ပထမပိုင်း ဖတ်ရှုရန် -
http://htawoo.blogspot.com/2013/08/blog-post_3258.html
ဒုတိယပိုင်း ဖတ်ရှုရန် -
http://htawoo.blogspot.com/2013/09/blog-post_15.html
(၅)
အိပ်မက်ထဲကနေ လန့် နိုးလာတော့ ဇောချွေးတွေ ပြန်လာလေပြီ။ဘာဖြစ်လို့ များ ဒီလို အိပ်မက်တွေ ကျွန်မ ခဏ ခဏ မက်နေရတာလဲ။အတိတ်က အဖြစ်အပျက်တွေကို ကျွန်မ ဘာလို့ ဆက်မက်နေရတာလဲ။ ဒီအိပ်မက်ဆိုးတွေ ဆက်မမက်ဖို့  ကျွန်မ တားရပေလိမ့်မည်။နှလုံးသားနှင့် ရင်းပြီး ကျွန်မ တားဆီးနိုင်ရမည်။တစ်ဆက်တည်းတွင်ပင် အဖေ အိမ်ပေါ်မှ ဆင်းသွားခဲ့သည့်နေ့ က ပြောခဲ့ဖူးသော စကားကို ပြန်ကြားယောင်လာမိတော့သည်။
@
ထိုအချိန်မှ စ၍ တစ်ခါတစ်ရံမှသာ အဖေ ကျွန်မဆီ အလည်လာဖြစ်တော့သည်။နောက်အိမ်ထောင်နှင့် အဖေမွေ့ လျှော်နေခဲ့ပြီလား။အမေနှင့် ကွာရှင်းသွားခဲ့ပြီး ဖြစ်သည့်အတွက် အဖေပျော်နေရှာမည်လားဟု ကျွန်မတွေးမိရင်း စိတ်ထဲ မွန်းကျပ်ပိတ်လှောင်မှုတွေ ၀င်ရောက်လာခဲ့ရသည်။သို့ သော်လည်း ဘ၀ဆိုသည် ကံဆိုးမှုများ တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်ချုပ်နှောင်တတ်သည်ပဲလေ။
အဖေ အိမ်ထောင်သစ် ထူထောင်ပြီးသည့် နောက်ပိုင်း တစ်နှစ်မျှပင် မပြည့်ရှာသေးပါ။ အမေသည်လည်း နောက်အိမ်ထောင်ပြုဖို့  တာစူနေပြီလေ။အမေ့ငယ်သူငယ်ချင်း ဦးလေးတစ်ယောက်နှင့် အိမ်ထောင်ပြုတော့မည် ဟု ကျွန်မကို အသိပေးလာစဉ်က ကလေးပီပီ ကျွန်မ ငိုကြွေးခဲ့မိသည်။ထိုထက် ပိုဆိုးသည်မှာ ကျွန်မကို အဘွားနှင့်အတူ ထားရစ်ခဲ့ခြင်းပင်။ကျွန်မကို ထားရစ်ခဲ့သည့် ညက မိုးသည်းည တစ်ည…။
အမေတို့  ကားစက်နှိုးနေသည့် အသံကို ကြားလိုက်ရသောအခါ ကျွန်မမျက်ရည်တွေ စီးကျလာပေပြီ။အဖေ့လို အမေလည်း ကျွန်မကို ခွဲသွားပြီပဲလေ။ထိုညက မိုးသည်းသည်းထဲတွင် မိုးရေစိုရွှဲကာ ငိုယိုမိတော့သည်။မနက်ကျတော့ ကျွန်မ နေမကောင်း ဖြစ်ခဲ့ရသည်။ကျွန်မ နေမကောင်းမှန်း သိရက်နှင့်
ဘာလို့ များ အမေ ကျွန်မဆီ မရောက်လာနိုင်ပါလိမ့်ဟု စိတ်မကောင်းခြင်း ကြီးစွာ တွေးခဲ့မိသေးသည်။ အဘွားတစ်ဦးတည်းသာ ကျွန်မ အနီးတွင် နေပြီး ကျွန်မကို အလိုလိုက် အကြိုက်ဆောင်ကာ ပြုစုစောင့်ရှောက်ခဲ့ရသည်။
အဖေနှင့် အမေကတော့ ကျွန်မဆီ သုံးလေးလတစ်ကြိမ် အလည်လာဖြစ်ပြီး တစ်ကြိမ်အလည်လာဖြစ် လေတိုင်း တစ်ညနှစ်ညလောက်သာ တည်းခိုတတ်သည်။ငွေကိုတော့ လစဉ်လတိုင်း ပို့ ပေးတတ်ဆဲပင်။ နောက်ပိုင်းနှစ်များတွင်တော့ သူတို့ မိသားစုထဲတွင် ကျွန်မထက် ချစ်ရမည့်သူတွေ တိုးပွားလာပြီမို့  ကျွန်မဆီလည်း တစ်နှစ်နေမှ တစ်ခေါက်လောက်သာ အလည်လာဖြစ်တော့သည်။ကျွန်မ ဘေးနားတွင် အဘွားမှလွဲ၍ မည်သူမျှ မရှိ။ငယ်စဉ်က အဘွားသာ မရှိလျှင် ကျွန်မ မည်သို့  အသက်ရှင်နိုင်မည်လိမ့် ဆိုပြီး မကြခဏ တွေးတောမိသည်အထိပင် အဘွားကို ချစ်နေမိတော့သည်။
@@@
အတိတ်ဆီသို့  မျှော်ကြည့်ရင်း မောဟိုက်ချင်လှပြီ။
ယခုတော့သူတို့ မိသားစု သူတို့ သားသမီးများနှင့် ပျော်ရွှင်နေကြမည်ကို တွေးမိတိုင်း ကိုယ့်ကိုယ်ကို အထီးကျန်ဆန်စွာ ဖြစ်နေမိသည်။
ထိုအထီးကျန်ဆန်မှုတွေ ပျောက်ကင်းနိုင်မည်အထင်နှင့် တွယ်တာမိသည့် သူကလည်း အခုတော့ အဖေ့လို ယောင်္ကျားမျိုးပဲလေလား။သေချာတာကတော့ သူ့ ကြောင့် ကျွန်မကို လူတွေ အထင်လွဲနေကြပါပြီ။ ဒီတော့လည်း အတိတ်က အဖြစ်အပျက်တွေကို ချေဖျက်နိုင်ဖို့ အတွက် ကျွန်မ တားနိုင်ရမည်။ နှလုံးသားနှင့်ရင်းပြီ ကျွန်မ တားဆီးနိုင်ရမည်ပဲလေ။
@@@@@@@@@@
(၆)
သူကိုယ်တိုင် ခေါက်ထားပေးသည့် ကြိုးကြာစက္ကူငှက်ရုပ်ကလေးတွေက ဖန်ပုလင်းထဲမှာ ပျော်မြူးနေကြမလားပဲ။ဒါပေမဲ့ ကျွန်မရင်ထဲ နာကျင်နေမိပြီ။သူ ပေးလာသော ဖန်ပုလင်းကို ကျွန်မ မလိုချင်။ကျွန်မလက်ထဲ ရောက်နေသည့် ဖန်ပုလင်းက ကျွန်မကို သနားဟန် ပြနေမလားပဲ…။
ဒါပေမဲ့…။
ကျွန်မ သူ့ ကို မော့ကြည့်ပြီး အသံခပ်ပြတ်ပြတ် ပြောလိုက်တော့၏။
“ဒီလောက်ဆို တော်လောက်ပြီ ထင်တယ်…၊နွေကို ဘာမျှော်လင့်ချက်မှ
ထပ်မပေးပါနဲ့ တော့…”
“ဘာဖြစ်လို့ လဲ နွေ…”
သူ၏ အက်ရှရှ အမေးကြောင့် ကျွန်မ ဟန်လုပ်ပြီး ရယ်မောပစ်လိုက်သည်။
“ ဟင်း ဟင်း…အမှန်အတိုင်း ၀န်ခံရရင် နွေလေ ဘယ်ယောင်္ကျားကိုမှ အယုံအကြည် မရှိဘူး…၊ဒီလောက်ဆို အဖြေသိလောက်ရောပေါ့”
သူ ပေးလာသော ဖန်ပုလင်းကို နှလုံးသားနှင့်အတူ ကွဲကြေဖို့  ကျွန်မ လွှတ်ချပစ်လိုက်တော့၏။ ဖန်ပုလင်းကွဲသွားသည့်အသံက နှလုံးသားကွဲကြေသွားသော အသံနှင့် ထပ်တူကျနေမလားပဲ။ ရီဝေေ၀ ကြည့်နေသော သူ့ အကြည့်ကို ရှောင်ဖယ်လို့ ကျွန်မ လှည့်ထွက်ကျောခိုင်းပြီး ထွက်ပြေးမိသည်။
ထွက်ပြေးရင်းနှင့်ပင် စီးကျလာသော မျက်ရည်စီးကြောင်းများက အတားအစီးမဲ့စွာ လိမ့်ဆင်းလို့ …။
@
ဒီညတော့ ဖြူက ကျွန်မတို့ နှစ်ဦးအကြောင်း မေးလာလေသည်။ကျွန်မဘ၀၏ အတိတ်က မိုးသည်းညကို ဖြူ့ အား ပြောပြဖို့  အခြေအနေတွေ ဖန်လာပြီပဲလေ။ရှိသမျှခွန်အားတွေ စုစည်းပြီး ကျွန်မ ဖြူ့ 
ရှေ့ မှာ အန်ထုတ်မိတော့သည်။
“ငါ့ရဲ့ အနီးကပ်ဆုံး ယောင်္ကျားဖြစ်တဲ့ ငါ့အဖေတောင် ငါ့အမေအပေါ် မရိုးသားဘူး ဖြူ…၊ အဖေအိမ်ပြန်ရောက်ရင်လည်း အမေနဲ့ တကျက်ကျက် ရန်ဖြစ်နေကြတာကို ငါ့လို ကလေးမလေး တစ်ယောက်က ဘယ်လို ခံစားရမလဲ ဆိုတာ သူတို့ တွေ မသိခဲ့ကြဘူး…၊အဖေ အိမ်ပေါ်အပြီး ဆင်းသွားတုန်းက မိုးတွေ သည်းကြီး မဲကြီး ရွာနေတဲ့ ညပဲ…၊ပြီးတော့လေ…အမေ ငါ့ကို အဘွားနဲ့ ထားသွားတုန်းကလည်း အဲဒီ မိုးသည်းညပဲ…၊ အဖေသာ တခြား မိန်းမတစ်ယောက်နဲ့  မဖောက်ပြန်ခဲ့ရင် ငါတို့ မိသားစုတွေ ဒီလို တကွဲတပြားစီ ဖြစ်လာမှာ မဟုတ်ဘူး…၊အမေလည်း နောက်အိမ်ထောင်ပြုသွားမှာ မဟုတ်ဘူး….၊ငါလေ…ငါ…ဟင်း…ဟင်း…”
ပြောချင်သည့် စကားတွေ ရင်ပြည့်လို့  ဆို့ တက်လာလေပြီ။မျက်ရည်တဖြိုင်ဖြိုင် စီးကျနေသည်ကို ကျွန်မ မထိန်းချုပ်နိုင်တော့ပါ။ဖြူက ကျွန်မဦးခေါင်းကို ပွတ်သပ်ပေးရင်း
“နင့်အဖေလည်း ဒီလို ဖြစ်အောင် လုပ်ချင်တာ မဟုတ်ပါဘူး နွေရယ်…၊ အိမ်ထောင်ရေးဆိုတာ တစ်ခါတလေကျတော့လည်း ကိုယ်မထင်ထားတာတွေ ဖြစ်တတ်တယ်လေ…၊နင်လည်း ပြီးခဲ့တဲ့ အတိတ်တွေကို ခံစားပြီး ၀မ်းနည်းမနေပါနဲ့ တော့ နွေရယ်…”
ဖြူက ကျွန်မကို ချော့သိပ်ပြီး ကျွန်မနှင့်အတူ ရောငိုနေမိတော့သည်။ဘ၀မှာ ကံဆိုးခဲ့ဖူးသည့် ကလေးမလေးတစ်ယောက်က အချစ်ကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ပါ့မလဲလေ။ဘယ်လိုပဲ ဖြစ်ဖြစ်
သူနှင့်ကျွန်မတို့ နှစ်ဦးစလုံး၏ ဇာတ်လမ်းလေးလည်း ဒီညကစပြီး အားလုံး ပြီးဆုံးသွားခဲ့ပြီပဲလေ…။
@@@@@@@@@@
(၇)
သူနှင့် ဝေးခဲ့ရပြီးနောက်ပိုင်း အိပ်မပျော် စားမ၀င်သည့် ဝေဒနာတစ်ရပ်ကို ကျွန်မ ခံစားနေရပါပြီ။ည ည အိပ်ပျော်နိုင်ဖို့  ကြိုးစားရင်း ဟိုလူးဒီလိမ့်နှင့်ပင် သူ့ ကို သတိရလာမိကာ မျက်ရည်တွေလည်း စီးကျလို့ …။ ကျွန်မ ရူးများ ရူးသွားခဲ့ပြီလား။
တစ်ခါတလေ ဖြူနှင့် စကားပြောဖြစ်ရင်း မရည်ရွယ်မိပါဘဲ သူ့ အကြောင်း စကားဆက်မိလေတော့ ကျွန်မ အလိုလိုနေရင်း မျက်ရည်တွေ စီးကျချင်လာမိပြီ။ဖြူ့ ရှေ့ မှာ မျက်ရည် မကျမိအောင် မျက်တောင်ကို တဖျတ်ဖျတ် ခတ်ရင်း ဖုံးဖိနေရသည်နှင့်ပင် ကျွန်မ ရင်ထဲ မောပန်းလှပါပြီ။
တစ်နေ့ က သူနှင့် ကန်တင်းမှာ ဆုံဖြစ်တော့ ကျွန်မမှာ စိတ်တွေ လှုပ်ရှားပြီး မျက်နှာဘယ်လိုထားရမည်မှန်း မသိအောင် အသံရှုရ မွန်းကျပ်လာတော့သည်။နောက်ပိုင်း ရက်များတွင်တော့ သူလည်းပဲ ကျွန်မရှိရာ ကန်တင်းကို ရှောင်တတ်လာပြီလေ။သူနှင့်မတွေ့ ဖြစ်သော်လည်း ခံစားရသည့် ဝေဒနာမီးက မချုပ်ငြိမ်းသွားသေးပါဘူး။မမေ့ပျောက်နိုင်သေးဘဲ ခံစားနေရသည့် ကိုယ့်အဖြစ်ကိုလည်း မကျေမချမ်း ဖြစ်နေရ၏။မျက်ရည်တွေလည်း ပါးပြင်ထက် တစ်ဖန် စိုကျလို့ လာနေပြီလေ။ဒီဝေဒနာကို ခံစားနေရလွန်းလို့  လူလည်း ပိန်ပါးနွမ်းဖျော့လာပါပြီ။
@@@
မိုးသည်းည…။
ဖြူနှင့်အတူ ဆိုင်မှာ ထမင်းစားနေခိုက် ကလေးမလေးတစ်ယောက် ရောက်လာပြီး ဖြူ့ ကို
“အစ်မ ဖြူဖြူခိုင်အိမ်က ဖုန်းလာတယ်”
ဆိုပြီး အကြောင်း လာကြားလေသည်။ဖြူလည်း တစ်လက်တည်း ပါလာသည့် ထီးကို ကမန်းကတန်း ကောက်ယူကာ ဆိုင်အပြင်ဘက်သို့  ထွက်ခွာသွားတော့သည်။အပြင်ဘက်တွင်တော့ မိုးသည် ရွာကောင်းကောင်းနှင့်ပင် ရွာသွန်းဆဲ…။
ထမင်းစား၍ ပြီးစီးသွားသော်လည်း ဖြူက ပြန်မရောက်သေးပါ။ထီးယူသွားခဲ့သည့် ဖြူ ပြန်အလာကို ဆက်စောင့်လိုက်လျှင် ကောင်းမလား…၊ဒီအတိုင်း အဆောင်ကို ပြန်လျှင် ကောင်းမလား…ဆိုပြီး ကျွန်မ တွေးနေမိတော့သည်။ဖြူက အိမ်ကို ဖုန်းဆက်လျှင် နာရီဝက် တစ်နာရီလောက် ကြာတတ်သည့် သူလေ။
ထို့ အပြင် ဆိုင်ထဲမှာလည်း ယောင်္ကျားလေးတွေ အ၀င်အထွက် များနေပြီမို့ ဆက်စောင့်ချင်စိတ် မရှိတော့ပါ။
အပြင်ဘက်ဆီမှ မိုးတွေ သည်းကြီးမဲကြီး ရွာသွန်းနေသည်ကို မျှော်ကြည့်ရင်း သူ့ ကို အကြောင်းတရား တိုက်ဆိုင်စွာ သတိရလာမိသည်။အားလုံး ပြီးဆုံးသွားပြီ ပဲလေ…ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း မိုးရေထဲ ပြေးထွက်မိတော့သည်။ပြေးလွှားရင်းနှင့်ပင် သူနှင့် စတင် ဆုံတွေ့ ခဲ့ဖူးသည့် မိုးသည်းည တစ်ညကို မျက်စိထဲ ပြန်လည်မြင်ယောင်လာတော့သည်။
အို…။
ကျွန်မအခုအချိန်ထိ သူ့ ကို မမေ့ပျောက်နိုင်သေးသည်ပဲလေ…။
ထိုအခိုက်…။
သူ့ အကြောင်း တွေးတောရင်း မိုးရေထဲ ပြေးလွှားနေသည့် ကျွန်မခေါင်းပေါ် အုပ်မိုးလာသော အရာတစ်ခုက သတိမထားမိပါဘဲ ရောက်ရှိလာတော့သည်။ဖျတ်ခနဲ အသိတစ်ချက် ၀င်လာကာ အုပ်မိုးလာသည့် အရာတစ်ခုကို မော့ကြည့်လိုက်မိတော့…။
ထီး…။
ကျွန်မကို ထီးမိုးပေးသော လူကို လှည့်ကြည့်လိုက်မိတော့…။
သူ…။
ကျွန်မ ထွက်ပြေးရန် ဟန်ပြင်မိသော်လည်း သူက လက်ကို ဖမ်းဆွဲကာကျွန်မကို စိုက်ကြည့်လို့ …
“နွေ တော်တော် ပိန်သွားတာပဲနော်…”
ဟူ၍ စိတ်မကောင်းသည့် လေသံဖြင့် ပြောလာတော့သည်။ကျွန်မကိုယ် ကျွန်မ ပြန်လည်
ငုံ့ ကြည့်လိုက်မိတော့ ခံစားချက်တွေ အတားအဆီးမဲ့စွာ သွန်ထွက်လာသလို မျက်ရည်တွေလည်း ခိုတွဲလာပြီလေ…။သူကတော့
“ဖြူ ကိုယ့်ကို ပြောပြလို့  ကိုယ် နွေအကြောင်း သိပြီးသွားပြီ…၊ကိုယ်နဲ့  လမ်းခွဲပြီးကလည်းက နွေ ညည တိတ်တိတ်လေး ငိုနေတာကိုလည်း ကိုယ် သိထားတယ်…၊တကယ်တော့ ကိုယ် နွေကို ချစ်နေမိပေမယ့် ဖွင့်မပြောရဲခဲ့ဘူး…၊အခုတော့ ကိုယ်ပြောရဲပါပြီ….ကိုယ် နွေ့ ကို သိပ်ချစ်တယ် နွေရယ်…”
မထင်မှတ်ထားသည့် သူ့ အပြောကြောင့် ကျွန်မ သိမ်ငယ်စွာဖြစ်ရင်း မျက်ရည်တွေ ပြိုကွဲ စီးကျလာလေတော့သည်။
သူ့ ကို မော့ကြည့်ကာ နှလုံးသားတွေ တဆတ်ဆတ် တုန်ခါ နေမိပြီလေ….။
“နွေ့ အဖေလိုတော့ ကိုယ်မလုပ်ရပ်ဘူးဆိုတာ ကိုယ်ကျိန်ပြောရဲတယ်…၊တကယ်တော့
နွေ့ ဖေဖေလည်း ရန်ဖြစ်နေရတဲ့ အိမ်ထောင်ရေးကို စိတ်ကုန်လို့  တခြားတစ်ယောက်နဲ့  ခုလို ဖြစ်သွားတာပဲလေ…ပြီးသွားခဲ့တဲ့ ဇာတ်လမ်းကို နွေ ဘာဖြစ်လို့  စိတ်အပင်ပန်းခံပြီး တွေးနေရတာလဲ…
နွေ့ ဖေဖေလည်း ဒီလို ဖြစ်အောင် လုပ်ချင်မှာ မဟုတ်ပါဘူး…ကိုယ်လေ…နွေ့ ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်…နွေ ဒီအကြောင်းတွေကို မေ့ပစ်သင့်ပါပြီ နွေရယ်..”
သူ၏ အပြောကြောင့် ကျွန်မ ၀မ်းနည်းပန်းနည်းဖြစ်ပြီး လှိုက်လှိုက်လှဲလှဲ ငိုကြွေးနေမိချေပြီ…။
“နွေ့ ဖေဖေလည်း ဒီလို ဖြစ်အောင် လုပ်ချင်မှာ မဟုတ်ဘူး…”
ဟူသော သူ့ အပြောကို ထပ်တလဲလဲ ပြန်ကြားယောင်ရင်း မျက်ရည်များ အတားအဆီးမဲ့ စီးကျလာလေတော့သည်။ကျွန်မ အဖေ့ကို ဘာကြောင့်များ အပြစ်တင်နေမိပါလိမ့်။တကယ်ဆို အမြဲဆူပူနေတတ်သည့် အမေကြောင့်လည်း အဖေ ထိုသို့ ပြုမူခဲ့ရသည်ပဲလေ။ နှစ်ဦးစလုံး အပြစ်ကိုယ်စီ ရှိကြ၍သာ ထိုကဲ့သို့  ဖြစ်ပျက်ရသည်ပဲ မဟုတ်လား..။မျက်ရည်များကို လက်ခုံဖြင့် ပွတ်သုတ်ကာ သူ့ ကို အားကိုးတကြီး ကြည့်မိရင်း
“ဟုတ်တယ် ကိုမျိုး…နွေလေ အဲဒီအဖြစ်အပျက်ကြောင့် စိတ္တဇ ဖြစ်နေခဲ့ပါပြီ ကိုမျိုးရယ်…”
ဟု တုန်ရီနွမ်းလျနေသည့် အသံနှင့် ပြောလိုက်မိ၏။သူကတော့ ကျွန်မကို နူးညံ့စွာ ပြုံးပြကာ
“ကိုယ် နွေ့ ကို စိတ္တဇရောဂါ ပျောက်ကင်းသွားအောင် ကုသပေးသွားပါ့မယ်…”
ဟူ၍ ချိုသာနူးညံ့သည့် အသံဖြင့် ကျွန်မ လက်ကို သူ ဆုပ်ကိုင်လိုက်မိတော့သည်။
သူ့ လက်ထဲမှတစ်ဆင့် ကျွန်မကို အားအင်တွေ ပေးနေပြီလေ။ဆုပ်ကိုင်ထားသည့် သူ့ လက်ကို ကျွန်မ တစ်ဖန် ပြန်လည်ဆုပ်ကိုင်လိုက်မိတော့ ခွန်အားတွေ တိုးလာသလို ခံစားလာရပါပြီ။ဝေ့၀ဲကျလာသည့် မျက်ရည်စများကို လက်ခုံဖြင့် ပွတ်သုတ်ကာ သူ့ ကို ခေါင်းညိတ်ပြလိုက်မိ၏။ကျွန်မတို့ နှစ်ဦးစလုံး အပြုံးတွေ ဖလှယ်ရင်း ဆုပ်ကိုင်ထားသည့် လက်တွေ ပိုမိုမြဲမြံလာတော့သည်။
@@@
အခုတော့…။
ဒီမိုးသည်းညသည်လည်း ကျွန်မအတွက် ခံစားမှုပေါင်းစုံ ရောစွတ်ထားသော မိုးသည်းည တစ်ည…။
မက်ခဲ့ဖူးသော အိပ်မက်ဆိုးတွေ ကြွေလွင့်သွားရသည့် မိုးသည်းည တစ်ညပါပဲလေ….။
ထော်ဦး(ဘားအံကွန်ပျူတာ)
၂၀၁၄၊ဇန်န၀ါရီလထုတ် Treasure Land မဂ္ဂဇင်း
...........................................................................................................................
စာဖတ်ပရိသတ်များအတွက် အထူးလက်ဆောင်အနေဖြင့် ပုံနှိပ်ဖော်ပြခံရပြီးသော စာမူအသစ်စက်စက် တစ်ပုဒ်ကို အောက်ပါလင့်အတိုင်း သွားရောက် ဖတ်ရှုနိုင်ပါကြောင်း....
http://www.echoingvoicenews.com/?p=4088
၂၀၁၄၊ဇန်န၀ါရီလထုတ် Treasure Land မဂ္ဂဇင်း
...........................................................................................................................
စာဖတ်ပရိသတ်များအတွက် အထူးလက်ဆောင်အနေဖြင့် ပုံနှိပ်ဖော်ပြခံရပြီးသော စာမူအသစ်စက်စက် တစ်ပုဒ်ကို အောက်ပါလင့်အတိုင်း သွားရောက် ဖတ်ရှုနိုင်ပါကြောင်း....
http://www.echoingvoicenews.com/?p=4088
No comments:
Post a Comment