ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
Wednesday, January 23, 2013
ရည်ဝေရဲ့ ဒွိဟကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း
ဒီဝတ္ထုတိုလေးကို ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းကတာ့ ရင်ထဲ စွဲငြိမိတဲ့ ၀တ္ထုတိုလေးတစ်ပုဒ် ဖြစ်နေလို့ ပါပဲ။ဒါ့အပြင် ဇာတ်သိမ်းပိုင်းမှာ စာဖတ်သူတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချခွင့် ပေးထားသလို ကိုယ်တို့ လို စာရေးနေကြသူတွေအတွက် အတုယူစရာကောင်းလှတဲ့ ဇာတ်သိမ်းလေးတစ်ခုမို့ 
လို့ ပါပဲ။
………………………………………………………………………………………………………….
စာဖတ်သူတစ်ဦးအနေနဲ့  ၀တ္ထုတိုတစ်ပုဒ် နှစ်သက်ခြင်း၊မနှစ်သက်ခြင်းဟာ စိတ်ခံစားချက်နဲ့ သက် ဆိုင်မယ်လို့ ယူဆမိပါတယ်။အခုလည်း ရည်ဝေရဲ့
ဝတ္ထုတိုလေးဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ထဲမှာ ညှို့ ငင်ဖမ်းစားသွားပြီလို့  ပြောရင်မမှားပါဘူး။ဒီဝတ္ထုတိုလေးကို ဖတ်ကြည့်လိုက်ရင် အကြောင်းအရာလေးတွေဟာ လေးလေးပင်ပင်ကြီး မဟုတ်ပေမယ့် ၀တ္ထုတိုထဲမှာ အဓိက လိုအပ်နေတဲ့
ပဋ္ဋိပက္ခလေးတွေ ခင်းကျင်းပြသထားတဲ့အတွက်လည်း နှစ်သက်စရာ ကောင်းလှတဲ့
ဝတ္ထုတိုတစ်ပုဒ်အဖြစ် ခံစားလာမိစေပါတယ်။
………………………………………………………………………………….............……….
ဇာတ်အဖွင့်ကို ဖတ်ကြည့်လိုက်ရင် စာရေးသူက အဓိကဇာတ်ကောင်ရဲ့ အတွေးအမြင်လေးနဲ့  ဖွဲ့ သီထားကို တွေ့ မြင်ရမှာပါ။ဇာတ်စစဖွင့်ချင်း စာဖတ်သူကို ဆွဲခေါ်သွားစေနိုင်တဲ့ အကြောင်းအရာကတော့ မိန်းကလေးတွေ၊ ယောင်္ကျားလေးတွေရဲ့
သဘောသဘာဝနဲ့ ပတ်သက်ပြီး ဇာတ်ကောင်ရဲ့ အမြင်ကို ပုံဖော်ထားတာပါပဲ။ပြီး
ပတ်ဝန်းကျင်က ဇာတ်ကောင်အပေါ် အမြင်ကိုလည်း ဇာတ်ကောင် ပြောစကားအရ သိရပြန်သေးရဲ့…။
ဒါ့အပြင် တခြားအခန်းတွေမှာလည်း ဒီအကြောင်းအရာ နှစ်ရပ်စလုံးကို နေသားတကျ ပြန်လည် ထည့်သွင်းထားတာကို တွေ့ မြင်ကြရမှာပါ။ဒီနေရာမှာ ၀တ္ထုတိုရဲ့ သဘောတရားအရ လိုအပ်တာတွေပဲ ထည့်သွင်းရေးဖွဲ့ ထားတာကို တွေ့ ရမှာပါ။
………………………………………………………………………………………………………….
ဒါ့အပြင် ဒီဝတ္ထုတိုထဲမှာ ပါဝင်တဲ့ အဓိက ဇာတ်ပို့ နှစ်ဦး(အမေနဲ့ ချစ်ရသူ)ကြောင့် ဇာတ်ကောင်ကို ပိုပြီး ရုပ်လုံးကြွ အသက်ဝင်လာစေပြန်ပါတယ်။အမေတစ်ခု သားတစ်ခု ဘ၀ကို ခင်းကျင်းပြသထားရာမှာလည်း အမေနေမကောင်းတဲ့ အချိန်ကာလအတွင်း အမေ့ကို ပြုစုဖို့ အတွက် အရက်ခဏ ဖြတ်ထားလိုက်ရတဲ့ မေတ္တာပြကွက်လေးနဲ့ 
ဖွဲ့ သီထားပါတယ်…။ဒီလောက်နဲ့  အားမရသေးဘဲ အမေရိပ်သာ
ဝင်နေတဲ့အချိန်ကာလအတွင်း အိမ်မှာ တစ်ယောက်တည်း ကျန်နေတာကြောင့် အိမ်မှုကိစ္စတွေ ကိုယ်တိုင်ကိုယ်ကျ လုံးပန်းခါမှ အမေ့ကို သတိတရ ဖြစ်ရပုံကို ရေးဖွဲ့  ထားပါသေးတယ်…။အစားကောင်း မစားရ၊အ၀တ်ကောင်း မ၀တ်ရနဲ့  အမေ့ကို တမ်းတနေမိတဲ့ သားတစ်ယောက်အဖြစ်ကို စာဖတ်သူ မြင်ယောင်လာစေနိုင်ပါတယ်…။
…………………………………………………………………………………………………………
ဒါပေမယ့်…။
ဒုတိယဇာတ်ပို့ ချစ်ရသူလေးနဲ့  ရေစက် ဆုံလိုက်ရပြီး နောက်ပိုင်း ဇာတ်ကောင်လည်း အလိုလိုနေရင်း ပြန်လည်ရွှင်လန်းလာပါပြီ။အမေ့ကိုတောင် အရင်လို သတိမရမိဘဲ ချစ်ပန်းဝေလာခဲ့ပါပြီ။အချစ်ဦးမို့ လည်း စာပေးရမှာတောင် ကတုန်ကယင်ဖြစ်လို့ ။
ဝတ္ထုတိုထဲမှာ ပြဿနာတွေ အခက်အခဲတွေ မပါရှိရင် ၀တ္ထုတိုမမည်ဘူးလို့  ဆိုထားတဲ့အတိုင်းပါပဲ။ဒီဝတ္ထုတိုထဲမှာလည်း ဇာတ်ကောင်ကို အခက်အခဲတစ်ခုနဲ့  ခင်းကျင်းပြထားပါသေးတယ်။ချစ်ရသူကို ရွေးရမှာလား…အမေကို ရွေးရမှာလား…ဆိုပြီး ဇာတ်ကောင်ကို အခက်အခဲတစ်ခု ချပြထားတဲ့အခါ…။ဇာတ်သိမ်းပိုင်းဟာ ဒီဝတ္ထုတိုကို ခွဲခြမ်းစိတ်ဖြာရတဲ့ အဓိကအကြောင်းရင်းမို့  ဒီဝတ္ထုတိုလေး ဖတ်ပြီးရင် စာရေးသူအတွက်ရော စာဖတ်သူအတွက်ပါ ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာ ရရှိနိုင်မယ်လို့  ဆိုပါရစေ…။
………………………………………………………………………………………………………….
အချုပ်ဆိုရရင် ၀တ္ထုတိုတစ်ပုဒ်မှာ ပါဝင်ရမယ့် အဓိက အင်္ဂါရပ်ဖြစ်တဲ့ စလယ်ဆုံး စဉ်ဆက် ညီညွတ်မှု၊ဇာတ်ကောင်စရိုက် ပီပြင်မှု၊ဇာတ်သိမ်းပိုင်း ထိမိမှု…စတဲ့ အချက်တွေနဲ့ တင် ဖတ်ပျော်တဲ့ဝတ္ထုတိုအဆင့်ကို ကျော်လွန်သွားပါပြီ။
တစ်ခါတလေကျတော့လည်း ရင်ထဲစွဲငြိမိတဲ့ ၀တ္ထုလေးတွေဟာ အကြောင်းပြချက် မယ်မယ်ရရ ရှင်းပြစရာ မလိုလောက်ဘူးလို့  ထင်မြင်မိပါတယ်…။ဒီဝတ္ထုတိုလေးကို ဖတ်ဖူးသူတိုင်း သဘောကျ နှစ်သက်ကြလိမ့်မယ်လို့  ထင်မြင်ယူဆမိလျှက်…။
ရည်ညွှန်း - ဒွိဟ(ရည်ဝေ-ရေနံ့ သာသူ)
http://onlinelinyoungche.blogspot.com/2012/12/blog-post_4.html
http://khinoonwe.blogspot.com/2012/11/blog-post_28.html
                                                                      ထော်ဦး(ဘားအံကွန်ပျူတာ)
(အွန်လိုင်းလင်းရောင်ခြည်စာပေ၀ိုင်းမှ စီစဉ်တင်ဆက်တဲ့ "၀တ္ထုတိုချဉ်းကပ်ခြင်း"
 အစီအစဉ်မှာ ရေးဖြစ်တဲ့ ဆောင်းပါးလေးပါ...။)
4 comments:
  1. ထော်ထော်ညွှန်းလို့ မိုးနတ်သွားဖတ်ကြည့်တော့မယ် ထော်ထော်ရေ...:)
    ReplyDelete
  2. ဖတ်ကြည့်လိုက်တော့ရင်ထဲငြိပါတယ်ရှင့်း)
    ReplyDelete
  3. ထပ်ဖတ်သွားတယ်ထော်ထော်ရေ..။
    ReplyDelete