ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, July 2, 2012

မိုးသည်းလို့  မစဲ


မိုးတဖွဲဖွဲ ကျနေသည်။
                  ………………………………..     
မိုးရေထဲ ဆော့ကစားနေကြကုန်သော ကလေးများကို ညိုလေးကြည့်ကာ ရင်ထဲတွင် လေးလံနေမိ
၏။ကလေးဘ၀ကတည်းက မိုးရွာသည်နှင့် တပြိုင်နက် အိမ်ပြင်ထွက်ကာ သူငယ်ချင်း
များနှင့်အတူ မိုးရေကစားတတ်သည်ကို ညိုလေးသတိရနေမိလေသည်။အခုကျတော့

ဟင်းခနဲ သက်ပြင်းချကာ ညိုလေးခေါင်းယမ်းနေမိ၏။
အတိတ်ကာလကို
တွေးမိတိုင်း ဖြစ်ချင်
သောဘ၀တွေ တစ်ထပ်တည်း ကျလာဖို့ ဘာကြောင့်များ မလွယ်ရပါလိမ့်။ညိုလေး ရှေ့ ဆက်ပြီး မတွေးချင်တော့ပါ။အခုတော့လည်း နာကျင်မှုတွေ ညိုလေးရင်ထဲ တလှပ်လှပ် စီးကျ လို့ လာလေပြီ

-------------------------------------------------------------------------------------------------------
ငယ်စဉ်ကတည်းက ထူးချွန်သော ညိုလေးကို မိဘနှစ်ပါးစလုံးက ဂုဏ်ယူတတ်ကြပါသည်။
ညိုလေးကြီးလာရင် ဘာလုပ်မလဲ
ဟု မေးလေတိုင်းကျောင်း ဆရာမလုပ်မှာဟု ညိုလေး ဖြေဖြစ်မြဲ။ခုချိန် ဆယ်တန်းရောက်
လာသည့်တိုင် ညိုလေး ကျောင်းဆရာမ အလုပ်ကို မြတ်နိုးတန်ဖိုးထားနေမိဆဲပင်။ညိုလေးကျောင်း
ဆရာမသာဖြစ်လျှင် အဖေအမေတို့ လည်း ဂုဏ်ယူကြမှာပါ။အနာဂတ်လူငယ်တွေကို ပြုစုပျိုး
ထောင်ခွင့် ရသည့်အလုပ်ကို ညိုလေးသိပ်မြတ်နိုးမိသလို လှပသည့် ပန်းပွင့်လေးတွေ ဖြစ်ဖို့ လည်း
ညိုလေးအစွမ်းကုန် မွမ်းမံခွင့် ရချင်ပါသေးသည်။

သို့ သော်လည်း ဘ၀ဆိုတာ ပန်းခင်းလမ်းမှ မဟုတ်ပါပဲလေ။ညိုလေးသည်လည်း ထိုပြောင်းလဲမှုကို အခုတော့ ရင်ဆိုင်လိုက်ရလေပြီ….
…………………………………………………………………………………………………………..
ပထမဦးဆုံး ညိုလေးရင်ဆိုင်ရသည့် ပြောင်းလဲမှုကတော့
ကလေးနှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့် ဗိုက်ခွဲမွေးဖွားခဲ့ရသည့် ဒဏ်ကြောင့် အမေခမျာ အိမ်အလုပ်တွေ မလုပ်နိုင်ရှာတော့ပါ။သည်တော့လည်း အမေ့ရဲ့ အိမ်အလုပ်မှန်သမျှ ညိုလေးခေါင်းပေါ်
ကျရောက်ရတာပဲလေ။ကံကြမ္မာ ဖန်လာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။

အခုတော့ မနက်ငါးနာရီလောက်ထပြီး ညိုလေးထမင်းဟင်းချက်ရပေပြီ။အမေကတော့
ငါ့သမီးကို အမေ၀ိုင်းကူချင်လိုက်တာ
ဟု ပြောဖြစ်နေပေမယ့် တကယ်တမ်းကျတော့လည်း အမေညော်နံ့ ခံလို့ မဖြစ်ပေ။အရင် ကတည်းက အမေ့လက် အမေ့ခြေကနေ အခုကျတော့လည်း နည်းနည်းလေး အထိုင်အထပြုသည်နှင့်ပင် အမေ ပင်ပန်းလှချေပြီ။ဒါကို ညိုလေးနာလည်ထားရမည်ပင်။

အခုလည်း မနက်ရှစ်နာရီ ထိုးသည်နှင့် မောင်နှမတွေအတွက် သမီးကြီးဖြစ်သော ညိုလေးက
ထမင်းချိုင့် ပြင်ဆင်ထားရပါသည်။ညနေကျောင်းဆင်းလာတော့လည်း မိသားစုဝင်၏ အ၀တ်အစားများကို လျှော်ပွတ်ရသည်နှင့်ပင် ညိုလေးမောပန်းလှပါပြီ။ညစာအတွက် ချက်ရပြုတ်ရလျှက်နှင့်ပင် ညိုလေး စာကျက်ချိန်တွေ ပျောက်ကွယ်သွားကုန်ပြီလေ။ သည်တော့လည်း ရသည့်အချိန်လေးကို အသုံးချပြီး စာကျက်ရုံကလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။
…………………………………………………………………………………………………………………………


အငယ်ဆုံးလေးမှလွဲ၍ ကျန်သည့်မောင်နှမ လေးယောက်စလုံး ကျောင်းတက်ကြတော့ အဖေသည်လည်း သူတတ်နိုင်သည့် ဘက်က မိသားစုတာဝန်များကို ထမ်းရွက်နေလေသည်။မနက်စောစော ငါးနာရီကတည်းက အိမ်ပြင်ထွက်ကာ ဆိုင်ကယ်တက္ကစီ ပြေးဆွဲသော အဖေ့ကျောပြင်ကို
ကြည့်မိသည့်အခါတိုင်း ညိုလေးအဖေ့ကို သနားနေမိ၏။အဖေလည်း သားသမီးတွေကို လုပ်ကျွေးရလွန်းလို့ ပန်ပင်းရှာပြီလေ။ပွဲလမ်းသဘင်ရှိသည့် ညများဆို ညဆယ့်နှစ်နာကျော်မှ အိပ်ပြန်အိပ်ရသည်အထိ အဖေအလုပ်ကြိုးစားရှာတာပါ။ဘယ်တတ်နိုင်ဦးမလဲလေ။အခုတောင်
အမေနေ သိပ်မကောင်းချင်ဘူး။အငယ်နှစ်ကောင်ကို ဗိုက်ခွဲမွေးပြီးကတည်းက အိမ်အလုပ်
တွေကို လုပ်မိလျှင် အနာ မကျက်မှာ ဆိုးသောကြောင့်လည်း ဆရာဝန်က အမေ့ကို နားနေခိုင်းတာပဲလေ။

ဒီညလည်း စာကျက်ရင်းနှင့်ပင် အိပ်ငိုက်ချင်နေပြီ။သူတကာတွေလို ကျူရှင်တက်ခွင့်မရတော့ လည်း သူတကာတွေထက် စာပိုကျက်သင့်တာပဲလေ။အိမ်အလုပ်တွေနှင့် ပိနေတော့လည်း
စာတွေ ကျက်ချင်သလောက် ကျက်ခွင့်မရရှာပေ။စာကျက်မိတိုင်း အိပ်ချင်စိတ်က ကြီးစိုးနေလေပြီလေ။စာတွေကို ကျက်ရင်းကျက်ရင်းနှင့်ပင် ညိုလေး မျက်ရည်ကျနေမိတော့သည်။
ဘ၀က ဘာလို့ ခါးနေရတာလဲဟုကိုယ့်ကိုယ်ကိုယ် မေးမိသည်အထိပင်။သည်လိုနှင့် ပင် စာမကျက်တော့ဘဲ အိပ်ရာထဲဝင်မိတော့ ငိုချင်သည့် စိတ်က တားမနိုင်စီးမရ တာကျိုးကျလေပြီ။
ဟိုလူးဒီလိမ့်ရင်းနှင့်ပင် မနက်ဖြန်ကို သည်အတိုင်း ကျော်ဖြတ်ရမည်ကို တွေးကြောက်နေမိလေ၏။
…………………………………………………………………………………………………………………………
မနက်မိုးလင်းတော့ ထမင်းဟင်းချက်ရင်းပြုတ်ရင်းနှင့်ပင် စာကျက်နေရပေပြီ။စာကျက်နေရပေမယ့်
စိတ်က ကျောင်းဆီ လွှင့်ဝဲနေပြန်လေသည်။ကျောင်းမှာ အရင်ကထက် စာမလိုက်နိုင်တော့။
ဆရာမတွေ စာသင်ချိန်တိုင်း အိပ်ငိုက်နေတတ်သော ကိုယ့်အဖြစ်ကို ရှက်ချင်လှပြီ။တစ်ခါကလည်း
အိပ်ငိုက်နေတာကို မိသွားလို့  ခုံပေါ်တက် မတ်တပ်ရပ် ခံခဲ့ရ၏။စာတော်သော ညိုလေးကို
ဆရာမတွေကလည်း တော်တော်အံ့သြကြပေလိမ့်မည်။တကယ့် ဖြစ်အင်ကိုတော့ ဘယ်သူကများ သိနိုင်ပါ့မလဲလေ။တွေးရင်း တွေးရင်းနှင့်ပင် စာကျက်ချင်စိတ် ကုန်ခန်းသွားလေပြီ။သည်လို ဘ၀ကို ဖြတ်ကျော်နိုင်ဖို့  အားအင်တွေ ကုန်ခန်းနေပြီလား။ကိုယ့်ကိုယ့်ကိုယ် အားတင်းပြီး အနည်းဆုံး ဆယ်တန်းစာမေးပွဲ အောင်ရန် ညိုလေး ကြိုးစားရမှာပဲလေ။ညိုလေးအတွက် ဆယ်တန်းကို အောင်မြင်စွာနှင့် ကျော်ဖြတ်နိုင်ဖို့ က အရေးကြီးဆုံးပါပဲလေ။
……………………………………………………………………………………………………………………….
မိုး အတန်ငယ် သည်းလို့ လာပေပြီ။
                         ………………………………………..          
အခုတော့လည်း ညိုလေး ကျောင်းမတက်ဖြစ်သည်မှာ ကြာပေပြီ။အခုတလော အမေအိပ်ရာထဲလဲ
တော့ အငယ်ဆုံးကလေးကိုတစ်လှည့်၊အမေ့ကို တစ်လှည့် ပြုစုရင်းနှင့်ပင် တစ်ပတ်ကျော်ကျော်
ကျောင်းမတက်ဖြစ်တော့ပါ။အိမ်ကိစ္စများနှင့် လုံးလည်ချာလည်လိုက်ရင်း ကျောင်းစာကူးရန်ပင်
အချိန်လုယူရလေ၏။

တစ်နေ့ 
ညိုလေး ကလေးလေးကို ချော့မြှူရင်းနှင့်ပင် ကျောင်းလွယ်အိတ်ကို အမှတ်တမဲ့
လှမ်းကြည့်နေမိသည်။ကျောင်းလွယ်အိတ်ကို လွယ်ကာ ညိုလေး ကျောင်းတက်ချင်လှပြီ။
အခုတော့ ကျောင်းတက်ရမယ့် အခွင့်အရေးလေးတောင် လက်လွှတ်ရတော့မလားဟု
တွေးမိရင်း မျက်ရည်များက အလိုလို စီးကျလာမိ၏။ဘာလို့  ညိုလေးကို ကံကြမ္မာက
မျက်နှာသာမပေးပါလိမ့်ဟု တွေးကြည့်လိုက်တော့ ရင်ထဲတွင် လှိုက်ခနဲ ခံစားလာရတော့သည်။
ကျလာသည့် မျက်ရည်ကို လက်ဖမိုးဖြင့် သုတ်ကာ ကလေးလေးကို ဆက်လက်ချော့မြှူနေမိ၏။
………………………………………………………………………………………………………………………..
ခေါင်မိုး အပေါက်သေးသေးလေးမှတဆင့် မိုးရေများတစ်ပေါက်ပေါက် စီးကျလို့ လာပေပြီ။

                             …………………….
ခေါင်မိုးပေါက်မှ စီးကျလာသော မိုးရေများကို ရေပုံးဖြင့်ခံရင်း နေကောင်းပြီးခါစ အမေ့ကို ညိုလေးလှမ်းကြည့်နေမိလေ၏။ဘာလိုလိုနဲ့  ကျောင်းတက်ရတော့မှာလားဟု ညိုလေးတွေးတောနေမိသော်လည်း ရင်ထဲတွင်တော့ လေးလံနေဆဲ။

ထိုအခိုက်
သမီးကြီး ညိုလေးရေအမေဒီနေ့  ခေါင်းအရမ်းကိုက်နေတယ် သမီး၊အမေ့အတွက် ပါရာစီတမော နှစ်ရာဖိုးလောက် သွားဝယ်ပေးဦးကွယ်…”ဟု
အသံဖျော့ဖျော့နှင့်ပင် အမေကညိုလေးကို လှမ်းမှာနေမိ၏။သက်ပြင်းကို မသိမသာရှိုက်လိုက်ရင်း
ညိုလေး ရင်ထဲနင့်ခနဲ့  နာကျင်လာမိ၏။ခေါက်ထီးတစ်လက်ကို ကောက်ကိုင်ဖွင့်ကြည့်ရင်းနှင့်ပင်
ဒီထီးလည်း သုံးထားတာ ကြာသွားလို့ အခုတော့ ဆွေးသွားပြီပေါ့လေ
ဟု မရေမရာ တွေးမိရင်း အိမ်အပြင်ဘက်သို့  ခြေလှမ်းစတင် လှမ်းလိုက်မိလေသည်။


……………………………………………………………………………………………………………………….
အမေ့အတွက် ဆေးဝယ်ပြီးနောက် ညိုလေး၏ အိမ်အပြန်လမ်းတွင် မိုးသည်းထန်စွာ ရွာပေပြီ။
                      …………………………………………..
ရုတ်တရက် လေကြမ်းတစ်ချက် အတိုက်တွင် ညိုလေးဆောင်းထားသော ထီးလေးသည်လည်း
ထီးကိုင်းကော့ကာ လေတိုက်ရာဘက်သို့  လှန်ထွက်လေတော့သည်။

မိုးစက်မိုးပေါက်များသည် ညိုလေး၏ ပါးပြင်ပေါ်သို့  ခပ်ကြမ်းကြမ်းပင် ကျဆင်းလာလေ သည်။ထီးကို ပိတ်ကာ ထီးရိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ညိုလေး လှိုက်လှိုက်လှဲလှဲ ငိုကြွေးနေ
မိ၏။ထို့ နောက် ရှိုက်ကြီးတငင် ငိုကြွေးနေရာမှ မိုးစက်များနှင့်အပြိုင် စီးကျလာသော မျက်ရည်များကို လက်ဖြင့် အဆက်မပြတ်သုတ်သင်ကာ အံကို တင်းတင်းကြိတ်နေမိ၏။
အင့်ခနဲ တစ်ချက်ရှိုက်လိုက်ရင်းနှင့်ပင် ဦးတည်ရာလမ်းဆီသို့  မျှော်လင့်ချက်ကို ခပ်ရေးရေး ဆုပ်ကိုင်ကာ ရှေ့ ဆက်လျှောက်လှမ်း နေမိ၏။

 ခြေလှမ်းများနှင့်အပြိုင် မိုးသည်းထန်စွာ ရွာပေပြီ။
…………………………………………………………………………………………………………………………
အခုတော့ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း မိုးချုန်းသံ တဂျိမ်းဂျိမ်း လွှမ်းမိုးလာလေသည်။
ပတ်ဝန်းကျင်တစ်ခု၏ အောက်တစ်နေရာတွင် လူရိပ်က တရွေ့ ရွေ့  တိုးထွက်လာလေ၏။
မိုးသည်းလို့ မစဲ လေပြီ….

(2009 ခုနစ်၊ဇူလိုင်လက ပြုပြင်မွမ်းမံထားတဲ့ ၀တ္ထုကို 2012 လောက်မှာ ထပ်မံမွမ်းမံပြင်ဆင်ပြီး
ပို့ စ် အနေနဲ့ တင်ဆက်လိုက်ရတာပါ….။)
                                                                            ထော်ဦး(ဘားအံကွန်ပျူတာ)

7 comments:

  1. ကြမ်းတမ်းတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနေသူတို့ရဲ့ ကြုံတွေ့ရမှု အခက်အခဲလေးတွေကို သဘာဝကျကျ ပီပီပြင်ပြင်ရေးထားတဲ့ ဝတ္ထုတိုလေး ဖတ်လို့ကောင်းတယ် ထော်ဦးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အဲလိုကြမ်းတဲ့ဘ၀လမ်းတွေကို ရင်ဆိုင်နေရသူလေးကို
    လေးစားမိပါတယ်

    ReplyDelete
  3. ဖတ်ပြီး သိမ့်ခနဲ ခံစားသွားရတယ်ဆရာ

    ReplyDelete
  4. ကံဆိုးမသွားလေရော မိုးလိုက်လို့ရွာ ဆိုသလို ဖြစ်နေပါပြီး ကိုထော်ဦးရေ။
    ကိုထော်ဦးရေးခဲ့သမျှထဲမှာ ဒီတစ်ပုဒ်ရဲ့ အရေးအသားညက်ညောငြိမ့်ညောင်းမှုကို မြတ် အနှစ်သက်ဆုံးပဲလို့ ဆိုရမယ်။ ညိုလေးရေ.. အားမလျော့ပါနဲ့။ ဘဝဆိုတာ ကြမ်းပါတယ်။ တကယ်ဖြစ်ချင်ရင် တကယ်ကြိုးစားပါ။ ထပ်ကာထပ်ကာကျရှုံးရင် ထပ်ကာထပ်ကာပြန်ပြီး ကြိုးစားပါလို့ပဲ ဆိုချင်ပါတော့တယ်။

    ခင်မင်လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  5. ညိုလေးလို ဘဝတွေ ဘယ်လောက်များမလဲနော်။ ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ညိုလေးတစ်ယောက် ဆယ်တန်းကို ချောချောမောမောအောင်မြင်ပြီး တက္ကသိုလ်ကျောင်းသူကြီး ဖြစ်ခွင့်ရပါစေလို့ ဆုတောင်းမိပါတယ်။

    ReplyDelete
  6. အဲ........အထက်ကသူတွေက ချီးမွမ်းခန်းတွေ ဖွင့်ထားခဲ့တယ်ဆိုတော့ ပြောရမှာ အားနားတယ်ကိုထော်ရေ............။

    စကားပြေအရေးမှာ လိုအပ်ချက် ကွဲလွဲချက်တချို့အား သတိပြုမိခဲ့ပါကြောင်း

    ReplyDelete
  7. ညိုလေးဘ၀ကို သနားမိပါ၏။

    ReplyDelete