ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
Friday, April 8, 2016
အသင့်စား ခေါက်ဆွဲခြောက်ထုပ်အကြောင်း တစေ့တစောင်း
     အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ
ကို လူတိုင်း စားဖူးကြမှာပါ။ဝယ်စားရတာ လွယ်ကူသလို ဈေးနှုန်းပါ ချိုသာတဲ့အတွက်ကြောင့်လည်း လူကြိုက်များလှပါတယ်။အထူးသဖြင့် လကုန်ခါနီး
လက်ထဲ ဘိုင်ပြတ်တဲ့အခါမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကို
ဝယ်စားတတ်ကြပါတယ်။
အသင့်စားခေါက်ဆွဲခြောက်ထုပ်ထဲမှာ ခေါက်ဆွဲခြောက်အပြင်
ဆီနဲ့ ဟင်းခတ်မှုန့်  တစ်ထုပ်စီကို ပန်းကန်တစ်လုံးထဲမှာ ထည့်ပြီး ရေနွေးနဲ့
ထည့်ပြုတ်ကာ ငါးမိနစ်လောက်စောင့်လိုက်ရင် အသင့်စားသုံးလို့  ရနိုင်ပါတယ်။တစ်ထုပ်မှ ပျှမ်းမျှတန်ဖိုး နှစ်ရာကျပ်သာ ၀ယ်ယူရရှိနိုင်တဲ့အတွက်လည်း ဈေးနှုန်းချိုသာတဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ်
သတ်မှတ်လို့ ရပါတယ်။
                               @@@@
    အသင့်စားခေါက်ဆွဲခြောက်ထုပ် စတင်ဖြစ်ပေါ်လာတဲ့ ရင်းမြစ်ကို
ရှာဖွေကြည့်ကြရအောင်ပါ။၁၉၅၈ခုနစ်မှာ တိုင်ဝမ်နိုင်ငံဖွား မိုမိုဖူကူအန်တူ
ဆိုသူက ဂျပန်နိုင်ငံ နစ်ဆင်း(Nissin Foods)စားသောက်ကုန် ကုမ္ပဏီအတွက်
အသင့်စားခေါက်ဆွဲခြောက်ထုပ်ကို စတင်တီထွင်ဖြစ်ခဲ့ပါတယ်။၁၉၅၈ခုနစ်၊သြဂုတ်လ ၂၅ရက်နေ့ မှာ ချီကင်ရာမင်(Chikin Ramen) ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဈေးကွက်သို့ စတင်ဖြန့် ချိခဲ့ပါတယ်။စစရောင်းစဉ်တုန်းကတော့ တစ်ထုပ်ကို ၃၅ယန်း ဖြင့် ၀ယ်ယူရတဲ့အပြင် ခေါက်ဆွဲစိမ်းတွေထက် ခြောက်ဆလောက် ဈေးကြီးနေတဲ့အတွက်
ကြောင့်လည်း လူတိုင်း မ၀ယ်စားနိုင်ကြပါဘူး။နစ်ဆင်းကုမ္ပဏီကပဲ ၁၉၇၁ခုနစ်မှာ
ခေါက်ဆွဲခြောက်ကို ပလတ်စတစ်ဘူးနဲ့  ပုံစံပြောင်းပြီး ထုတ်လုပ်ရောင်းချပါသေးတယ်။အခုဆို ရင် လူတိုင်း ၀ယ်ယူစားသုံးနိုင်လောက်အောင် ဈေးနှုန်းချိုသာလာတဲ့အပြင် ၂၀၁၂ခုနစ်အတွက်
ကမ္ဘာတစ်ဝန်း အသင့်စားခြောက်ဆွဲခြောက်ထုပ် ရောင်းအားလည်း ၁၀၁ဒသမ၄ဘီလီယံအထိ ရှိလာပြီဖြစ်ကြောင်းကိုလည်း ဂျပန်အခြေစိုက် ကမ္ဘာ့ ခေါက်ဆွဲခြောက်ထုပ်အသင်းက သတင်းထုတ်ပြန်ထားပါတယ်။
                           @@@@
     လူတိုင်းမသိသေးတဲ့ အချက်ကတော့ အသင့်ခေါက်ဆွဲခြောက်ထုပ်ကို
ရေရှည်စားသုံးခြင်းဟာ ကျန်းမာရေးအတွက် သိပ်မကောင်းလှပါဘူး။အသင့်စား
ခေါက်ဆွဲခြောက်ထုပ်ထဲမှာ "ပန်ဆိုအဲဖယ်ရင်း"ဆိုတဲ့ ကင်ဆာဖြစ်ပွားနိုင်တဲ့
ဓာတ်တွေ ဟင်းခတ်မှုန့် ထဲမှာ ပါဝင်နေတဲ့အတွက်ကြောင့်ပါ။အာရှတိုက်နိုင်ငံများဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတွေကတော့ ကင်ဆာဖြစ်ပွားနိုင်တဲ့ ခေါက်ဆွဲခြောက်တွေကို ရှာဖွေသိမ်းဆည်းခဲ့ကြပါပြီ။ဒါကြောင့်
အသင့်စားခေါက်ဆွဲခြောက်ထုပ် စားသုံးကြမယ်ဆိုရင် ပါဝင်တဲ့ပစ္စည်းကို
အထူးသတိပြုစေချင်ပါတယ်။တချို့ ခေါက်ဆွဲခြောက်တွေကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ မရေးထားဘဲ သူတို့ နိုင်ငံသုံး ဘာသာစကားတွေကိုပဲ ရေးထားတာဖြစ်တဲ့အတွက် စားသုံးသူတွေအနေနဲ့  အခက်အခဲ ရှိနိုင်ကြမှာပါ။ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စာနဲ့  ရေးသားထားတဲ့ ခေါက်ဆွဲခြောက်ထုပ်ကိုပဲ ၀ယ်ယူကြဖို့  ပြောလိုပါတယ်။
           @@@@@
      အသင့်စားခေါက်ဆွဲခြောက်ထုပ်စားသုံးမှုအများဆုံးနိုင်ငံကို လေ့လာကြည့်ကြရအောင်ပါ။
အများဆုံး စားသုံးတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး သူ့ ရဲ့နောက်မှာ အင်ဒိုနီးရှား၊ဂျပန်၊ကိုရီးယား၊ ဗီယက်နမ်၊ဖိလစ်ပိုင်၊ထိုင်းနိုင်ငံတို့  အသီးသီး
ရပ်တည်နေကြပါတယ်။မြန်မာနိုင်ငံလည်း စားသုံးမှုအများဆုံး
နိုင်ငံများစာရင်းမှာ မပါဝင်ပေမယ့် စူပါမားကတ်တွေမှာ
အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကို ပုံစံမျိုးစုံ ရောင်းချနေကြတာကို
ကြည့်ခြင်းအားဖြင့် စားသုံးမှု ပမာဏကို ခန့် မှန်းနိုင်ကြမှာပါ။တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ် အထုပ် သန်းနှစ်ထောင်ကျော် ရောင်းအားရှိပြီး တစ်ရက်ကို ပျှမ်းမျှအားဖြင့် အထုပ် ရှစ်သန်းခန့် ရောင်းအားရှိတယ်လို့ လည်း သိရှိရပါတယ်။ဘာပဲပြောပြော Fast Food တွေထဲမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေဟာ လူကြိုက်အများဆုံး အသင့်စား ကုန်ပစ္စည်းအဖြစ် ရောက်ရှိလို့ လာပါပြီ။
     အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကို သိုလှောင်ရတာ လွယ်ကူတဲ့အပြင်
ဈေးနှုန်းချိုသာတဲ့အတွက်လည်း ကြိုက်ကြိုက်မကြိုက်ကြိုက် အိမ်တွေမှာ
ထည့်သွင်း သိုလှောင်ထားတတ်ကြတဲ့ ကုန်ပစ္စည်းတစ်မျိုးပါ။ရေကြီးတဲ့
နှစ်တွေမှာဆိုရင်လည်း တချို့ နိုင်ငံတွေက အသင့်စားခေါက်ဆွဲခြောက်များကို
ရေဘေးသင့်ပြည်သူများအတွက် ပေးလှူတတ်ကြပါတယ်။
    ကလေး၊လူငယ်နဲ့  ရုံးဝန်ထမ်းအများစုဟာ အသင့်စား ခေါက်ဆွဲခြောက်ကို
မနက်စာ၊နေ့ လယ်စာ၊ညစာအဖြစ် စားသုံးတတ်ကြပါတယ်။တချို့ က ဒီအတိုင်း
ဖောက်စားတတ်ကြပြီး တချို့ က ကျတော့ ချက်ပြုတ်စားတတ်ကြပါတယ်။တချို့ ကကျတော့လည်း ခေါက်ဆွဲခြောက်ကို ထမင်း အစား စားသုံးတတ်ကြပါတယ်။ဒီလိုမျိုး စားသုံးခြင်းဟာ ပိုမိုပိန်သွားစေတယ်လို့ 
ထင်မှတ်မှားတတ်ကြပါသေးတယ်။တကယ်တော့ ဒီလိုမျိုး ထင်မှတ်ခြင်းဟာ
အယူအဆမှားတစ်ခုသာ ဖြစ်ပါတယ်။ဆေးပညာရှင်များရဲ့ ပြောကြား
ချက်အရ အသင့်စားခေါက်ဆွဲခြောက်ထဲမှာ ဂျုံပါဝင်မှု လွန်ကဲနေတဲ့အတွက်
ပိန်ဖို့ နေနေသာသာ ကိုယ်အလေးချိန် တိုးလာပြီး ၀လာဖို့ ပဲ
ရှိပါတယ်။ဒါ့အပြင် အသင့်စားခေါက်ဆွဲခြောက်ထုပ်ထဲမှာ ဆိုဒီယမ်ပါဝင်မှု
မြင့်မားလှတဲ့အတွက် အသည်းကိုပါ ထိခိုက်စနိုင်ပါတယ်။
    အသင့်စားခေါက်ဆွဲခြောက်ထုပ်ထဲမှာ ပါဝင်တဲ့ ပစ္စည်းပမာဏကို
လေ့လာကြရအောင်ပါ။ဂျုံက ခြောက်ဆယ်ရာခိုင်နှုန်းကနေ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ
ပါဝင်ပြီး အဆီနဲ့ ဟင်းခတ်မှုန့် ကတော့ ဆယ့်ငါးရာခိုင်နှုန်းကနေ
နှစ်ဆယ်ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ဆားနဲ့ အချို မှုန့် ကကျတော့
ငါးရာခိုင်နှုန်းကနေ ခြောက်ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ 
သိရှိရပါတယ်။အသင့်စား ခေါက်ဆွဲခြောက်ထုပ်ကို တစ်နေ့ တည်းမှာ တစ်ထုပ်ထက်
ပိုပြီးစားရင် ဆိုဒီယမ်ဓာတ်ဟာ ခန္ဓာကိုယ်လိုအပ်ချက်ထက် နှစ်ဆ
ပိုများလာနိုင်တဲ့အတွက် အသည်းရဲ့ စွမ်းဆောင်နိုင်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ဒါ့အပြင် သွေးတိုးရောဂါဖြစ်ပွားနှုန်းကိုလည်း ပိုမို
မြင့်တက်လာစေနိုင်ပါတယ်။ဒါ့ကြောင့်  အသင့်စားခေါက်ဆွဲခေါက်ထုပ်ကို အရည်မရ
အဖတ်မရတဲ့ ကုန်ပစ္စည်းအဖြစ်  သတ်မှတ်လာကြပါတယ်။
                    @@@@
    အခုနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်များက ကျန်းမာရေးနဲ့ ညီညွှတ်လာနိုင်အောင် အသင့်စားခေါက်ဆွဲခြောက်ထုပ်ထဲကို ဗီတာမင်အေ၊အိုင်အိုဒင်းနဲ့  သံဓာတ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်လာနိုင်အောင်  ထပ်ဖြည့်ထားပေးပါတယ်။ဒါတွေဟာ အသင့်စားခေါက်ဆွဲခြောက်ထုတ်တွေကို အဆင့်မြင့်တင်လိုက်သလိုပါပဲလို့  လေ့လာသူများက ဆိုထားကြပါတယ်။
ဝယ်စားကြရာမှာ အထက်က ပြောသွားတဲ့ ဗီတာမင်အေ၊အိုင်အိုဒင်းနဲ့  သံဓာတ် သုံးမျိုးစလုံး ပါဝင်မှု ရှိမရှိကို ကြည့်ပြီး ၀ယ်ယူစားသုံးနိုင်ပါတယ်။ပြုတ်စားမယ်ဆိုရင်
အသား၊အရွက်၊ကြက်ဥဘဲဥတွေ ရောထည့်ပြီး ပြုတ်သင့်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်ကို အမြဲတမ်း ကာလအကြာကြီး စားသုံးဖို့  မသင့်တော်ပါဘူး။ခေါက်ဆွဲခြောက်ထုပ်ကို  ဒီအတိုင်း ဖောက်စားရင်
ဗိုက်ပွစေနိုင်ပြီး နေမထိ ထိုင်မသာ ဖြစ်စေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းအနေနဲ့  ပြုတ်စားကြပါလို့  အကြံပြုချင်ပါတယ်။ပြုတ်စားရာမှာလည်း အသား၊အရွက်၊ဥလေးတွေ ထည့်ပေးဖို့  မမေ့ကြပါနဲ့ လို့  စာဖတ်ပရိသတ်များအတွက်  မှာကြားပါရစေခင်ဗျာ။
                                                            ထော်ဦး(ဘားအံကွန်ပျူတာ)
စံတော်ချိန်နေ့စဉ်သတင်းစာ
၂၂ - ၉ - ၂၀၁၅(အင်္ဂါနေ့) ထုတ်
                                                           http://htawoo.blogspot.com
No comments:
Post a Comment