ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, February 13, 2013

ဒါတွေကို ပြင်နိုင်ပါ့မလား (ချစ်သူများအတွက် အမှတ်တရ)


၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ အတွင်း ထိုင်းနိုင်ငံရှိ မီဒီယာ တော်တော် များများမှာ သန္ဓေသားလောင်း အလောင်းငါးရာ ကျော်တွေ့ရှိတဲ့ သတင်းဟာ သတင်းခေါင်းကြီး ဖြစ်စေခဲ့ပါတယ်။


...........................................................................................................

ဂိုဒေါင် ဟောင်းထဲမှာ သန္ဓေ သားလောင်းတွေ ဘယ်လိုများ ရောက်ရှိလာ ပါလိမ့်လို့ မေးလာရင် အဖြေကတော့ ရှင်းရှင်းလေးပါ။ ထိုင်းနိုင်ငံ လူငယ်လူရွယ် လေးတွေ ချစ်နယ်လွန် သွားကြ လို့ပါပဲ။ ဒီလိုနဲ့ ကိုယ်လေးလက်ဝန် ဖြစ်လာတော့ ရှက်လှချေရဲ့ ဆိုပြီး ကိုယ်ဝန် ဖျက်ချရာက အခန့် မသင့်ရင် သွေးလွန်ပြီး သေဆုံး စေနိုင်ပါတယ်။ ဒီတော့ဘယ်လို ကာကွယ်ကြမလဲ။ လူငယ် လူရွယ်တွေ ရည်စား စထားစဉ် ကတည်းက ကာကွယ်သင့် လှပါတယ်။

လူငယ်တွေ ချိန်းတွေ့ကြတဲ့ အကြောင်းကို အရင်ဦးဆုံး ပြောပါရစေ။ အကောင်းဆုံးက လူမြင်ကွင်းမှာ ချိန်းတွေ့တာပါပဲ။ အခုတစ်လော ညည ဗိုလ်တစ်ထောင် ဆိပ်ကမ်းတွေမှာ ချိန်းတွေ့ နေရတာ မြင်ရတော့ ရင်တောင် ပူမိပါတယ်။ မိန်းကလေးတွေ ဒီလိုညမျိုး အပြင်မှာ ချိန်းတွေ့ကြတယ် ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်အစားထဲ ရောက်နေသလဲ ဆိုတာ စဉ်စားကြည့်စေ ချင်ပါတယ်။ ကိုယ်က အဲဒီအစား ထဲက ဆိုရင်တော့ “အကာ အကွယ် သုံးကြပါ” လို့ပဲ ပြောပါရစေ။ အဲဒီအစား ထဲက မဟုတ်ရင်တော့ ဒီလို ညညချိန်းတွေ့နေတာ တွေဟာ ကိုယ်သိက္ခာကို ချောက်ထဲ ကျသွားအောင် တွန်းပို့နေတာ ပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ချစ်သူရဲ့ “နှစ်ကိုယ်ကြား နေပါရစေ” လို့ တောင်းဆိုတာ လေးကို မသာယာဘဲ နေနိုင် ပါ့မလား။ ဒါကြောင့် တွဲသွားတွဲလာ လုပ်ချင်ရင် လူမြင်ကွင်းမှာ တွဲကြပါ။

ကိုယ့်ကိုယ်ကိုယ် ကာကွယ် နိုင်မယ်လို့ ယူဆ နေသေးရင်လည်း “ကျား ဆိုတာ အသား မစားတဲ့ သတ္တ၀ါ များလား” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေး ကြည့်စေ ချင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ မှာလည်း သတင်း သဲ့သဲ့လေးတွေ ကြားနေရ ပါပြီ။ လူငယ် စုံတွဲတွေကို အဓိက ဦးတည်တဲ့ တည်းခိုခန်း ပေါများလာတာ တွေကိုပါ။ (ဒီအကြောင်းကို ၀တ္ထု တွေမှာလည်း ဖတ်နေရ တာပါပဲ) နောက်ထပ် မယုံချင် စရာ ကောင်းတာက လူငယ် စုံတွဲတွေ ပလူးပလဲ လုပ်နေတာကို ဗီဒီယို ကင်မရာနဲ့
ရိုက်ကူးထားတာ တွေပါ။ ဒါတွေက ထိုင်းနိုင်ငံမှာ မထူးဆန်းတဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပေမယ့် မြန်မာ နိုင်ငံမှာတော့ အခုမှ စတင် ဖြစ်ပွားတယ်လို့ ယူဆ မိပါတယ်။ တည်းခိုခန်းက လုပ်စားတယ် လို့ပဲပြောပြော ကိုယ်ကိုယ်တိုင် လက်ဝါးချင်း ရိုက်ခွင့်ပေး လိုက်သလို ပါပဲ။ ကိုယ့်ဘက်က အမြတ်ဆိုတာ ဘာတွေ ရှိဦးမလဲ။

သန္ဓေသား အလောင်း ၅၀၀ ကျော် တွေ့ရှိ ရတာတွေဟာ ဘန်ကောက် မြို့ရဲ့ ဂိုဒေါင်ဟောင်းလေး တစ်ခု အတွင်းမှာပါ။ ဒါတောင် တိတ်တိတ်ပုန်း ဖျက်ချတဲ့ သန္ဓေသား အလောင်းတွေ ဘယ်လောက်များ ရှိနေဦး မလဲဆိုတာ မမှန်းဆ နိုင်အောင်ပါဘဲ။ ခေတ်ရေ စီးကြောင်းက အမြန်နှုန်းနဲ့ စီးဆင်းနေတယ် ဆိုတော့ မြန်မာ နိုင်ငံလည်း ဒီလို အဖြစ်မျိုး မကြုံလာ နိုင်ဘူးလို့ ဘယ်သူမှ မပြော နိုင်ပါဘူး။ အခုတောင် တည်းခိုခန်း ထဲမှာ ချိန်းတွေ့ နေကြပြီ ဆိုတော့ ဒီ ပြဿနာလည်း “မကြာမီ လာမည်မျှော်” ဆိုသလို ပါပဲ။

.........................................................................................................

ဒီတော့ လူငယ်စုံတွဲ တွေကို “ဒါတွေပြင်” “ဒါတွေ မပြင်နဲ့” လို့အတည်ပဲ ဖြစ်ဖြစ်၊ ရွဲ့ပြီးတော့ပဲ ဖြစ်ဖြစ် မပြောလို ပါဘူး။ လူငယ်စုံတွဲ တွေကို “ဒါတွေကို ပြင်နိုင် ပါ့မလား” လို့ပဲ မရဲ တရဲနဲ့ လက်တို့ပြီး မေးပါရစေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မပြင်နိုင် သေးရင်တော့။ အင်းလေ ဖြစ်သမျှ အကြောင်းတွေက ကိုယ့်ထိုက်နဲ့ ကိုယ်ကံပေါ့။
(သတင်း မီဒီယာတွေ စုံလင်လှတဲ့ ခေတ်ကြီးထဲမှာ “အကာအကွယ် သုံးကြပါ”လို့ သတိပေး နှိုးဆော် တတ်ကြပေမယ့် ကာယကံရှင် ကိုယ်တိုင်က အကာ အကွယ်တွေ မသုံးကြလို့ မဖြစ်သင့်တဲ့ ကိုယ်ဝန် ဖျက်ချတာ မျိုးတွေ၊ HIV,AIDS ကူးစက် ခံရတာ မျိုးတွေ များသထက် များလာ ကြတာကို သတိချပ်မိ စေချင်ပါတယ်။)
                                                                         ထော်ဦး၊ဘားအံကွန်ပျူတာ၊
                                                                (Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

............................................................................................................
............................................................................................................

              ကျွတ်ကျွတ်အိတ်နဲ့  ထုတ်ထားတဲ့ သန္ဓေ သားလောင်းတွေ

ထိုင်းဗုဒ္ဓ ဘာသာ ဘုရားကျောင်း တစ်ခုအတွင်း သန္ဓေသား အလောင်း ၂၀၀၀ ကျော် တွေ့ရှိမှုနဲ့ ပတ်သက်၍

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က AP သတင်းဌာနရဲ့ ထုတ်ပြန်ချက် အရ ဘန်ကောက်မြို့ အနီး ထိုင်းဗုဒ္ဓ ဘာသာ ဘုရားကျောင်း တစ်ခု အထဲမှာ အဖြူရောင် ပလတ်စတစ် အိတ်တွေနဲ့ ထည့်သွင်းထုပ်ပိုး ထားတဲ့ သန္ဓေသား အလောင်း ၂၀၀၀ ကျော်ကို တွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီ သန္ဓေသား တွေဟာ ကိုယ်ဝန် ဖျက်ချရာက ကြွင်းကျန်ရစ်တဲ့ သန္ဓေသား အစိတ်အပိုင်း တွေဖြစ်ပြီး အဲဒီ ဘုရားကျောင်း ၀င်းထဲမှာ သင်္ချိုင်းသဘော လာရောက် ဖုံးကွယ် မြှုပ်နှံ ထားတာပါ။ စုံစမ်း တွေ့ရှိချက် တွေအရ ထိုင်းနိုင်ငံမှာ ကိုယ်ဝန် ဖျက်ချတာကို တရား ဥပဒေ အရ လက်မခံတဲ့ အတွက် အဓမ္မ ပြုကျင့် ခံရတဲ့ အမျိုး သမီးတွေ၊ ကိုယ်ဝန်ကြောင့် ကျန်းမာရေး ချို့ယွင်းလာတဲ့ အမျိုးသမီး တွေနဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ပါရှိနေတဲ့ သန္ဓေသား လောင်းကို ကိုယ်
ဝန်ဆောင် ထားရတဲ့ အမျိုး သမီးတွေဟာ တိတ်တဆိတ် ကိုယ်ဝန် ဖျက်ချကြပြီး ကြွင်းကျန်တဲ့ သန္ဓေသားလောင်း အစိတ်အပိုင်း တွေကို အခုလို ဖုံးကွယ် စွန့်ပစ်တတ် ကြပါတယ်။ ဒါပေမဲ့ သန္ဓေသားလောင်း တွေရဲ့ဝိညာဉ် ကောင်းရာ မွန်ရာရောက်အောင် ရည်ရွယ်ကာ ဘုရားကျောင်းမှာ လာရောက် ဆုတောင်း တတ်ကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ လုပ်ငန်း ဖွံ့ဖြိုး ကြီးထွားလျက် ရှိတာမို့ တရားမ၀င် ကိုယ်ဝန် ဖျက်ချမှုတွေ ကလည်း များပြားလွန်း လှပါတယ်။

အခုလို သန္ဓေသား အလောင်းများ တရားမ၀င် စွန့်ပစ် မြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အများ အပြားကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ အရေးယူ ခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်သူ့ ကျန်းမာရေး ၀န်ကြီးရဲ့ ပြောကြားချက် အရ နိုင်ငံတွင်းမှာ နှစ်စဉ်နှစ်တိုင်း ကိုယ်ဝန်ဆောင် မိခင် ၁ သန်းခန့် ရှိပြီး ၆ သောင်းကျော်က ကိုယ်ဝန်ပျက်ကျ တတ်သလို ၈ သောင်းကျော် ကလည်း တရားမ၀င် ကိုယ်ဝန်ဖျက်ချ တတ်ကြတယ်လို့ သိရပါတယ်။ ဒီအချက် အလက်တွေကို ပူးတွဲ ဖော်ပြထားတဲ့ “အတွေးအခေါ် ဖလှယ် စာမျက်နှာ”ရဲ့ စာမူနဲ့ အတူ ဆက်စပ်စဉ်းစား နိုင်အောင် ရှာဖွေဖော်ပြ လိုက်ရပါတယ်။
                                                                                          အယ်ဒီတာ
..........................................................................................................
..........................................................................................................
{အမှတ်တရအနေနဲ့ ပြောရရင် teen အယ်ဒီတာအဖွဲ့ က ဓာတ်ပုံနဲ့  သတင်းအချက်အလက်တွေ ရှာဖွေပေးပြီး စာရေးသူနဲ့ အတူ ပါဝင် တင်ဆက်ပေးတာပါပဲ။ဒီလို တင်ဆက်မှုမျိုး တခြားmagazineများမှာ ရှိမယ်လို့ တောင် မထင်မိပါဘူး။ဒီစာလေးဟာ ထိုင်း ချန်နယ်တစ်ခုကနေ ထိုင်းလူငယ်စုံတွဲတွေကြောင့် ဒီလိုဖြစ်ရတာပါလို့  ပြောလာတဲ့အခါ... ဖြစ်ပွားပြီး တစ်နှစ်အကြာမှ ပဲ ဒီစာလေးကို ရေးဖြစ်တာပါ။}
                                                                        ထော်ဦး(ဘားအံကွန်ပျူတာ)

3 comments:

  1. အင်းးးးးးးးးးး
    ဟုတ်ပါ့ ထော်ရေ...
    ရင်မောရပါဘိဟယ်...
    မိုးနတ်တော့ ဘယ်လိုပြောရမှန်းတောင်
    မသိတော့ပါဘူးးးးးးးးးးးး :(((
    အာ့ကြောင့် ထော့်ပို့စ်လေးဖတ်ပြီး
    တိတ်တိတ်လေးပဲ ပြန်သွားတယ်ဟာ
    ရင်ထဲဟာပြီး ဘာမှမရှိတော့သလို
    ခံစားရတယ်...ထော်ပြောသလို
    ခေတ်ရေစီးကြောင်းက အမြန်နှုန်းနဲ့စီးဆင်းနေတာ
    မလွဲဧကန်မို့ သက်ပြင်းကိုသာ အခါခါ
    ချနေမိပါကြောင်းးးးးးးးးးးးးး

    ReplyDelete
  2. အကြောင်းအကျိုး အကောင်းအဆိုး ဒွန်တွဲနေတဲ့
    ခေတ်ရေစီးကြောင်းကြီးထဲမှာ တလွဲဆံပင်ကောင်းနေတာတွေကို
    ထိထိရောက်ရောက်တားဆီးနိုင်တဲ့ နည်းလမ်းလေးတွေရှာနိုင်ရင်ကောင်းမယ်နော်။
    ဖတ်ရမြင်ရတာတွေစိတ်မချမ်းသာစရာကောင်းလိုက်တာ မောင်ထော်ဦးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. နွယ်လေးMarch 15, 2013 at 6:47 PM

    လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံဆိုပြီးတော့
    လွတ်ချင်တိုင်းလွတ် လပ်ချင်တိုင်း လပ်နေတော့တာပါဘဲ..
    မြန်မာ လူမျိုးဆိုတာ သတိရနိုင်ကြပါစေလို့
    ဆုတောင်းပေးရင်းနဲ့...

    ReplyDelete