ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, May 2, 2016

လောကကို အကောင်းမြင်စိတ် ထားတတ်ဖို့ အချက်(၂၀)ချက်



   “လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋ္ဋေ” ဆိုတဲ့ စကားအတိုင်း အပူအပင်များနဲ့ ကင်းရှင်းနိုင်ကြတဲ့လူတွေ ဒီကမ္ဘာပေါ်မှာ ရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ကိုယ့်အပူကို ပိုမိုပူလောင်ပြင်းပြလာအောင် ပြုလုပ်တတ်တာကလည်းကိုယ်ကိုယ်တိုင်ပါပဲ။ဒါ့ကြောင့် လောကကို အကောင်းမြင်တတ်မယ့် အတွေးလေးတွေ
ရှိကြမယ်ဆိုရင် အရင်ကထက် အပူတွေ လျှော့ကျနိုင်ကောင်းပါရဲ့လို့ စဉ်းစားမိရင်း လောကကို အကောင်းမြင်စိတ် ထားတတ်ဖို့ အချက်(၂၀)ချက်ကိုမျှဝေပေးလိုက်ပါတယ်။


 ၁။မနက် အိပ်ရာထတိုင်း ပန်းတိုင် တစ်ခုကို သတ်မှတ်ပါ...။

ဥပမာ - ဒီတစ်နေ့ လုံး “ငါ ဒေါသလုံးဝမထွက်ဘူး” ဆိုပြီး ပန်းတိုင်အနေနဲ့သတ်မှတ်တာမျိုးဟာ ကိုယ့်အတွက် ကောင်းကျိုးတွေ ရလာမှာပါ...။ကိုယ့်ဘေးက
လူတွေလည်း ကိုယ့်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့...။

၂။ကိုယ့်အနီးအနားက လူတွေကို ချစ်ခင်ကြင်နာပါ။

လူတစ်ယောက်ကို ချစ်ခင်ဖို့ ဆိုတာ သိပ်မလွယ်လှပေမယ့် သူ့ ရဲ့
 ကောင်းကွက်လေးတစ်ခုတလေကို ချစ်တတ်လာမယ်ဆိုရင် ကိုယ်လည်း
စိတ်ချမ်းသာသွားမှာပါ...။သူ့ ရဲ့ ကောင်းကွက်ကို ကိုယ့်ရဲ့ ဘ၀နေထိုင်မှုမှာ
အသုံးချနိုင်မယ်ဆိုရင်တော့ ကိုယ့်အတွက် အတိုင်းထက် အလွန်ပဲပေါ့...။...

၃။ပြီးခဲ့တဲ့အတိတ်က အမှားတွေကို ပူပန်ကြောင့်ကြနေတာမျိုးတွေ မပြုလုပ်မိပါစေနဲ့ ...။

တကယ်က အတိတ်ဆိုးတွေဟာ ဘာမှ ပြင်ဆင်ခွင့်ရတော့မှာ မဟုတ်တဲ့အတွက်
စိတ်ဓာတ်ကျသွားလောက်အောင် တွေးနေဖို့  မလိုအပ်တော့ပါဘူး။ပစ္စုပ္ပန်
တည့်တည့်ကို ရှုပြီး ကောင်းသထက်ကောင်းအောင် ပြုလုပ်နိုင်ဖို့ က ပိုပြီး
အရေးကြီးပါတယ်လို့  အကြံပြုချင်ပါတယ်။

၎။လောကကို အကောင်းမြင်စိတ် ရှိတဲ့ လူတွေနဲ့ ပေါင်းပါ...။

အမြဲတမ်း ပူလောင်ပြင်းပြနေတဲ့ လူတစ်ဦးနဲ့  ပေါင်းသင်းမိရင် ကိုယ်ပါ ရောပြီး ပူလောင်တတ်ပါတယ်...။ ဒီလိုပါပဲ...အကောင်းမြင်စိတ် ထားတတ်တဲ့ လူတွေနဲ့ 
ပေါင်းသင်းရင် သင်ပါ လောကကို အကောင်းမြင်စိတ် ရှိလာမှာပါ...။ဒါ့အပြင်
သင့်အနီးအနားက လူတွေလည်း သင်နဲ့  နေရတာ စိတ်ချမ်းသာလာပြီး
သင့်ရဲ့လုပ်ငန်းကိုင်ငန်းလည်း အဆင်ပြေ ချောမွေ့ လာမှာ ဧကန်မလွဲ
ပါပဲလေ...။

၅။ရှိတာလေးနဲ့  တင်းတိမ်ရောင့်ရဲနိုင်ပါစေ…။

လောကမှာ လိုချင်လောဘ ရှိနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လိုအင်ဆန္ဒအ၀၀ ပြည့်ဝလာမှာ  မဟုတ်ပါဘူး။ “ရလေ လိုလေ အိုတစ္ဆေ” ဆိုတဲ့အတိုင်း
လိုချင်တပ်မက်စိတ်ကြောင့်  မချင့်မရဲ စိတ်လေးတွေ ၀င်လာပြီး တခြား
လူမှုရေးကိစ္စတွေကိုလည်း ထိခိုက်နိုင်စေပါတယ်။ဒါ့ကြောင့် ရှိတာလေးနဲ့ 
တင်းတိမ်ရောင့်ရဲတတ်ကြမယ်ဆိုရင် အပိုကုန်ကျစရိတ်ကို သက်သာစေနိုင်တဲ့အပြင်
ကိုယ့်အတွက်လည်း အကျိုးတစ်စုံတစ်ရာ ရှိလာနိုင်တဲ့အတွက်
တင်းတိမ်ရောင့်ရဲကြပါလို့ တိုက်တွန်းပါရစေ…။

၆။မကျေနပ်ချက်တွေကို တွေးပြီး အချိန် အကုန်မခံပါနဲ့ …။

လောကမှာ ဘယ်သူကမှ ပြီးပြည့်စုံတာမျိုး မရှိကြပါဘူး…။မကျေနပ်ချက်တွေကို
ဖွင့်အန်နေမိရင်လည်း ကိုယ့်အတွက်ရော သူ့ အတွက်ပါ မျက်နှာပူစရာ ဖြစ်သွားမှာပါ…။ဒါ့ကြောင့် မကျေနပ်ချက်တွေကို တွေးပြီး ခံစားနေမယ့်အစား
ဒါဟာ လူ့ သဘောလူ့ မနောအရ ဖြစ်တတ်တဲ့ သဘာဝပါပဲ လို့ 
နားလည်ထားနိုင်မယ်ဆိုရင် ကိုယ့်အတွက် အဆင်ပြေသွားနိုင်မှာပါ…။

 ၇။ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ…။

 “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” လို့  ဆိုထားကြတဲ့ အတိုင်း လူတစ်ယောက်အတွက်
အလိုအပ်ဆုံးကတော့ ကျန်းမာနေဖို့ ပါပဲ။မကျန်းမမာ ဖြစ်နေတဲ့
လူမမာတစ်ယောက်ဟာ
 လောကကို အကောင်းမြင်နိုင်ဖို့  သူ့ ရဲ့စိတ်နောက်ကို ကိုယ်ခန္ဓာက
လိုက်နိုင်မှာ မဟုတ်ပါဘူး။

၈။လွယ်လွယ်နဲ့  ဇွဲ မလျှော့ပါနဲ့ …။

လောကမှာ ဘာမှ လွယ်လွယ်လေးနဲ့  ရတာမျိုး မရှိပါဘူး။ဒါ့ကြောင့်
ကိုယ်လိုချင်တာကို မရခဲ့ရင်လည်း
 လောကကြီးက ကိုယ့်အတွက် ကောင်းမွေဆိုးမွေး ဟူသမျှကို သင်ယူတတ်ဖို့ ပုစ္ဆာကောင်းတစ်ပုဒ်
ပို့ ချပေးတယ်လို့ ပဲ သဘောထားစေချင်ပါတယ်…။ တစ်ချိန်ချိန်ကျရင်ကိုယ်ရထားတဲ့ ပုစ္ဆာကောင်းတစ်ပုဒ်ကို အသုံးချပြီး ဘ၀လမ်းကို ဆက်လက်
လျှောက်လှမ်းနိုင်မယ်လို့  ယူဆထားသင့်ပါတယ်…။

 ၉။ဟာသဥာဏ် ရွှင်တဲ့ လူတွေနဲ့  ပေါင်းသင်းပါ။

ဟာသဥာဏ်ရွှင်တဲ့ လူနဲ့  စိတ်တိုင်းမကျတာတွေ မြည်တွန်တောက်တီးတတ်တဲ့ လူ သင် ဘယ်လို လူစားမျိုးနားမှာ နေချင်ပါသလဲ။ဒီလူစားနှစ်မျိုးကို
နှိုင်းယှဉ်ကြည့်ကြမယ်ဆိုရင် ကိုယ့်အတွက် ပျော်ရွှင်စရာ ရယ်မောစရာလေးတွေ
မျှဝေပေးတတ်သူ ဟာသဥာဏ်ရှိတဲ့ လူကိုပဲ  ရွေးချယ်ကြမယ်ဆိုတာ
 ဗေဒင်မေးစရာမလိုဘဲ သိရှိနိုင်မှာပါ။

၁၀။သူတစ်ပါးတွေကို ကူညီပေးကမ်းတတ်သူ ဖြစ်ပါစေ…။

နိုင်ငံတကာသုတေသနရဲ့ လေ့လာတွေ့ ရှိချက်အရ သူတစ်ပါးတွေကို အကူအညီတွေ
ပေးကမ်းတတ်တဲ့ လူတစ်ယောက်ဟာ သူတစ်ပါးတွေရဲ့ အကူအညီတွေ ရယူတတ်တဲ့ လူတွေထက် အလုပ်အကိုင်မှာရော လူမှုဆက်ဆံရေးဘ၀တွေမှာပါ အဆင်ပြေ ပျော်ရွှင်တတ်ကြတာကို
တွေ့ ရှိရပါတယ်။ဒါ့ကြောင့် သူတစ်ပါးဆီကနေ အကူအညီ ရယူနေကြမယ့်အစား
သူတစ်ပါးတွေကို အကူအညီပေးနိုင်တဲ့ လူတစ်ယောက် ဖြစ်လာအောင်
 ကြိုးစားသင့်ပါတယ်လို့  ပြောပါရစေ။

၁၁။စာများများ ဖတ်ပါ။

စာဖတ်တဲ့ လူတွေအတွက် စာတွေထဲကနေတစ်ဆင့် တတ်သိနိုင်တဲ့ သုတတွေအပြင်
စိတ်ယဉ်ကျေးမှု မြင့်တက်လာနိုင်စေတဲ့ ရသကိုပါ ရရှိနိုင်ကြမှာပါ…။ဒီဆောင်းပါးကို ဖတ်ရှုကြမယ် ဆိုရင်လည်း တစ်ခုခု တော့
ရရှိနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။

၁၂။အိပ်ရေး ၀၀အိပ်ပါ။

တစ်နေ့ တာပင်ပန်းနွမ်းနယ်ထားသမျှတွေ ကို ပျောက်ကင်းသွားနိုင်အောင်
အနည်းဆုံး ခြောက်နာရီကနေ ရှစ်နာရီအထိ အိပ်စက်ဖို့  လိုအပ်ပါတယ်။

၁၃။တစ်နေ့ ထက်တစ်နေ့ အသက်ရှင်ခွင့်ရတာကို ဂုဏ်ယူနိုင်ပါစေ။

လောကမှာ အသက်ရှင်ခွင့်ရခြင်းဟာ ကောင်းမြတ်လှတဲ့ အကျိုးအမြတ်ပါပဲ။
ကိုယ်လုပ်ချင်တာလေးတွေ ကိုယ်ဖြစ်ချင်တာလေးတွေ လုပ်ပိုင်ခွင့် ရှိနေတဲ့ နေ့ 
ရက်တိုင်းမှာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြမယ်ဆိုရင် ကိုယ့်အတွက်
အသက်ရှင်ခြင်းရဲ့ အကျိုးအမြတ် ပါပဲလေ။

၁၄။ပြုံးပါ ရယ်မောပါ။

 ပြုံးတတ် ရယ်မောတတ်တဲ့ လူအနားမှာ နေခွင့်ရတာဟာ စိတ်ချမ်းသာခြင်း
တစ်ရပ်ပါပဲ။ဒါ့ကြောင့် ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ
 စိတ်ချမ်းသာစေချင်ရင် အမြဲတမ်း ပြုံးနိုင် ရယ်မောနိုင်အောင်
ကြိုးစားကြစေချင်ပါတယ်။

၁၅။အသေးအဖွဲကအစ ကိုယ့်ကို အကူအညီပေးတဲ့ လူကို ကျေးဇူးတင်စကား ဆိုဖို့  မမေ့ပါနဲ့ ။

ကျေးဇူးတင်စကား ဆိုခြင်းဟာ ယဉ်ကျေးသူတို့ ရဲ့ အမှတ်အသား ဖြစ်သလို
လူနေမှုဘ၀မှာလည်း မရှိမဖြစ် အသုံးဝင်တဲ့ စကားတစ်ခွန်းပါ။ကိုယ့်ကို
အကူအညီပေးတဲ့ လူတိုင်းကို ကျေးဇူးစကားဆိုဖို့ 
မမေ့ကြပါနဲ့ ။

၁၆။ပျော်ရွှင်ဝမ်းမြောက်စရာလေးတွေ မျှဝေတတ်ကြပါစေ။

ကိုယ့်ရဲ့ ပျော်ရွှင်စရာ ၀မ်းမြောက်စရာ သတင်းကောင်းလေးတွေကို တစ်ပါးသူတွေ
သိရှိနိုင်အောင် မျှဝေဖို့  မမေ့သင့်ပါဘူး။ကိုယ့်ရဲ့ ပျော်ရွှင်စရာ
သတင်းကောင်းလေးကြောင့် တစ်ပါးသူတွေဆီကိုလည်း
ပျော်ရွှင်မှုတွေဝတ်မှုန်ကူးစက်နိုင်တဲ့အတွက် ပျော်ရွှင်စရာတွေ တွေ့ တိုင်း မျှဝေပေးနိုင်ကြပါစေ။

၁၇။အားနည်းသူကို ဖေးကူပါ။

အားနည်းသူ ဆိုတဲ့ နေရာမှာ အခက်အခဲ အသေးအဖွဲလေးတွေက အစ အခက်အခဲ
 ကြီးကြီးမားတွေ ကြုံတွေ့ နေရတဲ့ သူတွေအဆုံး အကြုံးဝင်ပါတယ်။သူတို့ အတွက် အနည်းအကျဉ်းလေးပဲ ဖြစ်ဖြစ် ကူညီနိုင်ကြမယ်ဆိုရင် ကိုယ့်အတွက်လည်း
ပီတိစားပြီး အားရှိလာနိုင်မှာပါ။

၁၈။ပြဿ     နာတွေ ကြုံလာတဲ့အခါ တွေးပူပြီး ခံစားမနေပါနဲ့ ။

     ပြဿ     နာတိုင်းမှာ ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေ ရှိလာနိုင်တဲ့အတွက်
တွေးပူပြီး ခံစားနေမယ့်အစား ပြဿ     နာတွေကို ခေါင်းအေးအေးထားပြီး
 ရင်ဆိုင်ဖြေရှင်းတတ်ဖို့  ကြိုးစားသင့်ပါတယ်။

၁၉။အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးပါ။

ဘယ်ကိစ္စရပ်မဆို အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးနိုင်ကြမယ် ဆိုရင်
အနည်းအကျဉ်းလောက်တော့ စိတ်ချမ်းသာစရာလေးတွေ ရရှိနိုင်မှာပါ။ခပ်မြင့်မြင့် မျှော်မှန်းထားပြီး တကယ့်လက်တွေ့ မှာ မရရှိတဲ့အခါ ခံစားနေရမယ့်အစား
အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးပြီး စိတ်ဖြေသိမ့်နိုင်ကြမယ်ဆိုရင်
ခံစားဝမ်းနည်းနေစရာ မလိုတော့ပါဘူးပေါ့။

၂၀။အိပ်ရာမ၀င်သေးခင် ကိုယ့်လုပ်ဆောင်နိုင်တဲ့ ပန်းတိုင်တွေကို တွေးပြီး ကိုယ်ကိုယ်ကိုယ် ကျေးဇူးတင်ဖို့  မမေ့ပါနဲ့ ။

ပထမ အချက်မှာ ပြောထားသလို သတ်မှတ်ထားတဲ့ ပန်းတိုင်တွေကို လုပ်ဆောင်နိုင်မယ် ဆိုရင်ကိုယ့်ကိုယ်ကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့  အိပ်ရာမ၀င်သေးခင်
ကိုယ့်ကိုယ်ကို ကျေးဇူးတင်ဖို့ 
မမေ့လိုက်ပါနဲ့ ။

အထက်က ပြောသွားတဲ့ အချက်တွေထဲက အချက် ဘယ်နှချက်လောက်အထိ လုပ်ဆောင်သွားနိုင်မလဲဆိုတာ စာဖတ်ပရိသတ်အပေါ်မှာပဲ မူတည်မှာပါ။ဘယ်လိုပဲ ဖြစ်ဖြစ် လောကကို အလှဆင်နိုင်တဲ့ လူတွေ အထူးလိုအပ်လှတဲ့ အခုလို ကာလမှာ လောကကို အကောင်းမြင်စိတ်ထားတတ်တဲ့ လူတွေဟာလည်း လောကကောင်းကျိုးကို
တစ်ထောက်တစ်နေရာကနေ ပံ့ပိုးနေကြသူတွေ ပါပဲလေ။ စာဖတ်ပရိသတ်များအားလုံးလည်း
လောကကို တစ်ထောက်တစ်နေရာကနေ ပါဝင်ပံ့ပိုးနိုင်ကြပါစေ…။
                   ထော်ဦး(ဘားအံကွန်ပျူတာ)
 ၂၀၁၅ခုနစ်၊ဇန်န၀ါရီလထုတ်
Youth မဂ္ဂဇင်း

No comments:

Post a Comment