ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, October 2, 2012

ရူးသွပ်ရင် ဖြစ်မယ်(tag post)


“ရူးသွပ်မှု”ဆိုတဲ့ စကားလုံးဟာ ကာယကံရှင်ကို ကောင်းတဲ့တုန့် ပြန်မှုတွေ ရလာနိုင်စေသလို၊တစ်ဖက်မှာလည်း ဆိုးဝါးတဲ့ တုန့် ပြန်မှုတွေ ရလာနိုင်စေပါတယ်…။
ဆိုပါစို့ …။လူတစ်ယောက်က သရုပ်ဆောင် ပညာကို အရမ်းရူးသွပ်နေတယ် ။အဲဒီ ရူးသွပ်မှုတွေကြောင့်လည်း အောင်မြင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်သွားပါတယ်…။
ဒါပေမဲ့ အခြားတစ်ဖက်ရဲ့ တုန့် ပြန်မှုကတော့

သူဟာ ပညာရေးဘက်မှာ အားနည်းသွားပါမယ်…။ဒါ့အပြင် လူမှုရေးဘက်မှာလည်း အားနည်းသွားနိုင်ပါတယ်…။မြန်မာနိုင်ငံမှာတော့ သရုပ်ဆောင်အများစုဟာ ပညာရေး အားနည်းတတ်ကြတာကို လူတိုင်း သိကြမှာပါ…။ဒါတွေဟာ ရူးသွပ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့  ပြောရင် မှန်ပါလိမ့်မယ်…။နောက်ပြီး သရုပ်ဆောင်နဲ့  နီးစပ်တဲ့ မြန်မာစာနယ်ဇင်းတွေ ဘက်ကလည်း သရုပ်ဆောင် တစ်ဦး ဘွဲ့ ရသွားပါတယ် ဆိုပြီး ခမ်းခမ်းနားနား ဖော်ပြတာမျိုး မရှိပါဘူး…။သရုပ်ဆောင်တစ်ယောက်ဟာ ကြည့်ရှူသူ လူငယ်ပရိသတ်တွေအတွက် စံပြဖြစ်ရမယ်လို့  ပြောဆိုတတ်ကြပေမယ့် တစ်ချို့ သရုပ်ဆောင်တွေကျတော့ ဆယ်တန်းကိုတောင် အောင်မြင်လာအောင် မဖြေနိုင်ရှာပါဘူး…။

ကျွန်တော်တို့  အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကျတော့ သရုပ်ဆောင်တွေ ဘွဲ့ ရလာခဲ့ရင် ရုပ်သံလိုင်းတွေမှာ ခမ်းခမ်းနားနား ဖော်ပြတတ်ပါတယ်…။သရုပ်ဆောင်တွေဟာ လူငယ်တွေရဲ့ ရှေ့ ဆောင်လမ်းပြလို့  ယူဆနိုင်တဲ့ အတွက်လည်း သူတို့ မီဒီယာတွေက ပညာရေးကို လူတွေ စိတ်ဝင်စားလာအောင် တစ်ဖက်တစ်လမ်းက တွန်းတင်ပေးနေတာပါ….။ဒီလို ဖော်ပြထားတဲ့အတွက်လည်း တခြားသရုပ်ဆောင်လေးတွေက ပညာရေးကို ဦးစားပေးသင့်တယ် ဆိုတာကို နားလည်သွားကြမှာပါ…။သူတို့ ရဲ့ ယူဆချက်တွေကတော့ သရုပ်ဆောင်လောကထဲမှာ ရပ်တည်နေသည့်တိုင် ပညာရေးဘက်မှာ ဘွဲ့ တစ်ခု ရထားရင် သရုပ်ဆောင်အချင်းချင်းကြားမှာ မျက်နှာ ပွင့်လင်း စေနိုင်မှာပါ….။ဒါကို ကြည့်ရင် ကျွန်တော်တို့ နိုင်ငံထဲက လူတွေ ပညာရေးစနစ်ကို ဥပက္ခာပြုထားကြသလိုပါပဲ…။ပညာရေးနဲ့  မကောင်းစားနိုင်ဘူးလို့ ပဲ ဆိုဆို ကိုယ်ကိုယ်တိုင်ကတော့ လူငယ်တွေကို ရူးသွပ်မှုဆီ တစ်ဖက်စောင်းနင်း မလိုက်စေချင်ပါတယ်…။ပြောချင်တာကတော့ လူငယ်ဆိုတာ ရူးသွပ်လို့ ရပါတယ်…။ဒါပေမဲ့ တစ်ခြားတစ်ဖက်မှာ နစ်နာဆုံးရှူံးစေတဲ့အထိ မရူးသွပ်မိဖို့ တော့ လိုပါလိမ့်မယ်…။

…………………………………………………………………………………………………………………………

ကိုယ် ကိုယ်တိုင်လည်း စာပေကို အလွန်အမင်း ရူးသွပ်ခဲ့ဖူးပါတယ်…။စာမေးပွဲ ဖြေခါနီးအချိန်မှာတောင် ၀တ္ထုစာအုပ်ကိုင်ပြီး စာဖတ်ကောင်းတုန်း…။အဲဒီလို စာမေးပွဲ ဖြေခါနီးကျရင် ဘာကြောင့်မှန်းမသိပါဘူး။ဝတ္ထုရေးချင်စိတ်ပဲ ကြီးစိုးနေတာကတော့ တော်တော်လေးကို ဆိုးနေတာပါ…။စာကျက်ရမယ့် အချိန်မှာ စာမကျက်တော့ စာမေးပွဲမှာ
သိပ်ဖြေလို့  မရပါဘူး…။အောင်စာရင်းကို စောင့်နေရင်းနဲ့ ပဲ “ငါများ စာမေးပွဲ ကျမလားမသိ”လို့ 
တွေးပူခဲ့ဖူးပါတယ်…။ကံကောင်းသွားတာ တစ်ခုကတော့ စာမေးပွဲ အောင်သွားလို့ ပါပဲ…။တကယ်လို့ များ ကိုယ် စာမေးပွဲကျသွားမယ်ဆိုရင်….ဒီလို ရူးသွပ်မှုကို ရူးနှမ်းမှုလို့ ပဲ အဓိပ္ပာယ် ဖော်ရမယ် ထင်ပါတယ်…။ဘာလိုပဲ ဖြစ်ဖြစ် နောင်တချိန်မှာ နောင်တမရဖို့  ကိုယ့်ရဲ့ ရူးသွပ်မှုကို ထိန်းချုပ်ဖို့ တော့လိုပါတယ်…။တကယ်လို့  ကိုယ့်ရဲ့ ရူးသွပ်မှုဟာ ဘယ်အရာကိုမှ ထိခိုက်နစ်နာသွားတာမျိုး မရှိခဲ့ဖူးဆိုရင် ဆက်သာလုပ်ပါတော့လို့  အကြံပြုချင်ပါတယ်…။

…………………………………………………………………………………………………………………………

ကိုယ်တိုင်ကလည်း စာရေးတဲ့ နေရာမှာ ရူးသွပ်နေသူပါ…။ရူးသွပ်တဲ့ အရာကို တားဆီးတာကတော့ အပျင်းပါပဲ…။စာရေးဖို့  တွေးတိုင်း ဟိုဟာလုပ်နေရလို့  ဒီဟာလုပ်နေရလို့  ကျောင်းစာတွေနဲ့  နပန်းလုံးနေရလို့  ဆိုပြီး ဆင်ခြေပေးတတ်ပါတယ်…။ကိုယ်တိုင်သာ “ဒီအချိန်မှာ ငါစာရေးမယ်၊ဒီအချိန်တော့ ငါစာကျက်မယ်”လို့ အချိန်သတ်သတ်မှတ်မှတ်လုပ်ထားရင် ဒီ့ထက်တောင် စာတွေ အများကြီး ပိုရေးဖြစ်မလားပဲ…။ရူးသွပ်မှု ဆိုတာကလည်း အဆက်မပြတ်တမ်း လုပ်ဆောင်နေမှ

ကောင်းမှာပါ…။အဆက်မပြတ်တမ်း စာရေးတဲ့ နေရာမှာ တချို့ စာတွေတော့ အားမရတာမျိုးတွေ ဖြစ်တတ်ပါတယ်…။ကိုယ်တိုင်လည်း အားမရတာမျိုးတွေ အမြဲကြုံဖူးပါတယ်…။ဒီအတိုင်း ပစ်ထားတာထက် စာရင် မဂ္ဂဇင်းတိုက်ကို ပို့ လိုက်တာပါပဲ…။ဒါကြောင့်လည်း တချို့ စာမူလေးတွေ မထင်မှတ်ထားဘဲ အရွေးခံရတာပါ…။ဒါ့ကြောင့်လည်း အဆက်မပြတ်တမ်း ရူးသွပ်မှပဲ ကိုယ်မထင်မှတ်တဲ့ အချိန်လောက်မှာ ကိုယ်လိုချင်နေတဲ့ နေရာကို ရလာနိုင်မှာပါ…။

…………………………………………………………………………………………………………………………

နိဂုံးချုပ် အနေနဲ့  ပြောလိုတာကတော့ လူဆိုတာ ကိုယ်ဖြစ်ချင်တာကို ရူးသွပ်ပိုင်ခွင့် ရှိပါတယ်…။
ဒါပေမဲ့ ကိုယ်ရူးသွပ်တဲ့ အရာဟာ ကိုယ့်ကို ဆုတ်ယုတ်မှုတွေ မဖြစ်ပွားဖို့ တော့ လိုပါတယ်…။ရူးသွပ်တဲ့နေရာမှာလည်း အဆက်မပြတ်တမ်း ရူးသွပ်နိုင်မယ်ဆိုရင် တစ်ချိန်ချိန်မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်လာမှာပါလို့  ပြောကြားရင်း…။

                                                                                              ထော်ဦး(ဘားအံကွန်ပျူတာ)
                                           ၂၀၁၃၊အောက်တိုဘာလ ၉ရက်နေ့ ထုတ် Women's World Journal




4 comments:

  1. ကောင်းတယ်ကွယ်.........

    ReplyDelete
  2. Tag လို့ မဆိုသာတော့ပါဘူး
    ဆောင်းပါးတစ်ပုဒ်လိုပါပဲ အစ်ကိုရေ
    ရေးထားတာ Message တစ်ခုကို တွေ့ရတယ်

    ReplyDelete
  3. ကိုထော်ဦးရေ.. တဂ်ပို့လေး ဖတ်သွားတယ်။ ကိုထော်ဦးရေးတာများ မြန်ချက်။ :)

    ခင်တဲ့
    မြတ်

    ReplyDelete
  4. ရူးသွပ်ခြင်းရဲ့ တုန့်ပြန်မှုမှာ ကောင်းကျိုး ဆိုးကျိုးဆိုတာ ဖြစ်ပေါ်လာတတ်စမြဲပေါ့ ထော်ဦးရေ။
    တဂ်ပို့စ်လေးရေးထားတာ မောင်နွေလပြောသလို ဆောင်းပါးကောင်းလေးတစ်ပုဒ်ဖတ်သွားရသလိုပါပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete