ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, January 12, 2012

ကျွန်တော်စာရေးဆရာ

ကျွန်တော်စာရေးဆရာ PDF Print E-mail
Written by ထော်ဦး(ဘားအံကွန်ပျူတာ)   
Monday, 31 August 2009 06:30
Share |

“သေနာကောင်ကြီး တွေရဲ့” လို့သာ ပက်ပက် စက်စက် ဆဲပစ်လိုက် ချင်ပါရဲ့။ ကြည့်စမ်းပါဦး။ ဒီကောင်တွေ ပြောနေလိုက်တဲ့ ပုံကိုက
“နင် ဘယ်လိုပဲ ကြိုးစားကြိုးစား စာရေးဆရာ ဖြစ်လာမှာ မဟုတ်ဘူး၊ အေးအေး ဆေးဆေးနဲ့ နောက်ဆုတ် လိုက်စမ်းပါ ပေါက်ဖော်ကြီးရာ” ဆိုတာက တစ်မျိုး။
“နင်စာရေး ဆရာ ဖြစ်ရင်တော့လေ ငါ့အိမ်မှာ ရှိသမျှ စာအုပ်တွေ အားလုံး မီးရှို့ ပစ်လိုက်မယ်” ဆိုတာက တစ်ဖုံ။ ပြောနေ လိုက်ကြတာလေ။


ဟွန်း။ တွေ့ကြ သေးတာပေါ့။ ငါစာရေးဆရာ ဖြစ်ရင်တော့လေ။ ဒီကောင်ကြီးတွေကို တမင် လုပ်ထားတဲ့ မျက်နှာနဲ့ အပြုံးထေ့ထေ့ ပြုံးပြ လိုက်ဦးမှာ။ ဟွန်း မဖြစ်သေးလို့သာနော်။ သူတစ်ပါး နာမည်ကို ဖျက်တဲ့ နေရာမှာလည်း နှစ်ယောက် မရှိနိုင်တဲ့ အကောင်တွေ။ ခေါ်တဲ့ ပုံကိုက ကြည့်ပါလား။

“ပေါက်ဖော်ကြီး” တဲ့လေ။ ဟွန်း ကလေး မဟုတ်လို့ သာနော်။ ကလေးများ ဖြစ်ရင် မြေကြီးပေါ် တင်ကို ဆောင့်ဆောင့်ပြီး ရင်ဘတ် စည်တီး အော်ငို လိုက်ဦးမှာ သိရဲ့လား။ သေနာကောင်ကြီးတွေရဲ့။ အင်းလေ။ သူပြောတာလည်း အမှန်ဖြစ်ချင် ဖြစ်မှာပေါ့။ ငါကိုယ်၌က ဘဲဥပုံ မျက်မှန် ၀ိုင်းဝိုင်း တပ်ထားပြီး သွားတွေကလည်း ခေါချင်ချင် ဖြစ်နေလိုက်သေး။ ရုပ်ရည်ကလည်း လူပေါရုပ် ဆန်နေတယ် ဆိုတော့ ရုပ်ရှင် ကားထဲကလို မျက်မှန် ၀ိုင်းဝိုင်းလေး တပ်ထားပြီး ပေသီးလေး တကိုင်ကိုင်နဲ့ သွားခေါခေါ တရုတ်ချစ်တီး ပေါက်ဖော်ကြီးနဲ့ ခပ်ဆင်ဆင်လေး တူသွားတာပေါ့။

ထားလိုက်ပါတော့လေ။ သူငယ်ချင်း အထီးတွေ အားမပေးရင်လည်း သူငယ်ချင်းအမတွေ အားပေးမှာပဲလေ။မဟုတ်ဘူးလား။
......................................................................................................

 “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” လို့ပဲ ပြောရမလား မသိ။ ကြည့်စမ်းပါဦး။ ဝေဖန်ရေး မမတွေ ဝေဖန် လိုက်ပုံကို က။ ဝေဖန်ရေး မမ တစ်ယောက်ကဆိုရင် “နင့်ဝတ္ထုက အဆုံး မရောက်သေးဘူး ထင်တယ်နော်၊ နောက်ပြီးတော့လေ စကားပြေ၊ စကားပြောတွေ ရောထွေး နေတယ်၊ နောက်ပြီး “ငါ”နေရာမှာ ကျွန်မ၊ “နင်” နေရာမှာ “ရှင်”လို့ ပြောင်းထည့်လိုက်ရင် အဆင်ပြေမယ် ထင်တယ်၊ နောက်ပြီးတော့လေ နင့်ရဲ့ ၀တ္ထုက သူများ ဖွဲ့နေကျ ၀တ္ထု ဖြစ်နေတယ်၊ နောက်ပြီး”

“တော်ပါတော့၊ ဝေဖန်ရေး မမရယ်၊ ဒီဝတ္ထုလည်း မစွံပါဘူးလို့ နင်ပြောချင်တယ် မဟုတ်လား” လို့ မေးတော့ ဝေဖန်ရေး မမက ဆရာမကြီး စတိုင်လ် အပြည့်နဲ့ ခပ်ပြုံးပြုံး ခေါင်းညိတ် နေတော့တယ်လေ။ သူဝေဖန်တာ ကတော့ တော်သေးတယ်လို့ပဲ ပြောရမလား မသိ။ နောက်တစ်ယောက် ဝေဖန်တာ ကတော့ ကိုယ့်ကိုယ်ကိုယ် ကိုရီးယား မင်းသား၊ မင်းသမီးတွေလို ကြိုးဆွဲချပြီး သတ်သေချင်တဲ့ အထိ စိတ်ကုန် မိပါရဲ့။ ဝေဖန်ပုံကိုက ကြည့်ပါလား။

“နင့်ဝတ္ထုကို ငါနားမလည်ဘူး” တဲ့လေ။ သြော် ဒီဝေဖန်ရေး မမက မော်ဒန်ဆန်ဆန်၊ ပို့စ် မော်ဒန်ဆန်ဆန် ၀တ္ထုတွေကို တစ်ခါမှ မဖတ်ဖူးဘူး ထင်ပါရဲ့။ သူ့ခမျာ စာတွေ၊ ၀တ္ထုတွေ သိပ်လည်း မဖတ်ဖြစ်ဘူး ဆိုတော့ ဘယ်နားလည်လိမ့်မလဲနော်။ ထားလိုက်ပါတော့လေ။
......................................................................................................
အခုတစ်လော ဘာရောဂါ ထနေမှန်းကို မသိတော့ဘူး။ စာမေးပွဲကြီး ဖြေခါနီးလို့လား။ ဒါလည်း မဟုတ်နိုင်ပါဘူး။ စာတွေ သိပ်မရပေမယ့် အောင်မှတ်တော့ ရမှာပဲလေ။ အင်း၊ လကုန် ခါနီးမို့လို့ ထင်ပါရဲ့။ အေး၊ ဟုတ်တယ်။ ဟုတ်တယ်။ လကုန်ရင် မဂ္ဂဇင်း ၀ယ်ရမယ်။ ကိုယ့်ရဲ့ ၀တ္ထုပါလို ပါငြားပေါ့လေ။

အင်း၊ မဂ္ဂဇင်း ၀ယ်လာပြီ ဆိုရင်တော့ အဆောင်မှာ ကြားနေကျ အသံကိုလည်း ကြား နေရဦးမှာပဲပေါ့။
“စာရေးဆရာ ဖြစ်ရင်တောင် J.K.Rowling လိုမျိုး မင်းအောင်မြင် လာမှာ မဟုတ်ပါဘူးကွာ” ဆိုတဲ့ ခနော်ခနဲ့ လေသံနဲ့က တစ်မျိုး။

“မဖြစ်လာမှန်း သိရက်နဲ့ မျှော်မှန်းနေရတဲ့ ဘ၀ဟာ အချိန်လည်းကုန်၊ အကျိုးလည်း ဘာမှ ဖြစ်ထွန်း လာမှာ မဟုတ်ပါဘူးကွာ” ဆိုတဲ့ ဆရာကြီး လေသံနဲ့က တစ်ဖုံ ပြောလာကြဦးမှာ မြင်ယောင်သေး။

ဟွန်း။ တစ်ယောက်နဲ့ အများမို့လို့ အလျှော့ ပေးလိုက်ရတာနော်။ ရင်ထဲမှာတော့ ပြောချင်တဲ့ စကားတွေက အများကြီးပဲ။
J.K.Rowling လို အောင်မြင်ချင်လို့ စာရေး နေတာလည်း မဟုတ်ပါဘူး။ စာရေး ဆရာတွေကို အားကျလို့၊ စာပေကို ချစ်မြတ်နိုးလို့သာ စာရေး နေတာပါ။ အောင်မြင်မှုနဲ့ ငွေကြေးတွေကို မျှော်မှန်းပြီး စာရေးနေတာ မဟုတ်ပါဘူး။

ကြိုးစားရင် ဘာမဆို ဖြစ်လာနိုင်မှာပဲလေ၊ မဟုတ်ဘူးလား။ သူတစ်ပါးတွေကို အပြောကြီး ကြီးပြောပြီး ရည်မှန်းချက်ကို ဘာတစ်ခုမှ အကောင်အထည် မဖော်ရသေးတဲ့ လူတွေနဲ့ စာရင် အများကြီး တော်သေးတာပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်နေတာပဲလေ။ ရုပ်လုံး ပေါ်လာဖို့ကတော့ အချိန်နဲ့ ကြိုးစားမှုပေါ် မူတည် နေတာပဲလေ။ မဟုတ်ဘူးလား။ အင်း၊ တွေးရင်း တွေးရင်းနဲ့ အချိန်တွေလည်း ကုန်မှန်း မသိ ကုန်နေပေပြီလေ။ ၀တ္ထု တစ်ပုဒ် လောက်တော့ ရေးလိုက်ချင်စမ်းပါရဲ့။
..........................................................................................................

အင်း၊ စာမေးပွဲကြီး ဖြေဖို့ တစ်ပတ်လောက်ပဲ ကျန်တော့တယ်။ ကွန်ပျူတာ စာတွေကလည်း များလိုက်တာနော်။ အသစ်ကို ကျက်လိုက်၊ ကျက်ပြီးသား အဟောင်း မေ့သွားလိုက်နဲ့ သံသရာကို လည်လို့ပါလား။ စာကျက်ချင် စိတ်ကို မရှိ တော့ပါဘူး။ ၀တ္ထု ရေးချင် စိတ်ပဲ ရှိတော့တယ်။ ဘာအကြောင်း ရေးရမှန်းကို မသိတော့ပါဘူး။ အင်း၊ အသစ် ရောက်လာတဲ့ ဆရာမကြီး စည်းကမ်း တင်းကြပ်တဲ့ အကြောင်းရေးရင် ကောင်းမလား။ အို၊ မဖြစ်သေးပါဘူး။ သူ့အကြောင်းကို ရေးရ ကောင်းမလားဆိုပြီး နားရွက်ဆွဲလိမ် ခံနေရရင် ဒုက္ခ ရောက်တော့မှာပေါ့။ အင်း။ စဉ်းစားစမ်းပါ ဦး။ မင်းဒီလောက် မတုံးသေးပါဘူး။
.........................................................................................................


အင်း၊ စဉ်းစားရင်း စဉ်းစားရင်းနဲ့ တီချယ် ရောက်လာမှန်းတောင် သတိ မထားမိပါဘူး။ တီချယ်ကတော့
“ဟင်း စာမေးပွဲ ဒီလောက် ကပ်နေပြီ၊ စာမကျက်ဘဲနဲ့ ဘာတွေလျှောက် တွေးနေတာလဲ ပြောစမ်း”

“ဘာမှ မတွေးပါဘူး တီချယ်ရဲ့၊ ၀တ္ထု အကြောင်းပဲ နည်းနည်းပါးပါးတွေး”

“ဘာ။ ၀တ္ထုဖြစ်မယ့် အုတ်နီခဲက လာပြီ။ ဟင်း၊ ဒီလို အတိုင်းသာ ဆက်သွားလို့ကတော့ နင်စာမေးပွဲ အောင်ဖို့ မလွယ်တော့ဘူး၊ ငါ့ကိုလည်း သူများတွေ ၀ိုင်းတိုင် နေကြတယ်၊ တီချယ် တပည့်က စာမလုပ်ဘဲနဲ့ ၀တ္ထု အကြောင်းပဲ ထိုင်တွေး နေတယ်တဲ့၊ ငါစိတ်ကုန်တယ်နော်၊ နင်တို့ အဆောင်ကို ငါလာရင် ဘယ်တော့မှ စိတ်ချမ်းသာတာမျိုး မရှိဘူး၊ ကဲ ငါသွားတော့မယ်၊ ဘယ်သူမှ လိုက်မပို့ကြနဲ့တော့”လို့ ပြောပြီး တီချယ်ထွက်သွား တော့တယ်လေ။

တီချယ် ထွက်သွားတော့မှ၊ အင်း၊ ငါ့နှယ့်နော်၊ ပြဿနာတော့ စပြန်ပြီ။ အင်းလေ။ ဒီကျောင်းကို ရောက်ခါစက တီချယ်ပဲ ကျောင်းနဲ့ နီးအောင် ဒီအဆောင်မှာ  နေဖို့ ကူညီပြီး အပ်ထား ပေးခဲ့တယ်လေ။ တီချယ်က ကွန်ပျူတာ တက္ကသိုလ် ဘေးကျာင်းဆောင် ဟောင်းမှာ နေတဲ့ အတွက် မကြာခဏ ဆိုသလို ဒီအဆောင်ကို လာလည် တတ်တယ်လေ။ တီချယ်ပြန်ရင်လည်း တစ်ဆောင်လုံး တီချယ့်ကို လိုက်ပို့ကြတာပေါ့။ အခုတော့။ အင်း၊ တီချယ် အမေ့ကို မတိုင်ပါစေနဲ့လို့သာ ဆုတောင်းရုံက လွဲပြီး ဘာတတ်နိုင်တော့ မလဲလေ။
........................................................................................................


အင်း၊ ထားလိုက်ပါတော့လေ။ အခုလော လောဆယ် ၀တ္ထုရေးချင်တဲ့ စိတ်ပဲ ရှိတယ်။ ဒီအချိန်မှာ သိကြားမင်းကြီးက ဆင်းတားရင်တောင် လုံးဝ လိုက်လျောမှာ မဟုတ်ပါဘူး။ အခု လောလောဆယ် ဘာအကြောင်း ရေးရင် ကောင်းမလဲနော်။ ဟင်း၊ စဉ်းစားရင်းနဲ့တောင် ခေါင်းတွေ မူးနောက်လာပြီ။ ကိုယ့်အကြောင်းပဲ ကိုယ်ရေးရင် ပိုပြီးတော့ သင့်တော်မယ် ထင်တယ်။

အင်း၊ ၀တ္ထု ရေးပြီးရင်ရော ဘာခေါင်းစဉ် ပေးရင် ကောင်းမလဲနော်။ ဒီဦးနှောက်က စဉ်းစား ဥာဏ်လေး ထုတ်စမ်းပါဦး။ သြော် သိပြီ။ သိပြီ။ စာရေး ဆရာမကြီး မစန္ဒာက စာပေ လောကကို ကျွန်မ ဆရာမ ၀တ္ထုနဲ့ စခဲ့တာဆိုတော့ ငါလည်း “ကျွန်တော် စာရေးဆရာ” ၀တ္ထုနဲ့ စလိုက်ရင် ကောင်းမယ် ထင်တယ်နော်။ ဟုတ်တယ် မဟုတ်လား။



ထော်ဦး၊ဘားအံကွန်ပျူတာ၊
                                                           2009 စက်တင်ဘာလထုတ်
်                                               teen magazine "ရေးကြည့်ပါ"ကဏ္ဍ

2 comments:

  1. ဖူးငုံမှာ ဖတ်ပြီးကတည်းက ခံစားချက်နဲ့ ကိုက်ညီလို့ နှစ်သက်နေတာ ။ခုမှပဲ bravoလုပ်ရတော့တယ်။

    ReplyDelete
  2. teen မှာဖတ်ဖူးပေမယ့် ပြန်ဖတ်သွားပါတယ်

    ReplyDelete