုန်းနေမိလို့ အပြင်ထွက်ချင် စိတ်တောင် မရှိတော့ပါဘူး။ကိုယ်သားကိုယ်ရေ နီစပ်စပ်ဖြစ်နေတာကို ကြည့်ပြီး-

“မြန်မြန် သေရင်လည်း အေးတာပါပဲ၊ဘာဖြစ်လို့ မသေရတာလဲ”လို့ကိုယ့်ကိုယ်ကို ကျိန်ဆဲနေမိတယ်။ ပြတင်းပေါက်က တစ်ဆင့် လှမ်းမြင်နေရတဲ့ မြင်ကွင်းတွေကို တငေးတမော ကြည့်ရင်း ရွာကို သတိရမိလာလေတော့ မျက်ရည် ရစ်ဝဲလာပြန်တယ်။မျက်တောင်ကို တဖျတ်ဖျတ် ခတ်ရင်း “ငါဘာဆက်လုပ်ရင် ကောင်းမလဲ”လို့ တွေးနေမိတယ်။





ကိုယ့်ကိုယ်ကို သေကြောင်းကြံရင်ရော။ဟင့်အင်း၊မသေခင်စပ်ကြား နာကျင် ခံစားနေရ

တာတွေကို ကျွန်မ ကြောက်တယ်။မသေဘဲ တစ်ခုခု ဖြစ်သွားရင်ရော။ ဖြစ်လာမယ့် အကျိုးဆက်တွေကို ကျွန်မ ခံနိုင်ရည် ရှိလိမ့်မှာ မဟုတ်ဘူး။အထီးကျန်တဲ့ ဘ၀လေးကို ဘယ်လိုများ ကုစားနိုင်ပါလိမ့်လို့ ကျွန်မ ကြေကွဲစွာ တွေးနေမိရင်းနဲ့။

...............................................................................................................



မနက်စောစောစီးစီး သူကျွန်မဆီ ရောက်လာတယ်။ကျွန်မကို စေ့စေ့ကြည့်ပြီး-

“အစ်မရယ် ဘယ်လိုဖြစ်သွားတာလဲ”



“မင်းထင်သလိုပါပဲ၊အစ်မမှာ ရောဂါပိုး ရှိနေပြီ”





ကျွန်မဒီလိုပြောလိုက်တော့သူကကရုဏာသက်တဲ့မျက်ဝန်းနဲ့-

“အစ်မရေဘာမှအားမငယ်ပါနဲ့၊အစ်မနားမှာ ကျွန်တော် အမြဲရှိ နေမယ်”



သူ့ကိုခပ်တွေတွေ စိုက်ကြည့်နေမိရင်းနဲ့ အာစေး မိထားသလို ကျွန်မ ဘာပြောရမှန်း မသိတော့ဘူး။သူကဆက်ပြီး-

“အစ်မကို တွေ့စကတည်းက ကျွန်တော် ချစ်နေတာပါ အစ်မရယ်။ တကယ်တော့ အချစ်ဆိုတာ တူတူအိပ်ကြမှ ချစ်တာ မဟုတ်ပါဘူး။အစ်မ ဘယ်လို ဘ၀ပဲ ရောက်ရောက်၊ အိုကုန်ကုန် ပြောရရင် အစ်မဒီလို အခြေအနေမျိုး ရောက်နေတဲ့ အချိန်မှာ အားပေးဖော်လေးလောက်တော့ ကျွန်တော် ဖြစ်ခွင့် ရချင်ပါတယ် အစ်မ”



သူ့အပြောကို နားထောင်ပြီး ကျွန်မ မျက်ရည် ရစ်ဝဲလာတော့တယ်။ ဟုတ်တယ်။ ကျွန်မဒီလို အချစ်မျိုးကို လိုအပ်နေတာ ကြာပြီ။အထီးကျန်တဲ့ ဝေဒနာကို ကုစားဖို့ ဒီလို အချစ်မျိုး ပေးလာတဲ့ သူကို ကျေးဇူး အထပ်ထပ် တင်နေမိတယ်။ပြီးတော့-

“အစ်မ ဒီမနက် အပြင်ထွက်ပြီး ဘုရားဖူးချင်တယ်၊မင်းလိုက်ပို့ ပေးမလား”လို့ ပြောလိုက်မိတယ်။

...............................................................................................................

“ဘယ်လိုဝဋ်ကြွေးများကြောင့်လဲ၊

အဖော်မဲ့ငါ့ဘ၀ထဲ၊

တစ်ခါမှအသည်းလည်းမကွဲခဲ့ဖူးပါကွယ်။

အကြင်နာကင်းမဲ့စိတ်အားလေးငယ်

...................

လွမ်းလို့နေဆဲကိုယ့်ဖူးစာရယ်”



သူနင်းတဲ့ဆိုက်ကားလေးကိုစီးရင်းလက်ဖက်ရည်ဆိုင်ကနေ ပျံ့လွင့်လာတဲ့ အဆိုတော် “နေနေ”ရဲ့ ဖူးစာရှင် သီချင်းလေးကို နားဆင် နေမိတယ်။ အခုတစ်ခေါက် ဆိုက်ကားစီးရတာ ကျွန်မ အတွက်တော့ ရင်မှာအပေါ့ပါးဆုံးပဲ။ပျံ့လွင့်လာတဲ့ သီချင်းသံစဉ်လေးကို နားဆင်ရင်းနဲ့ ဆိုက်ကား နင်းနေရှာ သူလေးကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ပြုံးပြ နေမိတော့တယ်။သူတန်ပြန် ပြုံးပြလာတဲ့ တစ်ခဏတာ အချိန်လေး အတွင်းမှာ ကျွန်မ ဆုံးဖြတ်ချက် တစ်ခုကို ခပ်မြန်မြန် ချမှတ်လိုက်မိတယ်။ကျွန်မမှာ “ထာဝရ အဖော်မွန်”ရှိနေပြီ ဆိုတာကိုလေ။

                                               ထော်ဦး၊ဘားအံကွန်ပျူတာ၊

                                              (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

(ဒီဇင်ဘာလ ၁ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ 
  သို့  အမှတ်တရ...)

2 comments:

  1. ထော်ထော်ရေ ...
    ဖတ်ပြီး နင့်ခနဲခံစားလိုက်ရတယ် ...
    အားပေးနေပါတယ် ...
    ဆက်လက်ရေးသားနိုင်ပါစေ ...

    ReplyDelete
  2. ကောင်းပါတဟ် ကိုထော်ရေ့
    တိမ်မိုးဝေ

    ReplyDelete