ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, January 8, 2013

အွန်လိုင်းပေါ်က ဖေ့စ်ဘွတ်အကြောင်း...တစေ့တစောင်း


ဒီကနေ့  နည်းပညာခေတ်ကြီးထဲမှာ အွန်လိုင်းအသုံးပြုသူတွေ များလာသလို အွန်လိုင်းပေါ်က အကျိုးသက်ရောက်မှုတွေကလည်း များပြားလာပါတယ်။နည်းပညာကို ကောင်းတဲ့ ဘက်တွေမှာ အသုံးချနိုင်သလို ဆိုးရွာတဲ့ ဘက်တွေမှာလည်း အသုံးချနိုင်ပါတယ်။ကဲ…ဒါဆိုရင် အွန်လိုင်းနဲ့ ပတ်သက်ပြီးသိထားရသမျှတွေကို မျှဝေ ကြရအောင်ပါ…။
…………………………………………………………………………………………………………..

လတ်တလော အသုံးပြုမှု အများဆုံကတော့ ဆိုရှယ်ဝက်ဘ်ဆိုက်လို့  ခေါ်တတ်ကြတဲ့ facebook(ဖေ့စ်ဘွတ်) ပါပဲ…။ကိုယ်ကတော့ ဖေ့စ်ဘွတ် ထဲကနေ အသုံးပြုသူအချင်းချင်း ခင်မင်ရင်းနှီးမှုတွေ လိုချင်လို့  ၀င်သုံးဖြစ်တာပါ။နောက်ပြီး ဖေ့ဘွတ်ရဲ့အဓိက အားသာချက်ကတော့
သတင်းအချက်လက်တွေ၊ပရဟိတ လှုပ်ရှားမှုတွေ၊ကိုယ်ဖတ်ထား ရေးထားဖူးတဲ့ စာတွေ… စတဲ့ အကြောင်းအရာတွေကို
ဝေမျှနိုင်လို့  ပါပဲ။အဲဒီအထဲကနေ ကောင်းတဲ့ တုန့် ပြန်မှုတွေကတော့ နိုင်ငံရဲ့ ပုံရိပ်တွေကို တွေ့  မြင်လာနိုင်မယ်၊ပရဟိတစိတ်တွေမြင့်တက်လာမယ်၊စာပေအပေါ် အရင်ကထက် ပိုပြီး ချစ်တတ်လာမယ်…စတဲ့ အကျိုးရလဒ်ကောင်းတွေ ရရှိလာကြမှာပါ…။

………………………………………………………………..……………………………………….

နိုင်ငံတကာမှာ လေ့လာတွေ့ ရှိချက်အရ ဖေ့ဘွတ်အသုံးပြုတဲ့သူတွေဟာ အသုံးမပြုတဲ့သူတွေထက်အလုပ်ပိုမိုပြီး ရရှိတတ်ကြပါတယ်။ဘာကြောင့်လဲ ဆိုတာကတော့ ဖေ့ဘွတ်အသုံးပြုနေကြတဲ့ သူတွေရဲ့ ကိုယ်ရေးအကျဉ်းprofile တွေကို ဖေ့ဘွတ်ပေါ်ကတစ်ဆင့် သိရှိနိုင်သလို သူ့ ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း
သူ့ ကိုယ်ပိုင်စာမျက်နှာမှာရေးထားတဲ့ စာတွေကနေတစ်ဆင့် သူ ဘယ်လိုလူမျိုးလဲ ဆိုတာ အနည်းနဲ့ အများ သိလာနိုင်မှာပါ။ဖေ့ဘွတ်အသုံးမပြုတဲ့ သူတွေရဲ့ အားနည်းချက်တွေကတော့ သူတို့  ဘယ်လိုလူစားမျိုးလဲ ဆိုတာ ဖမ်းဆုပ်
လို့ မရတာကြောင့်ပါ။ပြီး…ယုံကြည်စိတ်ချဖို့ လည်း ခဲယဉ်းတဲ့အတွက်ကြောင့်လည်း
ပါဝင်နိုင်ပါတယ်။

နောက်ထပ် လေ့လာတွေ့ ရှိချက်တွေကတော့ ဖေ့ဘွတ်ပေါ်မှာ စာတွေ ရေးမိလို့ ပဲ ဖြစ်ဖြစ်၊like လုပ်လို့ ပဲ ဖြစ်ဖြစ် ရှိပြီးသား အလုပ် ပြုတ်သွားနိုင်တာပါပဲ။ကုမ္ပဏီတစ်ခုရဲ့ အကြီးတန်း အရာရှိတစ်ယောက်ကတော့ ဖေ့ဘွတ်ပေါ်မှာ သူ့ ရဲ့ ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ပြောတတ်ပါတယ်။တစ်နေ့ တော့ ကုမ္ပဏီအတွင်းရေးကိစ္စကို အဲဒီအရာရှိကြီးက ထုတ်ပြောတော့တာပါပဲ။ဘယ်ကုမ္ပဏီကတော့ဖြင့်

သူတို့ ကုမ္ပဏီကို ငွေပေးဖို့  ရှိသေးတယ်…၊ဒေါ်လာဘယ်လောက်… ဘယ်လောက်အထိ ပေးဖို့  ကျန်သေးတယ် ဆိုတဲ့ အထိ ကိန်းဂဏန်းနဲ့ တိတိကျကျ ရင်ဖွင့်ထားတော့…ကုမ္ပဏီဘက်ကလည်း အတွင်းရေးကိစ္စကို လူသိရှင်ကြား ပြောရကောင်းမလားဆိုပြီး အလုပ်ထုတ်တော့တာပါပဲ။တစ်ဖန်…like လုပ်တဲ့ နေရာမှာလည်း ဂရုတစိုက်Like လုပ်တတ်ဖို့  လိုနေပြန်ပါတယ်။လူတစ်ယောက်ကတော့ ကိုယ့်ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီက ထုတ်လုပ်တဲ့ကုန်ပစ္စည်းကို like လုပ်မိသွားလို့  ကုမ္ပဏီက အလုပ်ထုတ်ပစ်တဲ့အထိ အမိန့်  ချမှတ် ခံရတာပါ။

ဒါကတော့ နိုင်ငံတကာက လေ့လာတွေ့ ရှိချက်တွေပါ။ကိုယ်တို့ 
နိုင်ငံနဲ့ မကိုက်ညီပေမယ့်လည်း အွန်လိုင်းအသုံးပြုနေတဲ့နေရာမှာ သတိချပ်ဖို့ တော့ လိုပါလိမ့်မယ်။
…………………………………………………………………………………………………………

ဒါ့အပြင် ဆိုရှယ်ဝက်ဆိုက်လ်လို့ ခေါ်တတ်ကြတဲ့ ဖေ့ဘွတ်မှာလည်း ရှောင်စရာလေးတွေ ရှိနေပြန်ပါတယ်။
ဆိုကြပါစို့ …။ဖေ့ဘွတ်ပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ရေးတတ်ကြပါတယ်။
အဲဒီမှာ သတိပြုမိတာကတော့ အရမ်းကိုယ်ရေးကိုယ်တာဆန်လွန်းတဲ့ ခံစားချက်ကို ထည့်မရေး
ဖို့ ပါပဲ။ကိုယ် ရေးလိုက်လို့  ကိုယ့်အတွက် စိတ်သက်သာကောင်း သက်သာသွားနိုင်ပေမယ့် ဖတ်သူအတွက်တော့ တော်တော်လေး အကုသိုလ်များနိုင်မှာပါ။ဒါ့အပြင် တစ်ဖက်သားကို စော်ကားတဲ့ အရေးအသားမျိုးတွေ၊ကိုယ့်ခံယူချက်နဲ့  မတူညီတဲ့သူတွေကို ပုတ်ခတ်ရေးသားတာမျိုးတွေကိုလည်း ရှောင်ကျဉ်နိုင်ဖို့  တိုက်တွန်းလိုပါတယ်။ဒါတွေဟာ လူလူချင်း မြင်တွေ့ ခွင့် မရကြတော့ စကားလုံးနဲ့  ပစ်ပေါက်နေသလိုပါပဲ။တစ်ချို့  အရေးအသားကျတော့ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့် ဖတ်တဲ့ သူတွေဘက်က သို့ လောသို့ လော ဖြစ်စေနိုင်တဲ့အတွက် ဖေ့ဘွတ်အသုံးပြုနေကြသူများလည်း ဒါတွေကို ဆင်ခြင်ပေးစေချင်ပါတယ်…။

နောက်ထပ် ဖေ့ဘွတ်ပေါ် ကြုံရတဲ့ ပြဿနာကတော့ ပရမ်းပတာနိုင်လှတဲ့ ဝေဖန်ချက်တွေ ပေးတတ်ကြတာပါပဲ။တလောကလည်း အမျိုးသမီး ဂျာနယ်လစ်တစ်ယောက်ရဲ့ ဓာတ်ပုံအောက်မှာ ယုတ်ရမ်းကြမ်းတမ်းတဲ့ ကွန်မန့် တွေ ပေးထားတာကို တွေ့ ရပါသေးတယ်။တစ်ချို့ ကလည်း ဖေ့ဘွတ်ပေါ်ကနေ တစ်ပါးသူရဲ့ ဓာတ်ပုံကို ယူသုံးပြီး အပုတ်ချတတ်ကြပါသေးတယ်။ဒါတွေဟာ ထဘီကြားက လက်သီးပုန်းလို့ သာ ဆိုရမလိုပါပဲ။ဘယ်သူမှ မသိနိုင်ဘူး၊ဘယ်သူမှ မမြင်နိုင်ဘူး ဆိုပြီး ရေးချင်တာ ရေးနေကြမယ်ဆိုရင် ယဉ်ကျေးတဲ့ လူ့ အဖွဲ့ အစည်းရယ်လို့  ဒီနိုင်ငံမှာ ရှိနိုင်တော့မှာ မဟုတ်ပါဘူး…။

ဒါ့အပြင် ဖေ့ဘွတ်ကို အသေအချာ မပိတ်ထားမိရင်လည်း ကိုယ့်ရဲ့ ဖေ့ဘွတ်အကောင့် ကို တစ်ပါးသူတွေ ၀င်ရောက်သုံးစွဲစေနိုင်ပါတယ်။ဒီိတော့ ကိုယ့်ဖေ့ဘွတ်ကို အသုံးချပြီး ပရမ်းပတာ ကွန်မန့် တွေကို ပေးတတ်ကြမှာပါ။ဘယ်လိုပဲ ဖြစ်ဖြစ် ဖေ့ဘွတ်ကို သုံးနေသေးသရွေ့  အနှောင့်အယှက် အနည်းနဲ့  အများလောက်တော့ ခံစားကြရမှာပါ။

ကိုယ်နဲ့ အတွေးအမြင်ချင်း မတူတဲ့ အရေးအသားမျိုးတွေ တွေ့ လာရင်လည်း ဘာမှ ပြန်မပြောဘဲ နေလိုက်တာက အကောင်းဆုံးပါ။ဒီလိုပါပဲ… တစ်ပါးသူရဲ့ ဓာတ်ပုံတွေကို ယူသုံးပြီး ဟိုးလေးတစ်ကြော် ဖြစ်သွားအောင် လုပ်ဆောင်နေကြတာတွေကို ဖေ့ဘွတ်အသုံးပြုသူ တွေ တွေ့  မြင်မိကြမယ်ဆိုရင်လည်း ဘာမှမတုန့် ပြန်ဘဲ အေးအေးသက်သာနေလိုက်ဖို့ အကြံပြုချင်ပါတယ်။ကိုယ်က ပြန်တုန့် မယ်ဆိုရင် ဓာတ်ပုံတင်တဲ့သူကို အားပေးအားမြှောက်ပြုရာ ကျသွားနိုင်သလို ဘာမှ ကောင်းကျိုးရလာမှာ မဟုတ်ပါဘူး။နောက်ဆုံး ရလဒ်ကတော့ အတင်ခံရတဲ့ ဓာတ်ပုံရှင်ကို ပိုပိုပြီး လူသိရှင်ကြား ဖြစ်စေနိုင်တဲ့ အကျိုးရလဒ်ပဲ ရသွားနိုင်မှာပါ။သူ့ ရဲ့ လုပ်ရပ်ကို ဘယ်သူမှ မပြောကြဘူးဆိုရင် ဒီအကြောင်းအရာက အချိန်တိုအတွင်းနဲ့  ပြီးဆုံးသွားမှာပါ။

ဒါကြောင့် ကိုယ့်ကို တိုက်ရိုက်ပုတ်ခတ်တဲ့ ကွန်မန့် ပဲ ဖြစ်ဖြစ်၊တစ်ခြားသူတွေကို ပုတ်ခတ်တဲ့ ကွန်မန့် ဖြစ်ဖြစ်တွေ့ ရှိခဲ့မယ်ဆိုရင် ကွန်မန့် မပေးမိဖို့  လိုအပ်ပါတယ်။ကိုယ့်ကိုယ်ကို တိုက်ရိုက်တိုက်ခိုက်တဲ့ ကွန်မန့် မျိုးကိုလည်း သွားပြီး မဖတ်မိဖို့  လိုအပ်ပြန်ပါသေးတယ်။ဒါဆိုရင် ကွန်မန့် နဲ့ တိုက်ခိုက်တဲ့ ရန်ကနေ ကင်းဝေးနိုင်ကြမှာပါ…။
……………………………………………………………………………………………………………………………………..


ဘယ်လိုပဲ ဖြစ်ဖြစ် အွန်လိုင်းသုံးနေသမျှ ကာလပတ်လုံး သတိထား ဆင်ခြင်တတ်ကြမယ်ဆိုရင် ကောင်းမွန်တဲ့ အွန်လိုင်းအသုံးပြုသူတွေ ဖြစ်လာနိုင်မှာပါ။အွန်လိုင်းထဲကနေ ကောင်းမွေလေးတွေကို အရယူပြီး ဆိုးမွေတွေကိုတော့ သင်ခန်းစာအဖြစ် ယူတတ်ကြမယ်ဆိုရင် ကိုယ်တို့ အားလုံးလည်း ကောင်းမွန်တဲ့ အွန်လိုင်းအသုံးပြုသူတွေ ဖြစ်လာကြဦးမှာပါ။

                                                                                 ထော်ဦး(ဘားအံကွန်ပျူတာ)
                                ၂၀၁၃ခုနစ် စက်တင်ဘာလ ၄ရက်နေ့ ထုတ် Women's World Journal

1 comment: