ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, October 10, 2012

မိုးခြွေလေညင်း

အဆောင်၏ အပြင်ဘက်တွင် မိုးသည် သည်းသည်းလှုပ်ပင် ရွာသွန်းနေလေ၏။

……………………………………………………………………………………………………………………….

ပြတင်းပေါက်မှတစ်ဆင့် တစ်ပေါက်ပေါက်စီးကျနေသော မိုးရေများကို ကြည့်ကာ သူ အထွေးကို သတိရနေမိပြန်သည်။မသိစိတ်က စွဲလမ်းနေသည်ကို ဘာကြောင့်များ မတားဆီးနိုင်ပါလိမ့်…။ဘာလိုလိုနှင့် အထွေးကျောင်းမတက်ဖြစ်သည်မှာ သုံးပတ်ခန့် ပင် ပြည့်ပေပြီ။

တစ်နေ့ တစ်နေ့ 

အထွေးအကြောင်းတွေးမိတိုင်း သူ သက်ပြင်းတွေ မသိမသာ ချနေမိ၏။အထွေး

အိမ်မှာ ဘာများ ဖြစ်နေပါလိမ့်ဟုလည်း စိတ်ပူပန်စွာ တွေးနေမိပြန်သည်။ဂျင်းဘောင်းဘီဝတ် မိန်းကလေးများကို မြင်လေတိုင်း အထွေးများ ဖြစ်လေမလားဟူ၍ စူးစမ်းခဲ့ဖူးသည်အထိပင် သူ အထွေးကို စွဲလန်းနေမိ၏။အခုတော့ အထွေးကို သူစောင့်စားလျက်နှင့်ပင် ပူလောင်နေပါပြီ…။



……………………………………………………………………………………………………………………………………

အမှန်တော့ အထွေး၏ နာမည်အရင်းက ထွေးထွေးညိုရယ်ပါ။သူက အထွေးဆိုပြီး ချစ်စနိုးနှင့် မှည့်ခေါ်ထားခြင်းပင်။သူနှင့်အထွေး စပြီး ခင်မင်သွားတာကတော့ စာမေးပွဲအသေးစားဟု ခေါ်သည့် ကျူတိုရီရယ် မှာပါ။ဆရာမက ကျောင်းသား နှင့် ကျောင်းသူ ရောထိုင်ခိုင်းတော့ သူ့ မှာ အင်တင်တင်နှင့်ပင်

အထွေးအနားမှာ ထိုင်လိုက်ရသည်။စာမေးပွဲဖြေတော့ အထွေးက သူ့ ကို မေးတော့သည်ပင်…။

“ဟေ့…ငါ စာတွေ မကျက်လာရဘူး၊ငါ့ကို စာလေးနည်းနည်း ပေးကူးပါလား”

အထွေး အပြောကြောင့် သူ့ မှာ အံ့တွေ သြကာ ဘယ်လို မိန်းကလေးပါလိမ့်ဟုလည်း တွေးနေမိပြန်သည်။အထွေးကတော့ ဒါမျိုးတွေ ရိုးနေပြီး ဆိုသည့် ဒီဇိုင်းနှင့် အဖြေလွှာစာရွက်ကို ဆရာမ အလစ်တွင် သူမဘက်သို့ ဆွဲယူလိုက်လေ၏။သူ့ကတော့ ပါးစပ် ဟလျက်နှင့်ပင် အထွေးကို အူကြောင်ကြောင် လှမ်းကြည့်နေမိသည်။စစတွေ့ သည့် နေ့ ကတည်းကပင် အထွေးက သူ့ ကို ထိုသို့  ပြုမှုတတ်လေ၏။



နောက်ပိုင်း အထွေးနှင့်သူ တစ်စပြီး တစ်စ ခင်မင်သွားပါပြီ။အကျင့်စရိုက်ချင်း မတူညီသော်လည်း သူက အထွေးကိုတော်တော်လေး ခင်မင်နေမိသည်။တခြား မိန်းကလေးတွေလို ဟိတ်ကြီးဟန်ကြီးနှင့် ပဲမများတတ်သည့်အတွက်လည်း ပါမှာပါ။အထွေးကတော့ အရင်က ဒီဇိုင်းအတိုင်း ၀ုန်းဒိုင်းကြဲ နေမိဆဲပင်။ကျောင်းအမြဲပြေးနေတတ်သည့် အထွေးကို သူမည်မျှပင် တရားပြပြ အထွေးကတော့ မမူပါ။ကျောင်းပြေးမြဲ ကျောင်းပြေးဆဲပင်။တရားချနေရသော သူသာ အာပေါက်ပြီး သေသွားချင် သေသွားပါလိမ့်မည်။အထွေးကတော့ ပြင်မည့်ဟန် မပြပေ…။



………………………………………………………………………………………………………………………………………..



ဒီလိုနှင့် စာမေးပွဲဖြေခါနီးကျတော့ အထွေးခမျာ ပျာယာခတ်လေတော့သည်။စာအုပ်တွေ စာမစုံသေးသည့်အပြင် ဘယ်စာကို ကျက်ရ၍ ကျက်ရမှန်းပင် မသိရှာပေ။ထို့ ကြောင့်လည်း

သူ့ အဆောင်သို့  ရောက်လာကာ စာလာကူးပေတော့သည်။တချို့ ကို မိတ္တူဆွဲပြီး ကူးလိုက်ရတော့ အထွေးခမျာ မကျေမချမ်းလေသံနှင့်ပင်

“ဒီမိတ္တူခနဲ့  ငါမွဲတော့ မှာပဲ”

ဟု ညည်းညူ ရှာလေသည်။သူက

“အခုကျမှ မွဲသလေး ဘာသလေးမလုပ်နဲ့ ၊ငါ ပြောတုန်းက နားမထောင်ဘဲနဲ့ ၊ကဲ…စာတွေ မေးစရာရှိရင်လည်း လာမေးလှည့်”

ဟု ဘုကျကျ ပြောလိုက်တော့ အထွေးခမျာ မျက်နှာငယ်လေးနှင့်ပင်

“အေး ပါဟ…”

ဟု အပြစ်မကင်းသည့် လေသံနှင့် ပြောနေရှာသည်။သူ ရယ်ချင်နေပေမယ့် မျက်နှာခပ်ထန်ထန်ထားကာ အခန်းထဲသို့  ၀င်ပြီး ကျိတ်ရယ်နေမိသည်အထိပင်…။



ဒီလိုနှင့်ပင် အထွေးတစ်ယောက် သူ့ ဆီ စာတွေအသည်းအသန် လာမေးတော့သည်။ အတွက်ပုစ္ဆာတွေ ကျတော့ အထွေးက စောဒက တက်ကာ

“ဒါတွေ ဘယ်လို ဖြစ်သွားတာလဲ…။ဟ…ဒါတွေက အဲလို မဖြစ်သင့်ဘူးလေ…။သူတို့  ထွင်တဲ့ သီအိုရီက ယုံစားလို့ မရဘူး။ငါ့ဘာသာငါပဲ ငါထွင်ထားတဲ့ သီအိုရီကို သုံးလို့ မရဘူးလား ဟင်း”

အထွေး၏ သည်လိုအပြောကြောင့်လည်း သူစိတ်ညစ်ညစ်နှင့်ပင် ရယ်မိနေပြန်သည်။သူ နှင့်အထွေးတို့ နှစ်ဦး

ဆန့် ကျင်ဘက်တွေ ဖြစ်နေကြပေမယ့် ဘာကြောင့်မှန်းမသိ။အထွေးအနား နေမိသည့်အချိန်တိုင်း သူ ပျော်နေမိသည်။ဒါသည်ပင် သံယောဇဉ်ကြောင့်လား…။ဒါမှမဟုတ်….။ဟူး….။သူ ဆက်မတွေးချင်တော့ပါ။

……………………………………………………………………………………………………………………………………

ဘာလိုလိုနှင့် ဘားအံကွန်ပျူတာ တက္ကသိုလ် ပထမနှစ် နှစ်ဝက်စာမေးပွဲလည်း ဒီနေ့ တော့

နောက်ဆုံးနေ့ အနေဖြင့် ဖြေရတော့မည်။အထွေးကတော့ ထုံးစံအတိုင်း တစ်နာရီခွဲလောက် ထိုင်ပြီး အခန်းအပြင်ဘက်သို့ ထွက်တော်မူရန် ဟန်ပြင်နေချေပြီ…။

သူ့ မှာတော့ ဖြေထားသည်မှာ တစ်ဝက်ကျော်ရုံပင် ရှိပါသေးသည်။စာတွေ ဖြေကောင်းကောင်းနှင့် ဖြေလာလိုက်တာ အထွေးကိုတောင် သူ မေ့သွားပါပြီ…။အဖြေလွှာစာရွက်ကို တင်ပြီးနောက်ပိုင်း ဟိုတွေး ဒီတွေးရင်းနှင့်ပင် အခန်းအပြင်ဘက် ထွက်လိုက်တော့ “ဗုန်း”ခနဲ အသံ နှင့်အတူ သူ့ ဆီ ရေတွေ စိုရွှဲသွားပါပြီ။အထွေးက ရေသန့် ဘူးကို ကိုင်ထားရင်းနှင့်ပင် သူ့ ကို ပြောင်စပ်စပ် မျက်နှာပေးနှင့်

“ဘယ်လိုလဲ…။ ရင်ထဲက အပူတွေ ပျောက်သွားပြီး မို့ လား…အေးမြသွားပြီ မို့ လား…ဟား…ဟား..ဟား”

သူကတော့ ရေအပက်ခံသည့် မျက်နှာကို လက်နှင့်သုတ်ပြီး မကျေမချမ်းသည့် လေသံနှင့်….

“အေး…လာစမ်း…လာစမ်း…နင့်ကိုလည်း ငါပက်မယ်…”

ပြောရင်းဆိုရင်းနှင့်ပင် တစ်ခြားလူဆီက သောက်ရေဘူးကို သူ လှမ်းယူလိုက်တော့ အထွေးလည်း

လစ်ခနဲ့  ထွက်ပြေးတော့သည်ပင်…။

…………………………………………………………………………………………………………………………

ညနေစောင်းတော့ သူ အထွေးအဆောင်သို့  သွားလည်ဖြစ်သည်…။လက်ထဲမှာတော့…။



“အထွေးရေ…နင့် ဧည့်သည်လာတယ်ဟေ…”

“အေး….လာပြီ…လာပြီ…”

အသံကုန် အော်ရင်း အထွေးခမျာ ကဗျာကယာ ပြေးထွက်လာလေသည်။သူလည်း မျက်နှာ မချိုမချဉ်နှင့်ပင်

“ဘယ်တော့ ပြန်မလဲ”

ဟု မေးလိုက်တော့ အထွေးက

“ဘာလဲ…နင် ငါ့ကို သတိရနေမယ်ဆိုတာ ငါသိပါတယ်…”

“အေးလေ…နင်လည်း ငါ့ကို သတိရသွားအောင် ငါလက်ဆောင် လာပေးမလို့ ပါ..”

လက်ဆောင်ဟူသောအသံကြောင့် အထွေးခမျာ သူ့ ကို ကြောင်တောင်တောင်နှင့်ပင် ကြည့်နေရှာပါပြီ…။အခွင့်သာတုန်း သာခိုက်

ဆုပ်ထားသည့် သူ့ လက်ကို အထွေးမျက်နှာဆီ အကြမ်းပတမ်း ပွတ်လိုက်တော့ အထွေးခများ အော်ကြီးဟစ်ကျယ်နှင့်ပင်

“အား…ကြည့်စမ်း…ငါ့မျက်နှာတွေ ပေကုန်ပြီ…။နင်တော်တော် ရက်စက်တာပဲ…။လူပုံ ကြည့်တော့ ရိုးရိုးအေးအေးနဲ့ င့ါကို အခု အိုးမဲသုတ်လိုက်ပြီး…ရော့…နင့်ကိုလည်း ငါ ပြန်သုတ်မယ်”

ဟု ပြောရင်း မျက်နှာတွင်ပေနေသော အိုးမဲနှင့် သူ့ ကို လှမ်းသုတ်လေတော့သည်။သူလည်း တဟားဟားရယ်ရင်းနှင့်ပင် သူ့ အဆောင်ရှိရာသို့  တန်းပြေးလေတော့သည်…။

……………………………………………………………………………………………………………………………………..

ဒီနေ့ တော့ အဆောင်နေ ကျောင်းသားကျောင်းသူများလည်း ကိုယ့်ရပ်ကိုယ့်ရွာသို့  ပြန်ကြရန် အထုတ်အပိုးတွေ ပြင်ဆင်နေကြပါပြီ…။သူနှင့်အထွေးကျတော့ မနက်ဖြန်မှ ပြန်ရန် တိုင်ပင်ထားကြသည်။

ဒီနေ့ တော့ သူတို့ နှစ်ယောက်စလုံး မနက်စောစောစီးစီးကတည်းကပင် စောင်တွေ ၊ခြင်ထောင်တွေ၊ အ၀တ်အစားတွေ လျှော်ပွတ်ထားကြသည်…။ကျောင်းသားကျောင်းသူတစ်ချို့ က သည်နေ့ တွင် အိမ်ပြန်တတ်ကြသည်။နောက်နေ့ တွင် အိမ်ပြန်မည့် ကျောင်းသားကျောင်းသူများကလည်း လျှော်စရာလေးတွေ၊လက်ဆောင်ဝယ်စရာလေးတွေ ရှိနေသောကြောင့်ပင်။ဒီနေ့ တော့ သူ့ အဆောင်လည်း ကျောင်းသားတွေ ခြောက်သွေ့ စ ပြုနေပါပြီ။

“ငါ ပြန်ပြီ ဟေ့….”

ဟူသော နှုတ်ဆက်သံသည်လည်း ၀င်လာမစဲ တသဲသဲပင်။သူ့ မှာတော့ ၀မ်းနည်းခြင်းထက် ပျော်ရွှင်ခြင်းက လွှမ်းမိုးထားလေသည်။သိပ်မကြာခင် သင်္ကြန်ကျတော့မည် ဆိုသည့် အသိကြောင့်လည်း သူ့ မှာ အလိုလို နေရင်းစိတ်တွေ မြူးထူးနေမိ၏။ကျောင်းရှေ့  လက်ဖက်ရည်ထဲမှ သင်္ကြန်သီချင်းလေး ပံျ့လွှင့်လာသည့်အခါ

သူ မဆိုတတ် ဆိုတတ်နှင့်ပင် သီချင်းညည်းနေမိလေ၏။သူ့ မှာတော့ သည်ကနေ့ ကျမှ လူရော စိတ်ပါ လန်းဆန်းနေရတာပါ။



နေ့ လယ်ကျတော့ အထွေးက သူ့ ဆီ အလည်ရောက်လာလေသည်။အထွေးက

“ငါတို့ မနက်ဖြန် ပြန်ရတော့မယ်နော်…၊တစ်မျိုးကြီးပဲ…၊နင့်ကို ငါအနိုင်မကျင့်ရရင် ငါနေနိုင်မှာ မဟုတ်ဘူး”

“အေးပါဟ…၊နင်သာ အပြောကြီးနေ၊သင်္ကြန်မှာ နင့်ဘဲဘဲနဲ့  သွားကဲကြမယ် မဟုတ်ဘူးလား… ဟား…ဟား…ဟား…”

သူ့ အပြောကို သူသဘောကျရင်းနှင့်ပင် ရယ်မောနေမိ၏။အထွေးကတော့ သူလက်မောင်းကို လက်ဖ၀ါးဖြင့်

ရိုက်ရင်း

“ဘာ ဘဲဘဲလဲ…၊နင်သာ ဒီမှာ ရိုးသလေး ဘာသလေးနဲ့  အိမ်မှာ မယားကြီး ငုတ်တုတ်ပစ်ထားတယ် မို့ လား”

အထွေးကို သူသဘောကျလျက်နှင့်ပင် ရယ်ရှိန်ကို တန့် ကာ

“အေးပါ…ငါ သက်သက် စတာပါဟ…၊နင်ရော ဒီကို ဘယ်အချိန်ပြန်လာမှာလဲ…”

“ငါ မပြောတတ်ဘူး…ကြာချင် ကြာမှာပေါ့…၊ဘာပဲ ဖြစ်ဖြစ် ငါနင့်ကို အမြဲသတိရနေမယ်ဆိုတာကို ယုံထားလိုက်…”

“ဟုတ်ပါပြီ…ဟုတ်ပါပြီ…ငါလည်း နင့်ကို အမြဲ သတိရနေမှာပါ…”

………………………………………………………………………………………………………………………………………

သူနှင့်အထွေး နောက်ဆုံး ပြောဖြစ်ခဲ့သော စကားများကို သတိရနေမိရင်းနှင့်ပင် ည ည အိပ်ရေးပျက်ရပေါင်း

များလှပါပြီ…။

“ကျောင်းဖွင့်တာ သုံးပတ်လောက် ရှိပြီ၊အထွေးတစ်ယောက် ဘာဖြစ်လို့  ကျောင်းမတက်သေးတာလဲ…”

ဟု တွေးရင်း အပြင်ဘက်ဆီမှ မိုးတွေ သည်းသည်းလှုပ် ရွာသွန်းနေသည်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးကို

သိသိသာသာ ရှိုက်ငင်လိုက်မိ၏။သူ သတိရနေမိသည်ကိုပင် အထွေးတစ်ယောက် မသိရှာလေရော့သလား

ဟု ထပ်မံ အတွေးပွားနေမိပြန်သည်။မိုးသည်လည်း သည်းသထက် သည်းကာ ရွာသွန်းနေမိဆဲပင်။

…………………………………………………………………………………………………………………………………..

အငြိုးတကြီး ရွာသွန်းနေသော မိုးသည် မိုးချုပ်သွားသည့်တိုင် စဲမည့်ဟန် မပြသေးချေ။သူ့ မှာတော့ နေရင်းထိုင်းရင်းနှင့်ပင် အထွေးများလေလားဟု ဂျင်းဘောင်းဘီဝတ် အမျိုးသမီးများကို စိုက်ကြည့်တတ်နေပါပြီ…။အခုတော့ သူ့ ရင်ထဲကအပူကို ထုတ်ပစ်ရန် ထီးမပါဘဲ အဆောင်အပြင်ဘက်သို့ 

ခြေလှမ်းစတင် လှမ်းလိုက်မိသည်။မိုးစက်မိုးပေါက်များသည် သူ၏ ပါးပြင်ထက်သို့ သည်းထန်စွာ ရွာချလာလေသည်။



ထမင်းဆိုင်ရှေ့ ရောက်တော့ သူ ထမင်းဟင်းဝယ်ရန် ဆိုင်ရှင်ကို လှမ်းခေါ်လိုက်၏။ဆိုင်ရှင်က အံ့သြသည့်

ဟန်နှင့်ပင် မိုးရေစိုရွှဲနေသောသူ့ ကို ကြည့်ကာ ဘာဟင်း စားမလဲ ဟုမေးနေလေသည်။ဆိုင်ရှိ လူအားလုံးသည်လည်း သူ့ ကို ကြောင်တောင်တောင်နှင့်ပင် ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။သူကတော့ ကြေကွဲရုံမှတစ်ပါး ဘာမျှ ဂရုမစိုက်နိုင်ရှာတော့ပေ…။



ထမင်းဟင်းဝယ်ပြီးနောက် အဆောင်တံခါးဝသို့  ပြန်ရောက်လာသော အခါ မိန်းကလေးဆောင်း ထီးတစ်လက်ကို သူအံ့သြစွာ တွေ့ လိုက်ရသည်။ဘယ်မိန်းကလေး ဧည့်သည်က သည်အဆောင်ကို အလည်လာပါလိမ့်ဟု သူ ဇဝေဇ၀ါ၌နှင့်ပင် တွေးနေမိ၏။ အဆောင်ထဲတွင်ထိုင်နေသော ထိုအမျိုးသမီးသည် မိန်းမသားဆန်လှစွာပင် ထဘီအင်္ကျီ ၀မ်းဆက်ဝတ်ဆင်ထားလေသည်။သူအဆောင်ထဲ ၀င်လိုက်တော့ ထိုအမျိုးသမီးသည်လည်း သူရှိရာဘက်သို့  ဝေ့ကြည့်လိုက်မိ၏။

“ဟင်း….”

တစ်မုဟုတ်ချင်းပင် သူ အံ့သြမင်သက် သွားလေ၏။အမြင်မှားနေတာများလားဟု တွေးထင်ပြီး ခေါင်းကိုယမ်းကာ ထပ်မံလှမ်းကြည့်ုပြန်သည်။အမျိုးသမီးက သူ့ ကို ပြုံးပြရင်း

“ဟဲ့…ဘာလို့  ဒီလောက်စိုက်ကြည့်နေရတာလဲ…၊ငါ အထွေးလေ…၊နင့်ကို တမင်သက်သက် စချင်လို့  ဒီလိုပုံစံဝတ်ပြီး အဆောင်ကို လာလည်တာလေ….”

“နင် ဘာလို့  အခုမှ ရောက်လာရတာလဲ…၊ကျောင်းစာတွေတောင် အများကြီး ရောက်နေပြီ…”

“ဟုတ်လား…၊ငါ တကယ် မအားလို့ ပါဟ…၊ငါ့ အစ်ကို မင်္ဂလာ ဆောင်နေရတာနဲ့  ငါလည်း ဖျားသွားတာနဲ့ ပဲ ကျောင်းပျက်သွားရတာပါ…၊ဒါပေမဲ့ ငါ နင့်ကို အမြဲသတိရနေပါတယ်…”

ငါ နင့်ကို အမြဲသတိရနေပါတယ်… ဟူသော အပြောကြောင့် သူ အထွေးကို စိုက်ကြည့်ရင်း လှိုက်လှိုက်လှဲလှဲ ပြုံးနေလိုက်မိ၏။

“ဟေ့…ငါ့ကို ဘာလို့ ပြုံးပြနေရတာလဲ…၊ကြည့်စမ်း…၊မိုးထဲလေထဲမှာ နင်မို့ လို့ ထီးမပါ ဘာမပါဘဲ လျှောက်သွားနေနိုင်လွန်းတယ်…၊အအေးမိသွားရင် ဘယ်သူပြုစုပေးမယ်လို့ နင်ထင်နေလို့ လဲ…”

“နင် ငါ့ကို ပြုစုပေးမယ် မဟုတ်ဘူးလား”

မထင်မှတ်ထားသည့် သူ့ အမေးစကားကြောင့် အထွေးခမျာ ရှက်သွေးဖျာနေသော မျက်ဝန်းများဖြင့်ပင် သူ့ ကို လှိုက်လှဲစွာ ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်မိ၏။

……………………………………………………………………………………………………………………………………
အဆောင်၏ အပြင်ဘက်တွင်တော့ မိုးရေများသည် အလိုက်သိစွာပင် တိတ်တဆိတ် တပ်ဆုတ်

စွန့် ခွာသွားလေတော့သည်။ဝေ့၀ဲ ပံျ့လွင့်လာသော မိုးခြွေ လေညင်း များသည်လည်း သူတို့ နှစ်ဦး၏ နှလုံးသားဆီသို့  တိုးတိတ်ညင်သာစွာပင် စီးဝင်နစ်မျှော သွားလေ၏။
                                                           ထော်ဦး(ဘားအံကွန်ပျူတာ)

      

1 comment:

  1. ချစ်စရာ အရမ်းကောင်းတဲ့ တက္ကသိုလ်ဇာတ်လမ်းလေး တစ်ပုဒ်ကို အခုလို စနေနေ့မျိုးလေးမှာ ဖတ်လိုက်ရတာ ကောင်းခြင်းတစ်ရပ်ပဲ။ ဝတ္တုလေးက အရမ်းကို ချစ်ဖို့ကောင်းတယ်။ အထွေးဆိုတဲ့ မိန်းကလေးပုံစံကို ပုံဖော်ထားတာလေးကလည်း အသက်ပါမှပါ။

    ခင်တဲ့
    မြတ်

    ( ကိုထော်ဦး .. စာလာဖတ်ဖြစ်ရင် စာတွေဖတ်လို့ ရမရ ပြောခဲ့ပါဦးနော်။ မရဘူးဆိုရင်တော့ မြတ် မေးလ်ပို့လိုက်ပါ့မယ်။ )

    ReplyDelete