ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, September 1, 2012

ဒီမြို့ ...


လျှပ်စစ်မီး ရှိပေမယ့်
ဖယောင်းတိုင်လေးလည်း အသုံးဝင်နေတဲ့မြို့ 
တစ်ခါတရံ(တခြားတချို့ မြို့ ကျတော့ အမြဲတမ်း)
မီးစက်တွေ ၀ရုန်းသုန်းကားနဲ့ 
ညံစီစီ ဟစ်ကြွေးလို့ ပေါ့
သူတကာတွေ ၀ါယာလတ်အင်တာနက်
တစ်နိုင်ငံလုံးအနှံ့ ချိတ်မယ်တဲ့ ကြားနေ
ဒီမြို့ ကျတော့
 တစ်နိုင်ငံလုံး လျှပ်စစ်မီးအချိန်ပြည့်ရဖို့ အရေး
ဖယောင်းတိုင်ရည်တွေ
 လက်မှာကြွေကျတဲ့အထိ ဆန္ဒပြကြ
သြော်
တို့ နိုင်ငံ တိုးတက်ပုံက
အခုလိုပဲ ကြားသိရရဲ့
ဒီသတင်း ဒီအတင်း
နိုင်ငံတကာ မီဒီယာတွေထဲ
မင်းမူလေတော့
သူတို့ တွေက ရယ်ဟဟနဲ့ 
စုပ်သပ်ကြလို့ 
နေပလေ့စေလေ
တို့ မြို့ က ဒါတွေမတိုးတက်ပေမင့်
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်
ကောင်မလေးတွေ အတိုအတပ်ဝတ်ကြစားကြ
ရင်ဖော် ကြိုးတစ်ချောင်းဆင်ကြယင်ကြ
ဝတ်လစ်စလစ် မဖြစ်ရုံတမယ်
နိုင်ငံတကာနဲ့  ပြိုင်ကြဆိုင်ကြ
ဒါမှ တို့ ဒီမိုကရေစီပါလို
တိုနံ့ နံ့  ချစ်သမီးလေးတွေက ဟစ်ကြွေး 
ကေတီဗွီ နိုက်ကလပ် စာသောက်ဆိုင်တွေထဲက
ကောင်မလေးတွေတောင်
မျက်စောင်းထိုးရတဲ့အထိ အပြိုင်ကြဲကြ။
 .......................................................
အံ့သြစရာ ကောင်းပုံက
ဒီမြို့ ကို နိုင်ငံခြား ခရီးသွားတွေသဘောကျ
ခွကျကျ ဖြစ်နေတာက
အပေါစားမိန်းမသားတွေကို
လာရှာစားကြ သတဲ့လေ
မြို့ က အပျက်စားလမ်းမပေါ်
အပေါစား မိန်းမသားတွေ
သောင်းကျန်းနေ ဆိုပဲ
တက္ကစီဖြစ်ဖြစ် ဆိုက်ကားဖြစ်ဖြစ်
(တစ်ခါတရံ ဆိုင်ကယ်လည်း ပါသေး)
ဒီလမ်းကို တိုးလာရင်တော့
ဒေါက်ဖိနပ် တတောက်တောက်နဲ့ 
ယူမလားအစ်ကို သုံးဆောင်ပါဦးအစ်ကိုနဲ့ 
လက်ယပ်ခေါ်ပြီး ၀ိုင်းဆွဲတတ်ကြ
ရဲတွေ ပုလိပ်တွေ ဖမ်းပြန်ရင်လည်း
ခဏတာ ငြိမ်သွားကြ
ပြီးတော့
အရင်က အတိုင်း
ဆက်လက် လှုပ်ရှားကြ
ဒီလိုနဲ့ ပဲ
ဒီမြို့ ကတော့ နေသားကျလို့ ။
 ......................................................
အလှအပတွေ ခေတ်စားလာတော့
အလှုပြင်ဆိုင်တွေ အပြိုင်ကြဲကြ
ဟိုတစ်ဆိုင် ဒီတစ်ဆိုင်
စုစု စုစုနဲ့  မှိုလိုပေါက်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ုမြင်မြင်
သိပ်မကြာခင် ကိုရီးယားလို ထိုင်းလို
ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ပြုပြင်မှုတွေ
ခေတ်စားကုန်ရင် ကောင်းပါလေ့ ကောင်းပါလေ့
ဒါပေမင့်
ဆံပင်စုတ်ဖွား ဖိုသီဖတ်သီဝတ်စုံလေးနဲ့ 
လမ်းတကာလည် အစုတ်ပလုတ်တွေ
လက်လံကောက်သိမ်းနေတဲ့ မိန်းမသားတွေလည်း
ဒီမြို့ မှာ မနည်းဘူးပဲ။
 .................................................................
မိုးတွင်း ရောက်ပြီဟေ့ ဆိုတာနဲ့ 
မြောင်းအောင်းနေကြတဲ့ မြေကြွက်တွေ
ဝရုန်းသုန်းကား ဖြစ်ကြ
စံအိမ်ထဲ ရေတွေလျှံရင်
ဘယ်နားမှာ စံစားကြမလိမ့်လို့ 
ကြီးတောင့်ကြီးမား ခန္ဓာဝန်ကိုအဖော်ပြု
တွေးနေဆဲ တွေးနေဆဲပါပဲ
ခုတော့ ဘယ်တတ်နိုင်ဦးမလဲလေ
ရေတွေကြီးလို့  မြောင်းတွေရေလျှံ
မြောင်းအောင်း မြေကြွက်တတွေ
ပြေးစရာလမ်းတွေ ရှာရင်း
လမ်းမကြီးပေါ် ကားတက်ကြိတ်ခံရသတဲ့လေ
ကြွက် မသာတွေ ယင်တလောင်းလောင်းနဲ့ 
ရင်ဘတ် ဟတ်တက်ကွဲနေတာတော့
ဒီမြို့ ထဲမှာ အများကြီးဆိုပဲ။
 ............................................................
ပညာရေး စနစ်ကိုကြည့်မလား
ကျောင်းဆရာမ နဲ့ ကျူရှင်ဆရာတွေကြား
ကျောင်းသားလုပွဲ အပြိုင်အဆိုင်ကျင်းပတတ်ကြ
မြေစာပင် ဓားစာခံတွေကတော့
ကျောင်းသားကိုယ်တိုင် ပဲပေါ့
ဒါတင် ဘယ်ကမလဲ
ဒါကျက် ဒါဖြေစနစ်
ဒီမြို့ မှာ ပေါပါဘိသနှယ့်
အဆိုးထဲက အကောင်း
ပြောရရင်တော့
ကြေးရတတ် သားသမီးတွေကဂုဏ်သင့်ပြီး
 အဆင့်ကောင်းကောင်း ရနေကြတဲ့ မြို့ ပါပဲ။
 ............................................................
အာဏာတွေ အပြိုင်အဆိုင်လုယက်ကြ
တစ်ပါတီနဲ့  တစ်ပါတီမျက်မုန်းကျိုးကြ
အမြင်ကပ်အမှု အသရေဖျက်အမှုစတဲ့
အမှုပေါင်း သောင်းခြောက်ထောင်
တရားတဘောင်တွေ ဖြေရှင်းနေရတဲ့ မြို့ 
ကံကောင်းတာ ကတော့
မောင်နှမချင်း အမွေလုပြီး
သတ်ကြဖြတ်ကြတဲ့ အမှု
မပေါ်ပေါက်သေးတာပဲလေ။
 ...................................................
ကဲ
သင်တို့  သိတော်မူကြတဲ့အတိုင်း
ပြည်တွင်းစစ်ကြောင့် ခွင်ပျက်သွားတဲ့မြို့ 
ကတ္တရာလမ်းမပေါ် ကွမ်းတံတွေးစွန်းပေသွားလို့ 
အပေါက်ဟောင်းလောင်း မွစာကျဲနေတဲ့မြို့ 
ပလတ်စတစ် ကျွတ်ကျွတ်အိတ်တွေ
 ပျော်ပျော်ပါးပါး ကခုန်နေကြတဲ့မြို့ 
အချင်းချင်း ကုတ်ကြဖဲ့ကြ ဆွဲကြဆိတ်ကြ
ဆော်ပလော်တီး နေကြတဲ့မြို့ 
လွတ်လပ်မှုတွေကို ခုန်မင်လွန်းတဲ့မြို့ 
အနာပေါ် ပလတ်စတာကပ်နေတဲ့မြို့ 
ပျက်အစဉ် ပြင်ခဏ ယုံမှတ်နေတဲ့မြို့ 
မြို့ မြို့ မြို့ 
ဒီမြို့ ဒီမြို့ ဒီမြို့ 
ဒီမြို့ ပါပဲ ခင်ဗျား     
                                                          ထော်ဦးဘားအံကွန်ပျူတာ)     
တောင်းပန်လွှာ။    ။

သြဂုတ်လ တစ်လလုံးလုံး ဘလော့ပေါ် စာမရေးဖြစ်တဲ့အတွက် ခင်မင်ခဲ့ရတဲ့ မိတ်ဆွေအပေါင်းကို

တောင်းပန်ပါရစေ...။ဒါပေမယ့် တချို့  သိသင့်တဲ့ အကြောင်းအရာ အတိုအထွာလေးတွေကိုတော့

facebook Fanpage မှာ တင်ထားဖြစ်ခဲ့ပါတယ်...။ဒါကြောင့် ဘလော့ပေါ် စာတွေ မတင်ဖြစ်ရင်လည်း

facebook ပေါ် အလည်လာဖတ်နိုင်ပါကြောင်း အသိပေးပါရစေ...။နောက်ထပ်လည်း စာတွေ

တင်ပေးနိုင်အောင် ကြိုးစားပါဦးမယ်...။ခင်မင်ရတဲ့ ဘလော့ဂါ မိတ်ဆွေတွေဆီကိုလည်း စာတွေ

လာဖတ်နိုင်အောင် ကြိုးစားသွားပါ့မယ်...။
                                                         ခင်မင်လျက်
                                                          ထော်ဦး(ဘားအံကွန်ပျူတာ)

5 comments:

  1. ဆရာ..
    ဆရာ့လက်ကို ကောင်းကောင်းပြလိုက်တဲ့ ကဗျာရှည်တစ်ပုဒ်ပါလို့ပဲ ပြောလိုက်ချင်ပါတယ်။

    ReplyDelete
  2. ပျို့အန်သံလေးပါလား ကောင်းတယ်ဘော်ဒါရေ

    ReplyDelete
  3. ကဗျာရှည် ဖတ်ရမှာပျင်းတဲ့ မိုးနတ်တောင် အတော်ကို စိတ်ဝင်တစားနဲ့ အဆုံးထိဖတ်ဖြစ်တယ်..ဆရာဝေမိုးနိုင်(မုံရွာ) ပြောသလိုပါပဲ
    ဆရာ့လက်ကို ကောင်းကောင်းပြလိုက်တာပါပဲ....အားပေးသွားတယ်နော်
    ခင်မင်လေးစားစွာဖြင့်..မိုးနတ်

    ReplyDelete
  4. မိုက်တယ်ဟေ့ မိုက်တယ်ဟေ့
    တဖြည်းဖြည်းနဲ့ ဖတ်သွားလိုက်တာ
    အဆုံးကို ရောက်လို့ရောက်မှန်းတောင် မသိ
    ဒီမြို့လေးက တယ်ကို ဆွဲဆောင်မှုရှိသား
    ကိုဝေမိုးနိုင် ပြောသလိုပါပဲ
    လက်စွမ်းကို ကောင်းကောင်းပြထားတဲ့ ကဗျာရှည်တစ်ပုဒ်ပါ
    အားပေးခဲ့တယ် အစ်ကိုရေ
    အားပေးလျက်ပါ

    ခင်တဲ့ ... ညီတော်

    ReplyDelete
  5. သေချာဖတ်ခဲ့ပါတယ် ဆရာ
    လေးစားအားကျစွာဖြင့်

    ReplyDelete