ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, February 9, 2012

ဘလော့ဂ်ဂါဘ၀ တစ်လတာ မမေ့နိုင်စရာ

                                         ထိုင်းနဲ့ မြန်မာ နယ်စပ်ရှိ စေတီသုံးဆူ

ဘာလိုလိုနဲ့  12.2.2012 ကျရင်ဘလော့ဂ်ဂါသက်တမ်းတစ်လပြည့်တော့မှာပါ။
နောက်ကြောင်းကို ပြန်တွေးကြည့်လိုက်တော့ ပြုံးချင်ချင်ဖြစ်လာတယ်။ဒီဘလော့ဖြစ်လာတာလည်း ဆရာဝေမိုးနိုင် ကောင်းမှုနဲ့ မကင်းပါဘူး။အမှန်အတိုင်း ၀န်ခံရရင် ဆရာဘလော့တစ်ခု ရမှန်းသိကတည်းက အားကျနေမိတာ။ကိုယ်တိုင်လည်း စမ်းကြည့်မှဆိုပြီး blogspot ထဲဝင်။မြန်မာကွန်နက်ရှင်ကြောင့်လား ကိုယ်ညံ့လို့ လားမသိ။try againကြီးပဲလာတယ်ဆိုတော့ လုပ်ရင်းလုပ်ရင်းလက်လျှော့လိုက်တာ
နှစ်ရက်တိုင်တိုင်ပါပဲ။နောက်ရက်ကျတော့မှ ကံကောင်းသွားပါတယ်။ဆရာ ဝေမိုးနိုင် အကူအညီပေးလို့ ပါ။
ဒါတောင် try again ငါးခါခြောက်ခါ ဖြတ်ကျော်မှပဲ အဆင်ပြေသွားတော့တယ်။ဟူး.....။

ဒါတောင် ဒက်ဘုတ်တွေ ဒီဇိုင်းတွေ htmlတွေနဲ့ တိုးတော့ နောက်နေ့ မှပဲ စမ်းကြည့်မယ်ပြောပြီးလက်လျှော့လိုက်ရတယ်။ဟူး....................။နှစ်ယောက်သား ချက်ရင်းပြုတ်ရင်းနဲ့ 
ဘလော့တစ်ခုတည်ဆောက်နေတဲ့ အချိန်က ညနေ5နာရီကနေ ည7နာရီလောက်မှပဲပြီးတော့တယ်။အဲဒီညက
12.1.2012ညချမ်းလေးပါ။

    12.1.2012ည။
နိုင်ငံရေး အကျဉ်းသား 651ယောက်ကို လွတ်ပေးမယ်လို့  ကြေငြာတဲ့ ညလေးပါ။နောက်တစ်နေ့ ကျတော့
နိုင်ငံရေးအကျဉ်းသားကို လွတ်ပေးပါတော့တယ်။အဲဒီထဲမှာ ထူးခြားတာကတော့ teenမှာ စာရေးတဲ့
စာရေးဆရာဖြစ်သလို ဘလော့ဂ်ဂါတစ်ဦးလည်းဖြစ်တဲ့ ဆရာ ဘုန်းဦးမော် ခေါ် နေဘုန်းလတ်က
ဘားအံအကျဉ်းထောင်ကနေ လွတ်မြောက်လာတာပါပဲ။ကိုယ်က ဘားအံမှာကျောင်းတက်ဖူးသလို teenမှာလည်းစာရေးနေသူလည်းဖြစ်ပြန်၊ ပြီး ဘလော့လည်းစဆောက်နေပြီး ဆိုတော့
ထူးထူးခြားခြားအမှတ်ရစေပါတယ်။
                                         ထိုင်းတစ်ကမ်းမှာ စစ်ခိုလှုံကြသူများ

နောက်ထပ် 12.1.2012 မှာထူးခြားတာကတော့ KNU လက်နက်ကိုင် အ ဖွဲ့ အစည်းတွေ ဘားအံမှာ ငြိမ်းချမ်းရေးသဘောတူ စာချုပ်လက်မှတ်ထိုးထားကြတာတွေပါ။2010ခုနစ် နိုဝင်ဘာလကစပြီး
ကိုယ်တို့ နယ်စပ်မှာ စတင်ပစ်ခတ်တတ်ကြတဲ့ ပြည်တွင်းစစ်လည်း တကယ်ရော ပြည်ဖုံးကားချမလားလို့  တွေးကြည့်နေမိတယ်။ဒီလိုနဲ့ ပဲ 2010 ခုနစ် နိုဝင်ဘာလ
ပြည်တွင်းတွင်းစစ်ကာလအကြောင်းကို အတွေးလေးထဲ ၀င်ရောက်လာပါတော့တယ်။

အဲဒီတုန်းက ကိုယ်နဲ့ အဖေကလွဲပြီး ကျန်တဲ့ကိုယ်တို့  အမေနဲ့ မောင်နှမတွေ ထိုင်းဘက်ကမ်းကိုကူးပြီး စစ်ခိုလှုံဖြစ်ပါတယ်။ကံကောင်းတာကတော့ ကိုယ်တို့ အမေနဲ့ ဆွေမျိုးတွေ ထိုင်းဘက်ကမ်း မွန်ဘုန်းကြီးကျောင်းထဲမှာ စစ်ခိုလှုံခွင့်ရလို့ ပါ။ တခြားလူတွေက ဘုန်းကြီးကျောင်းရဲ့  အပြင်ဘက်မှာ စစ်ခိုခဲ့ကြပါတယ်။အဲဒီလို စစ်ဒဏ်ခံရတော့ လူလူချင်း ကိုယ်ချင်းစာလို့ ပဲလားမသိ။ထိုင်းနိုင်ငံက သူဌေးသူကြွယ်တွေ ထမင်းဟင်း ချက်ပြုတ်ကြော်လှော်ပြီး ကိုယ်တို့ စစ်ခိုလှုံနေကြတဲ့ မြန်မာလူမျိုး ငါးထောင်ကျော်ကို တစ်နေ့ သုံးနပ် ကျွေးမွေးပါတယ်။တခြားနိုင်ငံက ဒီလိုကျွေးမွေးတာကို ကြားလိုက်ရတော့ ..."ငါတို့ အချင်းချင်းဘာကြောင့် ရန်မူနေရတာလဲ။ဒီလိုရန်မူတော့ရော  ခံရ မှာက
ကိုယ်တို့ လူမျိုးတွေပဲလေ။အခုတော့ အချင်းချင်း တိုက်စစ် ၀င်နေတဲ့အချိန်မှာ တစ်ပါးတိုင်းပြည်က ၀င်ကူပေးနေတယ်ဆိုတော့ ပြန်စဉ်းစားကြည့်ရင် စိတ်မကောင်းစရာပါ"
                             အပူအပင်နဲ့ အတူ ၀မ်းတစ်ထွာလေးအတွက်  ပူပင်ရတဲ့ ဘဝ
 
ဒါဟာတစ်ဖက်က မတရားဘူးလို့  ထင်မြင်တဲ့အခါ ဒီလိုပဲ အကြမ်းနည်းနဲ့  လက်တုန့် ပြန်တတ်ကြပါသလား။
အနုနည်းနဲ့  အသုံးပြုရင်ရော ရလဒ်ကောင်းရဖို့  အချိန်ကြန့် ကြာသွားမှာမို့ လား။ကိုယ်ရဲ့ တစ်ဦးချင်းအတ္ထနဲ့  ကိုယ့်ရဲ့တိုင်းပြည်အပေါ်လုပ်လိုက်တာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့  ယူဆနေနိုင်သေးရင်တော့
ဘယ်တော့များမှ ငြိမ်းချမ်းရေးဆိုတာ မရလာနိုင်ပါဘူး။

    အခုပြောလိုက်ရတဲ့ အကြောင်းအရာကတော့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးကို
ဦးတည်တာပါ။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ပါမှ 12.2.2012 မှာကျရောက်တဲ့
ကိုယ်တို့ ရဲ့  ပြည်ထောင်စုနေ့ လည်း ပီပြင်မှာပါ။ဒီလိုပီပြင်နိုင်ဖို့  အခုအချိန်မှာ အမှန်တကယ် ငြိမ်းချမ်းဖို့  အထူးလိုအပ်လှပါတယ်။တစ်ခုပြောချင်တာက...အခုငြိမ်းချမ်းရေးရယူထားကြတဲ့ စာချုပ်များဟာ
အချိန်မရွေး စုတ်ပြဲသွားနိုင်မှာပါပဲ။ဒါပေမဲ့ အချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး ကိုယ့်ရဲ့ တစ်ဖက်သတ်အစွဲကြောင့်  ခံရမယ့်လူတွေဟာ
ကိုယ်လူမျိုးပဲဆိုတာ အလေးအနက် စဉ်းစားပေးနိုင်ရင် ငြိမ်းချမ်းရေသဘောကို ပိုပြီး တည်မြဲစေမယ်လို့ 
ယုံကြည်မျှော်လင့်ရင်း.............။
                                                                 ထော်ဦး(ဘားအံကွန်ပျူတာ)
(အမှာ-အခုတလော ချစ်သူများနေ့ မှာ ကျင်းပတဲ့stag showပွဲကတော့ ချစ်သူစုံတွဲ အယောက်ငါးရာအတွက် ပန်းစည်း၊ ဗေဒင်မေး စတဲ့ မက်လောက်စရာတွေပေးတယ်ဆိုပဲ။ကဲ...ညမိုးစုန်းစုန်းချုပ်တော့ ဒီချစ်သူတွေ
ဘယ်မှာတည်းကြမလဲ။စဉ်းစားစရာပါ။ဒီအကြောင်းနဲ့  ပတ်သက်ပြီး ချစ်သူများနေ့ အတွက် အမှတ်တရအနေနဲ့  ဖော်ပြပါ့မယ်။တချို့ က ကိုယ်ရေးထားတဲ့ ဆောင်းပါးကိုဖတ်ဖူးကြမှာပါ။ဖတ်ဖူးသူအတွက်ရော..မဖတ်ဖူးသူအတွက်ပါ နောက်တစ်ခေါက် ဖတ်ပေးကြပါလို့ တောင်းဆိုရင်း...ဒီနေ့  နိုင်ငံရေးအကြောင်းမရေးတတ် ရေးတတ်နဲ့  ရေးလိုက်မိတာ ခွင့်လွှတ်ပါလို့ ....)
                                                                ထော်ဦး

5 comments:

  1. ဆရာရေ..............ဆရာ့ဘလော့တစ်လပြည့်နီးပြီနော်။ ဘာတွေတင်မလဲ ဖတ်ချင်လှပြီဗျို့။

    ReplyDelete
  2. မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ ဖွဲမီးလို တငွေ့ငွေ့လောင်နေပြီး.. တိုင်းပြည်ရဲ့ ငွေကြေးတွေ၊ လူအင်အားတွေ၊ စိတ်ဓာတ်တွေကို ဖဲ့ခြွေနေတာ ကြာပါပြီ
    ခုချိန်ထိလည်း မငြိမ်းနိုင်သေးပါဘူး..
    ကျွန်မတို့ဘက်မှာလည်း အဲဒီဒဏ်တွေကို ငယ်ကတည်းက ခံခဲ့ရတာ။ ခုတော့တစ်ကြော့ပြန်လာနေပါပြီ.. ဒီ စစ်မီးကို ငြိမ်းစေချင်လှပါပြီ။
    တစ်လပြည့်မှသည် နှစ်များစွာတိုင် ကျန်းမာပျော်ရွှင်စွာ စာတွေ ရေးနိုင်ပါစေလို့ ဆုမွန်ခြွေခဲ့ပါတယ်နော်

    ReplyDelete
  3. မောင်ထော်ဦးကတစ်လပြည့်ဆိုပေမယ့် ရေးထားတာတွေက ဝါရင့်တစ်ယောက်လိုပါပဲ။
    တီတင့်ရဲ့ဘလော့ကိုပြန်ပြင်နေတုန်းမဖတ်ဖြစ်ခဲ့တဲ့ပို့စ်ဟောင်းတွေဖတ်သွားတယ်နော်။
    တစ်လပြည့်မှနှစ်ပေါင်းများစွာစာကောင်းပေကောင်းတွေဆက်လက်ရေးသားနိုင်ပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဘလော့ရွာက ပျော်စရာကောင်းပါတယ်။
    တစ်လပြည့်ကနေ နောင်နှစ်ပေါင်းများစွာ ဆက်လက်ဘလော့ဂင်းနိုင်ပါစေနော်။
    တစ်မြေတည်းဖွား တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ နားလည်မှုတွေနဲ့အတူ ရင်ထဲကလာတဲ့ စစ်မှန်သောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေလို့လဲ ဆုတောင်းမိပါတယ်။
    အရင်ရက်တွေက မရောက်ဖြစ်လို့ စာကြွေးတွေလဲဖတ်သွားပါတယ် ကိုထော်ဦးရေ။

    ReplyDelete
  5. တစ်လပြည့်မှသည် ဆက်လက် ဇွဲရှိရှိဖြင့် မြန်မာကွန်နက်ရှင်ကို ကြံ့ကြံ့ခံ အံတုကာ ဘလော့ဂင်နိုင်ပါစေရှင်...။

    ReplyDelete