“ စ “
ဘားအံ ကွန်ပျူတာတက္ကသိုလ်ကို ကျောင်းစအပ်တဲ့ နေ့ က မှတ်မိပါသေးတယ်။စာရေးမက
ဘယ်လိုကနေဘယ်လို စိတ်ကောင်း ၀င်လာသလဲ မသိတော့ပါဘူး။ကျောင်းအုပ် ဆရာမကြီးနဲ့ 
သွားတွေ့ ဖို့ ရုံးခန်းဆီ ခေါ်ဆောင်သွားလေရဲ့။ရုံးခန်းထဲ ရောက်တော့ ဆရာမကြီးက
ဘယ်ကျောင်းမှာ ဆယ်တန်းအောင်တာလဲလို့ မေးပါလေရော။ ”ဘုရားသုံးဆူမြို့ ကပါ”လို့ 
ကိုယ်ဖြေလိုက်တော့ ဆရာမကြီးက “ကွန်ပျူတာစာတွေက
အရမ်းခက်ခဲတဲ့အကြောင်း၊တော်ရုံတန်ရုံနဲ့ တက်ချင်တိုင်းတက်
လို့ မရနိုင်ကြောင်း၊ဒီနှစ်တော့ တစ်နှစ်လုံးစာကို တစ်ကြိမ်တည်းဖြေရမှာဖြစ်လို့  အရင်ကထက်
နှစ်ဆ စာများနိုင်ကြောင်း” ဆိုပြီး သြ၀ါဒတွေ ချွေလေရဲ့။အင်း၊”မပြိုင်မီက ရှုံးနှင့်သည်”ဆိုတဲ့
စကားကိုတောင်သတိရမိပါသေး။ဘယ်တတ်နိုင်မလဲလေ။ကိုယ့်ထိုက်နဲ့  ကိုယ့်ကံပဲပေါ့။
အဆောင်ကို စစရောက်တဲ့နေ့ ကလည်း ပျင်းလိုက်တာလွန်ရော။အဆောင်မှာ ကိုယ်တစ်ယောက်
တည်းရယ်လေ။အဆောင်နားက တီချယ်တစ်ယောက်ကတော့ ရှိပါရဲ့။မနက်ကတောင် တီချယ်
ကျောင်းစာအုပ် အထူကြီးတစ်အုပ်(physic စာအုပ်)ကို လာပေးသွားသေးတယ်။စာအုပ်ကို
မြင်တော့ ထော်ဦးရဲ့ထုံးစံအတိုင်း မျက်လုံးတွေ ပြူးနေမိပြီ။မြသန်းတင့်ဘာသာပြန်ထားတဲ့
လေရူးသုန်သုန်(Gone with The Wind)နှစ်အုပ်စာကြီးများတောင် ထူသတဲ့လေ။ဒါကြီးကိုသာ
အကုန်သင်ရရင် သေရချေရဲ့။(နောက်တော့ ဘယ်ဟုတ်လိမ့်မလဲ။စာအုပ်ရဲ့ ငါးပုံ ပုံ တစ်ပုံလောက်ပဲ
သင်ရသတဲ့လေ။)
:D
ဒီလိုနဲ့ ပဲ ပထမနှစ် နှစ်စကတည်းက စာကြိုးစားလာလိုက်တာ အတန်းတင် စာမေးပွဲကြီးဖြေတော့
စာတွေ တော်တော်များများ ဖြေနိုင်သား။အောင်စာရင်းထွက်လာတော့ ကိုယ်က Roll- 8။
CT/CS ဆိုပြီး အခန်းတွေ ခွဲလိုက်တော့ ကိုယ်က Roll- 6 တဲ့လေ။ပျော်လိုက်တာ လွန်ရော။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သံလွင်တံတား(ဘားအံ)
“ စာ ”
ဘားအံကွန်ပျူတာ တက္ကသိုလ် ဒုတိယနှစ်ရောက်ပါပြီ။စာအကြောင်းနဲ့ ပတ်သက်ပြီး ကံကောင်း
သွားတာက ပထမနှစ်တုန်းကလို တစ်နှစ်လုံးစာ ကျက်စရာမလိုတော့ဘူး။ပထမနှစ်ဝက်၊ဒုတိယနှစ်
ဝက်ဆိုပြီး ခွဲထားလိုက်တော့ ဘယ်လောက်အဆင်ပြေသွားမလဲဆိုတာ စဉ်းစားသာ ကြည့်ကြပေ
တော့။ဒီတော့ ပထမနှစ်တုန်းကလောက် စာမလုပ်ဖြစ်တော့ဘူးလေ။”စာ…စာ… ကျက်စရာ
မလိုပါ…”လို့ ပဲ ဟစ်ကြွေးလိုက်ချင်ပါရဲ့။ဒီနှစ်တော့အတန်းလစ်ပြီး ကော့ဂွန်းဂူသွားရင်လည်း
ကိုယ်ကပါလာတတ်ပြီလေ။နောက်ထပ် လင်းနို့ ဂူ၊ဘုရင့်ညီနောင်ဂူ၊ကျောက်ကလပ်ဘုရား၊
ဘားအံဈေးနားက ရွှေယဉ်မျှော်ဘုရား၊ဒီ့ထက် အကဲပိုပြီး မော်လမြိုင်မြို့ ကိုတောင် သွားမိပါသေး
။တီချယ်တွေကတောင်
“ထော်ဦးတို့ ကတော့ ပထမနှစ်တုန်းကလို မဟုတ်တော့ဘူး။ကျောင်းပြေးတတ်နေပြီ”
လို့  ပြောနေကြလေရဲ့။ဟုတ်တော့လည်း ဟုတ်ပေသားပဲ။ပထမနှစ်တုန်းက အတန်းတက်ချိန်
တစ်ရာ ရာခိုင်နှုန်း နီးပါးရဖူးတဲ့သူဆိုတော့လေ။ဒီလို ကျောင်းပျက်လာတော့လည်း တီချယ်တွေက
အံ့သြကုန်ကြတာ မဆန်းဘူးထင်တယ်။တီချယ်တွေကိုတောင် ပြောချင်ပါသေး။ လူဆိုတာ
ပြောင်းလဲတတ်တဲ့ သတ္တ၀ါပဲမို့ လား ဆိုတာကိုလေ။
ဘားအံဈေးနားက ရွှေယဉ်မျှော်ဘုရား
ဘားအံဈေးနားက ရွှေယဉ်မျှော်ဘုရား
:D
ဒီလောက်နဲ့  အားမရသေးဘဲ သင်္ကြန်တွင်းကျောင်းပိတ်ပြီး ပြန်ဖွင့်တဲ့အခါရောက်တော့
ကျောင်းမတက်သေးဘဲ နယ်မြို့ က အိမ်မှာ တစ်လနီးပါး အနားယူမိပါလေရော။ဒီတော့
ကျောင်းလာတက်တော့မှပဲ သင်ထားတဲ့ စာတွေကို လက်ညောင်းသွားအောင်
ကူးပေရော့။လက်နဲ့ ကူးမနိုင်တဲ့ စာတွေကိုလည်း မိတ္တူဆွဲ ပြီး
အလုပ်ရှုပ်နေမိပြန်ရော။တစ်ချို့ စာတွေကျတော့ သင်ထားလိုက်တာ တော်တော်ကြီးကို
ခရီးပေါက်နေပြီ။ဒီကြားထဲ လပတ်စာမေးပွဲ ဖြေရမယ်ဆိုတော့ ကျွဲလို နွားလို
ရုန်းပေတော့ပေါ့။သူငယ်ချင်းတွေကို အချိန်အားရတာနဲ့  စာမေးတော့တာပဲ။သူတို့ တွေလည်း
တော်တော်စိတ်ညစ်သွားမယ် ထင်ပါရဲ့။
“နင် အဲဒီလို ကျောင်းများများပျက်၊ကြားလား…၊ငါတို့ သာ မကူညီရင် နင်တော့ ဘယ်
ဘ၀ရောက်သွားနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် တွေးစမ်းကြည့်တော့”
လို့ လည်း အခွင့်အရေးရတုန်းရခိုက် ကိုယ့်ကို ဖဲ့တဲ့တဲ့ စကားတွေနဲ့ 
ထိုးနှက်နေလေရဲ့။ဘယ်တတ်နိုင်မလဲလေ။ကိုယ့်ထိုက်နဲ့  ကိုယ့်ကံပဲပေါ့။
:D
ဒီလို နဲ့ ပဲ…
ကိုယ့်ထိုက်နဲ့  ကိုယ့်ကံက ဘယ်တော့များမှ ကုန်သွားမလဲ မသိတော့ပါဘူး။အခုထိတောင် အဲဒီ
ကံက ရှိနေတုန်းပဲလေ။စာမကျက်မိတဲ့ အပြစ်လို့ ပဲ ဆိုရမလားပဲ။ဒါတောင် လပတ်စာမေးပွဲတွေ
ဖြေထားရက်နဲ့ ။ အတန်းတင်စာမေးပွဲ ဖြေရတော့မယ့် အချိန်ရောက်တော့ တစ်ချိန်က
ကျက်ထားတာလေးတွေတောင် ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ရော။ဒီဦးနှောက်က
ချီးဦးနှောက်ပဲ။တွက်စာမှာတော်သလောက် ကျက်စာကျတော့ ညံ့ချက်က ကမ်းကုန်ပါပဲ။ဘယ်တတ်နိုင်မလဲ။စာတွေကို နိုင်သလောက်ကျက်တော့ပေါ့။ဒါပေမယ့် လောဘက ကြီးချင်သေးတော့ ဟိုစာလည်းကျက်ချင်၊ဒီစာလည်း ကျက်ချင် ဖြစ်နေပြန်ရော။စာမေးပွဲ ဖြေဖို့ လည်း ဖင်နားကပ်နေပြီ။ကဲ…ဟာ…၊ရသလောက်ကျက်ပြီး ကျက်သလောက်ပဲ ဖြေတော့မယ်။
:D
အတန်းတင်စာမေးပွဲ ဖြေရမယ့်နေ့ ရောက်တော့….။တွက်စာသက်သက် ဖြေရမယ့် ဘာသာရောက်ရင် ကိုယ်က အေးအေးဆေးဆေး ဖြစ်နေတတ်တယ်။တွက်စာနဲ့ ကျက်စာ ဖြေရမယ့် ဘာသာကျတော့ အမှတ်တွေ ပေါင်းပေါင်းပြီ အောင်ပါစေ…အောင်ပါစေ…လို့ ဟစ်နေမိပြန်ရော။ကျက်စာတွေပဲ ဖြေရမယ့်နေ့ ရောက်တော့ ……။စာမေးပွဲမဖြေခင် မီးကုန်ယမ်းကုန် အသံကုန်ဟစ်ပြီး ဖင်ပူခေါင်းပူနဲ့  စာကုန်းကျက်ဖြစ်ပါရဲ့။ဒီလိုနေ့ ရောက်တော့ လူကခပ်ကြောင်ကြောင်ဖြစ်နေပြီ။စာကျက်ရင်းနဲ့ 
”စိတ်ညစ်တယ်၊စိတ်ညစ်တယ်”
”စိတ်ညစ်တယ်၊စိတ်ညစ်တယ်”
ဆိုပြီး အော်ငစ်မိသလို ”တဟားဟား…” နဲ့ အသံ အစွမ်းကုန်ဖွင့်ပြီး အော်ရယ်နေမိတဲ့အထိ
စိတ်ဂနာမငြိမ် ဖြစ်နေမိပြန်ရော။ကျက်စာ ဖြေတဲ့အချိန်ရောက်တော့ ကောင်းကောင်းရမယ်ထင်တဲ့
စာတွေတောင် လုံးစေ့ပတ်စေ့ မမှတ်မိပြန်ဘူး။ဒီတော့ ကျက်စာနဲ့ ဂွိရောပေါ့။စာမေးပွဲခန်းထဲကနေ
ရှုတ်ရှုတ်မဲ့မဲ့နဲ့ ထွက်လာဖြစ်တဲ့အထိပါပဲ။ဘယ်တတ်နိုင် မလဲလေ။ကိုယ်တစ်ယောက်တည်းမှ
မဟုတ်ဘဲ။ဖြေမရတဲ့ သူတွေတောင်ရိုက်သတ်လို့ များတောင် မကုန်မှတော့ ဘာမှဝမ်းနည်းနေစရာ မလိုပါဘူးလေ။ဒီလို တွေးနေမိပေမယ့် စိတ်ထဲမှာတော့ တနုတ်နုတ်နဲ့ မခံမရပ်နိုင် ဖြစ်နေဆဲပါပဲလေ။
:D
ဒုတိယနှစ် အောင်စာရင်းထွက်လာတော့မှပဲ သက်ပြင်းချ လိုက်မိတော့တယ်။စာမေးပွဲတော့
အောင်ပေမယ့် Roll တော့ ကျသွားပါရဲ့။အမှတ်စာရင်း အနည်းအများပေါ် မူတည်ပြီး Rollနဲ့ ခွဲတော့
Roll-6 ကနေ Roll- 11အထိ ကျသွားလေရဲ့။ဘာပဲဖြစ်ဖြစ် Roll- 11(eleven)ရတာကပဲ
ကံကောင်းတယ်လို့ ပြောရမယ်။eleven(အလဲဗန်း) “အလန်းဘဲ” လို့  ကိုယ့်ကိုယ်ကိုယ်
ကြွားကြည့်တော့ သူငယ်ချင်းတွေကတောင် အော့နှလုံးနာပြီး မနာလိုတောင် ဖြစ်နေကြသေး။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ကွန်ပျူတာကျောင်းအရှေ့  ကျောင်းအနောက် မြင်ကွင်းလယ်ကွင်းပါပဲ)
( ကွန်ပျူတာကျောင်းအရှေ့  ကျောင်းအနောက် မြင်ကွင်းလယ်ကွင်းပါပဲ)
“ စား ”
တတိယနှစ်ရောက်တော့ လူက ပိုပြီးလွတ်လပ်လာနေပြီ။သူငယ်ချင်းတွေနဲ့  အပြင်ထွက်ကြပြီး
ဆိုရင် စားစရာတွေ စားဖို့ ပဲ။ငွေကို ပက်ခနဲ့ ပက်ခနဲ့ အသုံးကြမ်းပုံကလည်း မပြောပါနဲ့ 
တော့။အဲဒီလို အသုံးကြမ်းလို့ လည်း လကုန်ခါနီးကျရင် ဘိုင်ပျက်တော့တာပဲ။သူငယ်ချင်းတွေဆီ
ဟိုချေးဒီချေးလုပ်ရအောင်လည်း ဘ၀တူတွေ ဖြစ်နေပြန်တော့ ချေးဖို့ မလွယ်ပြန်ဘူး။လူကလည်း
အဲဒီအချိန်ကျရင် နေမထိ ထိုင်မသာဖြစ်ပြီး ဖျားချင်ချင် ဖြစ်လာနေပြီ။”အိမ်ကို သတိရလိုက်တာ”လို့  အဆောင်ထဲမှာ အဲဒီအသံတွေ ဆူညံနေကြရင် အထင်မကြီး လိုက်မိစေနဲ့ ။ ငွေပျက်မှ အိမ်ကိုသတိရနေကြတဲ့ သူတွေလေ။ဒီတော့ စားချင်တာတွေကို ခွက်ဆွဲပြီး တောင်းစားမှ အဆင်ပြေမယ့် အဖြစ်ပဲပေါ့။ဒီလိုနဲ့  တယ်လီဖုန်းဆိုင်မှာဖုန်းဖိးုအကြွေးထားပြီး အိမ်ကို လွမ်းလွမ်းဆွေးဆွေးနဲ့  ခိုညည်းသလို
ညည်းပြလိုက်တော့တာပဲပေါ့။
:D
ကဲ…ဘယ်တတ်နိုင်မလဲ။အခုတော့ ငွေရောက်လာပြီလေ။”သားသားစားချင်တာ စားလို့ ရပြီ”
လို့ ပြောနိုင်ပါပြီ။ဒါပေမဲ့ အခုတလော ကျောင်းဘေးက ကင်တင်းနှစ်ခုလုံးကလည်း ကိုယ့်အတွက်
အဆင်မပြေဖြစ်နေပြီ။တစ်ဆိုင်က ဒီရက်ပိုင်း အတွင်း ရာသက်ပန် ပိတ်တော့မယ်လေ။ကျန်တစ်
ဆိုင်ကလည်း လက်ရာကောင်းပေမယ့် ဆိုရှယ်တော့ မကောင်းရှာဘူး။အရင်နှစ်တုန်းကတောင်
သူ့ ဆိုင်မှာ လခပေးပြီး စားဖြစ်ပါသေးရဲ့။လူရှေ့ သူရှေ့ ကျတော့ သားလေး လိုက်ပွဲထည့်စား ပါဦး
ညာဦးနဲ့  ကွယ်ရာကျတော့ ကိုယ့်ကို ရသမျှ စားပိုးနင့်အောင် အသေစားသလေး ဘာလေးနဲ့ အတင်းအုပ်လေတော့နောက်ပိုင်း လက်လန်ပြီး သွားမစားဖြစ်တော့ဘူး။ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်မှာ စားလို့ ရပေမယ့် အဲဒီဆိုင်က ကြောင်အကောင် ဆယ်ကောင်ကျော် မွေးထားတယ်လေ။အစာစားတိုင်း ကိုယ်ပေါင်ပေါ်တက်ပြီး အတင့်ရဲနေကြတဲ့ ကြောင်တွေကို ရွံလွန်းလို့ လည်းသွားမစားဖြစ်ပြန်ဘူး။ဒီတော့လည်း “မချစ်ပေမယ့်အောင်ကာနမ်း”ဆိုသလို အဲဒီနှစ်ဆိုင်ကိုပဲ တစ်လှည့်စီစားဖြစ်တော့တယ်လေ။
:D
ဒီလိုနဲ့ ပဲ လူကပိန်သထက် ပိန်လာ။အစာစားချင်စိတ်လည်း ကုန်ခန်း။တပိန်ပိန် တလိန်လိန်
နဲ့  ဖြစ်လာလိုက်တာ မကျန်းမမာဖြစ်ပြီး အိပ်ရာထဲ လဲတဲ့အထိ။ဒီတော့ စားချင်တိုင် မစားရနဲ့ 
dripတွေသွင်းပြီး ဆေးတွေ တစ်ပုံတစ်ခေါင်းနဲ့ သောက်ရတော့တာပဲ။တီချယ်တစ်ယောက်က
တော့ ကြက်သားစွပ်ပြုတ် ယူလာပေးရင်းနဲ့ 
“ငွေကုန်မှာစိုးပြီး အစားအသောက်တွေ ချွေတာမစားပါနဲ့ သားရယ် ”
လို့  အားပေးစကား ပြောနေလေရဲ့။အကြောင်းရင်းကို မသိလို့  တီချယ်ဒီလို ပြောလာတာလို့ ပဲ
အန်ကြိတ်တွေးရင်း ကြက်သားစွပ်ပြုတ်ကို အငမ်းမရ သောက်နေမိပါရဲ့။အင်းလေ၊အစာ စားတဲ့ကိစ္စ
တစ်ခုတည်းနဲ့  ဒီလိုရောဂါဖြစ်မယ်လို့ ဘယ်သူကများ ကြိုတွေးမိလိမ့်မလဲလေ။
နောက်တစ်ခါကျရင်တော့…
“မစားချင်လည်း စား၊ရွံနေရင်လည်း စား ၊စိတ်ကုန်နေရင် စား၊အမြဲပဲစား။”
“ စ…စာ…စား ”
ထော်ဦး(ဘားအံကွန်ပျူတာ)
၂၀၁၃၊စက်တင်ဘာလ ၄ရက်နေ့ ထုတ် Women's World Journal
(ဖြစ်ရပ်မှန်၉၀ ရာခိုင်နှုန်းဖြင့် ရောမွှေထားသော ဇာတ်လမ်းဖြစ်ပါကြောင်း ၀န်ခံလျက်….
ဇာတ်ကောင်အာလုံးနီးပါး အပြင်မှာ တကယ်ရှိပါသည်။ကင်တင်းလည်း ထို့ အတူပင်။
အစာသွတ်သင့်သည့် နေရာအနည်းငယ်သာ အစာသွတ်ထားပါသည်။)
ဇာတ်ကောင်အာလုံးနီးပါး အပြင်မှာ တကယ်ရှိပါသည်။ကင်တင်းလည်း ထို့ အတူပင်။
အစာသွတ်သင့်သည့် နေရာအနည်းငယ်သာ အစာသွတ်ထားပါသည်။)
ဒီတသက်မရောက်တော့ပါဘူးထင်နေတာနော့
ReplyDeleteထော်ဦးကျေးဇူးကြောင့်သာရောက်
ခဲ့ရပြန်ပြီ
ပုံတွေလှလိုက်တာရှင် ဗဟုသုတလဲရတယ်
အဲကျောင်းကို သွားရင် ကျနော်တို့ ဖိုးလေး အိမ်ရှေ့ကပဲ ဖြတ်သွားရတာ။
ReplyDeleteကျနော်တော့ မရောက်ဖူးပါဘူး။ တစ်ခေါက်တော့ ကျောင်းရှေ့က ဖြတ်သွားဖူးတယ်။
လေးစားလျှက်
ရီနိုမာန်
ဆရာရေ............
ReplyDelete၀တ္ထုအဖြစ်လက်ခံဖို့ အတန်ငယ်ခက်ခဲတယ်လို့ ထင်ပါတယ်။ ဖူးငုံရဲ့ ကောလိပ်ဂျင်ကဏ္ဍကို ပို့ဖို့ အကြံပေးပါတယ်။ ဓါတ်ပုံလေးတွေ တော်တော်ကြိုက်တယ်ဆရာ။
အကိုတင်ထားတဲ့အပုံတွေအရမ်းလှတယ်။
ReplyDelete